ဟိတ်ဂ် ရောက် တစ်ကိုးကင်း များ

by Hla Soewai - Feb 25 2022

စစ်ကောင်စီ ခန့် ကိုယ်စားလှယ်များက စစ်တပ်၏ နယ်မြေရှင်းလင်းရေး ဟု ဆိုသော စစ်ဆင်ရေး တွင် လူပေါင်း ရှစ်သိန်းနီးပါး တဖက်နိုင်ငံသို့ ထွက်ပြေးသွားရသည် အထိ ဖြစ်ခဲ့ရမှုကို ဆက်လက် ကြားနာစစ်ဆေးခြင်း မပြုရန် ပြဋ္ဌာန်း ထားသော ဥပဒေ၏ ဟာကွက်မှန်သမျှ ကို တူးဖေါ်ကာ ရှေ့နေရှေ့ရပ်များ သုံး၍ ဟိဂ်တွင် လျှောက်လှဲ လျှက် ရှိနေပေသည်။

 

သို့သော် မီးမလာလျှင် ဖယောင်းတိုင် ထွန်းနေပါဆိုသူ တို့၏ ချေပ ချက်များသည် ဖဲစကား ဖြင့် ဆိုလျှင် တစ်ကိုးကင်း ဖြင့် ဟောက်စားနေသည့် အဆင့် ထက် မပိုပေ။

 

အိုင်စီဂျေ တရားသူကြီး Joan Donoghue မှ လက်ရှိ အမှုသည် နိုင်ငံ အချင်းချင်း အကြား စွပ်စွဲထားသော အမှု ဖြစ်၍ အစိုးရ အချင်းချင်း ကြား မဟုတ်သဖြင့် စစ်ကောင်စီအား အစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံနေခြင်း မဟုတ် ဆိုသည့် သဘောမျိုး ပြောဆိုပြီး အိုင်စီဂျေအား ဝိုင်းဝန်းပြစ်တင်နေမှုကို ကာကွယ် ပြောဆိုသွားခဲ့သည်။

 

ထိုအချိန်တွင် ဂျနီဗာ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့် အရေး ကော်မရှင်သို့ တင်သွင်းသော အစီရင်ခံစာ တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ဖြန်ဖြေရေး ပုဂ္ဂိုလ် တွန် အင်ဒရူးက စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ် များကို အသေးစိတ် ဖေါ်ပြထားသော အစီရင်ခံစာ ကို တင်သွင်းလိုက်ပြီ ဖြစ်သည်။

 

အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်နိုင်ရန် လက်နက်များ ရောင်းချပေးနေသော Enabler များ ဖြစ်သည့် တရုတ်၊ ရုရှား နှင့် ဆာဘီးယား နိုင်ငံများကိုလည်း ပြစ်တင်ရှုတ်ချထားပြီး ကုလ လုံခြုံရေး ကောင်စီ အရေးပေါ် အစည်း အဝေး အမြန်ဆုံး ကျင်းပ ကာ တားမြစ်ပေးရန် တောင်းဆိုခဲ့သည်။ (ဆာဘီးယား မှ လက်နက်တင်ပို့ နေသည့် အဆိုကို ငြင်းဆိုသွားခဲ့ပြီး ၂၀၂၁ မတ်လမှ စ၍ ရပ်ဆိုင်းခဲ့သည်ဟု ဆိုသည်)

 

ထိုသို့ ပြုလုပ်ရန် အရေး နိုင်ငံတကာ မှ နှောင့်နှေးနေသရွေ့ မြန်မာပြည်တွင် ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ ပြည်သူများ နေ့စဉ်နှင့် အမျှ သေဆုံးလျှက် ရှိနေကြောင်းလည်း အစီရင်ခံစာတွင် ထောက်ပြသွား ခဲ့သည်။

 

အီးယူ မှ စစ်ကောင်စီ၏ အဓိက နိုင်ငံခြား ဝင်ငွေ ရရာ ရကြောင်း ဖြစ်သည့် ရေနံ နှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းများ အား ပိတ်ဆို့ ဒဏ်ခတ်လိုက်မှုကို လွန်စွာ အရေးပါလှသော ခြေလှမ်း အဖြစ် ကြိုဆိုကြောင်း အမျိုးသား ညီညွတ်‌ရေး အစိုးရ အပါအဝင် ကမ္ဘာတဝှမ်း ရှိ အဖွဲ့အစည်း အသီးသီးက ကြေညာချက်များ ထုတ်ပြန်လာခဲ့ကြသည်။ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်မှ လေယာဉ် လောင်စာဆီ တင်ပို့မှုကိုလည်း ပိတ်ပင်ပေးရန် တောင်းဆိုသွားခဲ့သည်။

 

အီးယူသည် စစ်ကောင်စီမှ နောက်ထပ် လူ ၂၂ ဦးအား ဗီဇာ ပိတ်ပင်ခြင်း နှင့် နာမည်ပျက် စာရင်း တွင် ထပ်မံ ထည့်သွင်းလိုက်၍ ယခုအခါ စုစုပေါင်း ၆၅ ဦး ရှိသွားပြီ ဖြစ်သည်။

 

သို့သော် အကြမ်းဖက် စစ်ကောင်စီ၏ ဝါဒ ဖြန့်ချီ‌ရေးမှူး ဇော်မင်းထွန်းကမူ ထိုသို့ ဒဏ်ခတ်ခြင်းကို လစ်လျူရှု ကြမည့် လူများ ရှိနေ၍ မိမိတို့ အတွက် မဆိုသလောက်သာ ထိခိုက်မှု ရှိလိမ့်မည်ဟု Bloomberg သတင်းဌာနမှ တယ်လီဖုန်းဖြင့် မေးမြန်းသည်ကို ပြန်လည် ဖြေဆိုရာ၌ ကာကွယ် ပြောဆိုသွားခဲ့သည်။

 

ယခင်က မြန်မာအရေး ဖြေရှင်းပေးနိုင်ပြီး နိုဘဲလ်ဆု ရရန် အထိ မျှော်မှန်းခဲ့သော ဟွန်ဆန်ကလည်း သူ၏ ၁၂ လ သက်တမ်း အတွင်း မြန်မာပြဿနာကို မည်သို့မျှ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ဟု ထုတ်ဖေါ်ပြောဆိုလာသည်။ ကုလ အထူးသံတမန် နိုလင်း ဟေဇာ ၏ စစ်တပ်နှင့် အာဏာ ခွဲဝေရန် ပြောဆိုခဲ့မှုကို ထောက်ခံသွားပြီး ထိုအရေးကို ကန့်ကွက်နေသူများသည်သာ ပြည်တွင်း ပဋိပက္ခ ကို ရှည်ကြာအောင် ပြုလုပ်နေသူများဟု စွပ်စွဲ သွားခဲ့သည်။

 

လက်ရှိတွင်တော့ အကြမ်းဖက် စစ်တပ်သည် ပြည်သူများကို နေ့စဉ်နှင့် အမျှ ရန်သူ သဖွယ် ဆက်ဆံနေပြီ ဖြစ်သည်။ ၎င်းတို့ လုပ်ရပ်များကို ပါးစပ်ပိတ် နားပိတ်၊ ခေါ်လျှင်လာ ပေးတာယူကာ ကိုယ်ကိုယို့ ၊ သွားလေးဖြီးပြီး လက်နှစ်ဖက် ရှေ့ချ နေသူများသာ ပြည်သူများ အဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။

 

၎င်းတို့ စိတ်ထဲတွင် ထိုသို့ နေနိုင်သူများ မြင်တွေ့နေပါလျှက် ဆန့်ကျင်နေသူ များသည် သာ အကြမ်းဖက် အားပေး ဟု ယူဆလာကြသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။

 

ထိုသို့သော ပုံစံမျိုး ဖြင့် ကိုယ်ကျင့်တရား ခေါင်းပါးနေသူများကို သခင်ကြီး အလား မျက်စိမှိတ် တသက်လုံး ဆက်ဆံသွားကြရန် ဝန်မလေးသူများလည်း ပေါ်ထွက်လာနေသည်။

 

မိမိတို့ အရေး အတွက် မိမိတို့ ရုန်းကန်မှ ဖြစ်မည် ဆိုသော ခံယူချက်ကြောင့် ယမန်နေ့က “ပြန်လည်စုရုံးကြ” ဆိုသော ဆောင်ပုဒ် ဖြင့် နှစ်ခြောက်လုံး အထိမ်းအမှတ်ကို ဆင်နွှဲခဲ့ကြသည့် သတင်းများအား နိုင်ငံတဝှမ်းရှိ မြို့ကြီးများတွင် ပြုလုပ်ခဲ့ကြသည် ဆိုသော သတင်းကို ဩစတေးလျှ ၏ ABC သတင်းဌာနကြီးမှ ဆောင်းပါးရှည်ကြီး ဖြင့် ဖေါ်ပြ ရေးသားလာခဲ့သည်။

 

အကြမ်းဖက် စစ်တပ်သည် မိမိတို့ မကျေနပ်မှုများ ကို ဆိုရှယ်မီဒီယာ များ ပေါ်တွင် ရေးသားရုံမျှ နှင့်ပင် ဖမ်းဆီးလာ ခဲ့သည်မှာ ဇန်နဝါရီ ၂၇ မှ စ၍ လူပေါင်း ၂၃၃ ဦး ရှိနေကြောင်း စစ်တပ်၏ သတင်းဌာနများက ဖေါ်ပြလာခဲ့သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

ဓါတ်ပုံ - မြန်မာ နောင်း