D-Day နောက်ကွယ်ကသူလျှိုမဟုတ်သောသူလျှိုများ (၁၂၇)

by Hla Soewai - Feb 26 2022

အခန်း (၄၂)

 

BERCHTESGADEN

 

“ခွေးမသားတွေ ငါတို့ နောက်က မလိုက်ဘဲ ရှေ့ကသွားနေမယ် ဆိုရင် စိတ်သက်သာရာ ရဦးမယ်ကွာ” ဟု ဝီလျံ ကနယ်ရစ်သည် မျက်နှာ သုန်သုန်မှုန်မှုန် ဖြင့် ရေရွတ်လိုက်သည်။ သူတို့ လိုက်ပါလာသော ဌာနပိုင် မာစီဒီးကား သည် အဖြူများနှင့် ဖောက်လုပ်ထားသည့် ‌အော်တိုဘန်း လမ်းမကြီး အတိုင်း ဆယ်ခြောက်ရာစုနှစ် ကတည်းက ဖြစ်တည်ခဲ့သော ဘာတစ်ဂါဒင်း ရွာငယ်လေးသို့ ဦးတည် မောင်းနှင်လာစဉ်အတွင်း ထိုသို့ ပြောလိုက်ခြင်း ဖြစ် သည်။ သူ့စကားကြောင့် ဗိုဂဲလ်သည် နောက်သို့ လှည့်ကြည့်လိုက်သည်။ သူတို့၏ နောက်က လိုက်လာသော ကားထဲတွင် ဟင်းဒရစ်ချ် ဟင်းမလား နှင့် ဘရီးဂိတ်ဖူဟား ဝေါ်လ်တာ ရှလင်းဘတ် တို့ ပါလာသည်ကို တွေ့ လိုက်ရသည်။

 

ဗိုဂဲလ်က ပြန်လှည့်ပြီး တဖက်ရှိ ပြတင်းပေါက်မှ အပြင်သို့ ကြည့်လိုက်ပြန်သည်။ နှင်းများမှာ ညင်ညင်သာသာ တဖွဲဖွဲ ကျနေသဖြင့် ရွာလေးသည် ပို့စကတ်ထဲက အတိုင်း ဖြစ်နေသည်။ ထိုသို့သော အလှအပများကို ဓါတ်ပုံ ရိုက်၍ ဈေးပေါပေါ နှင့် ပို့စကတ်လုပ်ရောင်းနေသည်ကိုပင် သူ့စိတ်ထဲတွင် မကျေမချမ်း ဖြစ်သွားခဲ့သည်။ ထိုမျှ မကသေး ပို့စကပ်တွင် “ဖူဟား၏ အိမ်ကလေးရှိရာ ဘာတစ်ဂါဒင်း ဟုပင် ရေးထိုးထားသေးသည်။

 

ဗိုဂဲလ်သည် ယခုလို အရေးတကြီး ဖြစ်လာနေချိန်တွင် သူ့ရုံးရှိရာ တာပစ် အူဖာ တွင် မရှိဘဲ အခုလို ဝေးလံ လှသည့် အရပ်သို့ လိုက်လာရသည်ကို စိတ်ထဲက အတော် ဘဝင်မကျ ဖြစ်နေခဲ့သည်။ ဖူဟားကိုလည်း သူတို့လို ဘာလင်တွင် အဘယ်ကြောင့် မနေနိုင် ဖြစ်နေရလဲဟုပင် စိတ်ထဲက မေးခွန်းထုတ်နေမိပြန်သည်။

 

ဗိုဂဲလ်သည် လာခဲ့ရပြီးမှ တော့ တခုခု အကျိုးရှိအောင် လုပ်မှ ဖြစ်မည်ဟုလည်း စိတ်ပိုင်းဖြတ်လိုက်သည်။ ဇနီးဖြစ်သူ ဂါးထရုဒ်၊ သမီးများ နှင့်အတူ ညစာ အတူစားရန် စိတ်ကူးထားသည်။ သူ၏မိသားစုသည် ယခုအခါ ဂါးထရုဒ်၏ မိခင် ဖြစ်သူ အိမ်ရှိရာ ရွာလေးသည် ဘာတစ်ဂါဒင်း နှင့် နှစ်နာရီခန့် ကားမောင်းသွားလျှင် ရောက်နိုင် သောနေရာတွင် နေထိုင်လျှက် ရှိသည်။ ထိုကဲ့သို့သော နေရာမျိုးတွင် ဘယ်လောက်ကြာကြာ နေရ ဦးမည်လဲ ဆိုသည်က ဘုရားသခင်သာ သိနိုင်ပေတော့မည်။ သူ့အဖို့ ခရစ်စမတ်တွင် တရက်၊ ထို့မတိုင်မီ အောက်တိုဘာလ တွင် နှစ်ရက်ခန့်သာ မိသားစုနှင့် အတူ နေခဲ့ရသည်။

 

ဂါးထရုဒ်က ဝက်သားပေါင်း၊ အာလူး၊ ဂေါ်ဖီ နှင့် ညစာအတွက် ဟင်းများ ချက်ပြုတ်ထားမည်ဟု ကတိပေး ထားသည့်အပြင် အသံတိုးတိုး နှင့် ကလေးများနှင့် မိဘများ အိပ်ယာဝင်သွားလျှင် မီးလင်းဖို ဘေး တွင် ဗိုဂဲလ် စိတ်ကြိုက် ပုံစံ ဖြင့် နေပြမည်ဟု ပင် ပြောနေသည်။ ထရုဒ်သည် ထိုသို့ ခိုးကြောင်ခိုးဝှက် ချစ်တမ်းကစားရ သည်ကို နှစ်သက်တတ်သူ ဖြစ်သည်။ တယောက်ယောက် မြင်သွားနိုင်သည့် နေရာမျိုးတွင်မှ သူမ၏ စိတ်ခံစားမှု သည် မြင့်တက်လာလေ့ရှိသည်။ လွန်ခဲ့သည့် နှစ်နှစ်ဆယ် လိုက်ပဇစ် တွင် ဗိုဂဲလ် ကျောင်းသား ဘဝ ကတည်းက ထရုဒ်သည် ယခုလိုပင် လုပ်တတ်လေ့ရှိသူ ဖြစ်သည်။

 

ဗိုဂဲလ်အတွက်ကတော့ လိင်ပိုင်းဆိုင်ရာ တွင် ထိုကဲ့သို့သော စိတ်ခံစားမှုမျိုး ကွယ်ပျောက်နေသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ သူမအား အင်္ဂလန်သို့ လွှတ်ခဲ့ခြင်း အတွက် ဒဏ်ခတ်သည့် အနေဖြင့် ထိုသို့ ဖြစ်ကျန်ရစ်အောင် တမင်တကာ ဖန်တီးပေးခဲ့ခြင်း ဖြစ်မည်ထင်သည်။ “ကျမ ဘယ်လို လုပ်သွားလဲ ကြည့်၊ ဒါမှ ရှင့် မိန်းမနဲ့ အတူနေရရင် မှတ်မိနေအောင်လို့” ဟုပင် ပြောခဲ့သေးသည်။

 

“ဘုရားရေ အခုလို အချိန်မျိုးမှာ ငါဘာတွေ တွေးနေမိပါလိမ့်” ဟု စိတ်ထဲက အလန့်တကြား ရေရွတ်လိုက် မိပြန်သည်။ စိတ်ထဲတွင် မည်သို့ ဖြစ်နေသည်ကို ဂါးထရုဒ်နှင့် တွေ့သည့် အခါတိုင်း မရိပ်မိအောင် ဖုံးကွယ် ထားနိုင်ခဲ့စမြဲပင်။ အလားတူ သူ၏ လုပ်ငန်း ကိစ္စများကိုလည်း အမှန်အတိုင်း အသိမပေးခဲ့။ သူသည် လိမ်ညာဖို့ ဝသီ ပါမလာသော်လည်း လိမ်ညာဖို့ ဖြစ်လာတိုင်း ပိပိရိရိ လိမ်နိုင်ခဲ့သည်ချည်းပင် ဖြစ်သည်။

 

ယခုထိလည်း ဂါးထရုဒ်သည် သူ့အား ကနယ်ရစ် ၏ အနီးကပ် ဥပဒေရေးရာ အကြံပေးဟု မှတ်ယူနေဆဲ ဖြစ် သည်။ သူသည် လက်ရှိတွင် အပ်ဗဲယား၏ ဗြိတိန်ရှိ ဂျာမန် သူလျှို ကွန်ယက်ကြီး တခုလုံးကို ထိန်းချုပ်နေရသူ ဖြစ်သည်ကို လုံးဝ ရိပ်စားမိခြင်း မရှိပေ။ ယခုလည်း ဘယ်အတွက် ရောက်လာရသည်ကို အရင်လိုပင် လိမ်ညာ ပြောရပေဦးမည်။ ကနယ်ရစ် အတွက် လုပ်ပေးစရာ တခုခု ရှိ၍ ဘာဗေးရီယားဖက်သို့ ရောက်လာခြင်းဟုသာ ယုံကြည်ထားခဲ့သည်။ ပြင်သစ်ကို ဝင်ရောက် တိုက်ခိုက်မည့် ဖြစ်နိုင်ခြေရှိသော မဟာမိတ်တို့၏ စစ်ရေး စီမံချက် များအား ကီစတိုင်း တောင်ပေါ်တွင် ရောက်နေသော ဟစ်တလာ ကို ရှင်းပြရန် ရောက်လာရသည် ဆိုသည် ကိုတော့ သိထားခဲ့ခြင်း မရှိပေ။

 

ထိုသို့ အမှန်အတိုင်း သိသွားမည်ဆိုလျှင် သူ့အား ဂါးထရုဒ်က ထားသွားမည့် အဖြစ်ကို တွေး၍ ဗိုဂဲလ်သည် စိုးရိမ်နေမိ၍လည်း ဖြစ်သည်။ သူမအား ကာလကြာမြင့်စွာ ကတည်းက အကြိမ်ပေါင်း မရေတွက်နိုင် လောက်အောင် လိမ်ညာခဲ့ရပြီး ဖြစ်သည်။ ယခုမှ အမှန်အတိုင်း သိသွားမည် ဆိုလျှင် သူ့အပေါ်တွင် မည်သို့မျှ အယုံအကြည်ရှိတော့မည်မဟုတ်ပေ။ ဟစ်တလာ အတွက် စပိုင် မာစတာ ကြီး တဦးအဖြစ် လုပ်ကိုင် ပေးနေသည်ဟု ပြောလိုက်က အပုံကြီး ဆိုးသွားနိုင်ပေသည်။ သူနှင့် အင်နာ တို့ ဖြစ်ပျက်ခဲ့သည်များကို ဝန်ခံ လိုက်သည်ကမှ တော်ပေဦးမည်။

 

သူ့ဘေးတွင် ထိုင်နေသည့် ကနယ်ရစ်ကတော့ ခွေးများကို ဘီစကစ်များ ခွံ့ကျွေးနေသည်။ ဗိုဂဲလ်က သူ့ဖက် ကိုတချက် စောင်းငဲ့ကြည့်လိုက်ပြီး မျက်နှာကို တဖက်သို့ လွှဲလိုက်ပြန်သည်။ ထိုပုဂ္ဂိုလ်ကြီးသည် သူ့ကို ဥပဒေ လောကမှ ဆွဲထုတ်ကာ  အပ်ဗဲယား အတွက် ထိတ်တန်း စပိုင်ကြီး တယောက် ဖြစ်အောင် မြေတောင် မြှောက် ပေးခဲ့သူသည် သစ္စာဖေါက် တယောက် ဖြစ်နိုင်ပါ၏လော။

 

သေချာသည်က ကနယ်ရစ်သည် သူ၏ နာဇီများ အပေါ် ရွံ့မုန်းနေသည့် စိတ်ကို မည်သည့် အခါမျှ ဖုံးကွယ်ဖို့ ကြိုးစားခဲ့သူ မဟုတ် ဆိုခြင်းပင်၊ နာဇီ ပါတီသို့ ဝင်ရောက်ရန် ငြင်းပယ်ခဲ့ပြီး ဟစ်တလာ အကြောင်း ပြောသည့် အခါတိုင်းလည်း အမြဲလို ထေ့လုံး ငေါ့လုံးများ နှင့် ပြောလေ့ရှိသည်။ ထိုသို့ ရွံ့မုန်းလာရင်းကပဲ သစ္စာဖေါက် အဖြစ် ပြောင်းလဲသွားခဲ့တာများလား၊ အကယ်၍ ကနယ်ရစ်သာ သစ္စာဖေါက် ဆိုက ဗြိတိန်ရှိ အပ်ဗဲယား ကွန်ယက်ကြီး တခုလုံး အပျက်ပျက် နှင့် နှာခေါင်းသွေး ထွက်ရပေတော့မည်။ သူသာ သစ္စာဖေါက်ဆိုလျှင် အဘယ်ကြောင့် အင်္ဂလန်ရှိ အပ်ဗဲယား ကွန်ယက်ကြီး တခုလုံး ယခုထိ ဆက်၍ လည်ပတ် နေနိုင်ရသနည်း။ တွေးကြည့်တိုင်း သူ့အတွက် အဓိပ္ပါယ် မဲ့နေရသည် ချည်းပင်။ ကနယ်ရစ်သည် ကွန်ယက်များ အားလုံးကို ထုတ်ပြောလိုက်မည်ဆိုလျှင် နေ့မကူးခင်ပင် အားလုံး သိမ်းကျုံး ဖမ်းဆီးခံရနိုင်သည် မဟုတ်ပါလား။ ကနယ်ရစ် စေလွှတ်ထားသော ဂျာမန် အေးဂျင့် အများစု သည် ယခုတိုင် လှုပ်ရှားနေနိုင်ဆဲ ဆိုသည့် အချက်တခုတည်း နှင့်ပင် ကနယ်ရစ်သည် သစ္စာဖေါက်တယောက် မဟုတ်ဆိုသည်ကို သက်သေပြနိုင်သည်။

 

သို့သော် ဗိုဂဲလ် တာဝန်ယူထားသည့် ကွန်ယက်ကတော့ ကနယ်ရစ် သစ္စာဖေါက်ခဲ့လျှင်ပင် မည်သို့မျှ အန္တရာယ် ကျရောက်နိုင်စရာ မရှိ၊ သူနှင့် ကနယ်ရစ်တို့ သဘောတူညီထားခဲ့အရ ဗိုဂဲလ်၏ V ကွန်ယက်နှင့် ပတ်သက်၍ မဆိုသလောက်သာ သိထား၍ ဖြစ်သည်။ ဗိုဂဲလ် ၏ အေးဂျင့်များသည် ဗြိတိန်ရှိ အခြား အေးဂျင့်များ နှင့် လွတ်လွတ်ကင်းကင်း လှုပ်ရှားနေသူများ ဖြစ်သည်။ ကိုယ်ပိုင် ရေဒီယို ထုတ်လွှင်ရန် ကိုယ်ပိုင် သင်္ကေတများ၊ သီးသန့် သတ်မှတ်ပေးထားသည့် အချိန်းအချက် ပြုလုပ်သည့် နေရာများ၊ ငွေကြေး ထောက်ပံ့နိုင်ရန် အတွက် လည်း သီးသန့် လမ်းကြောင်းများ ဖန်တီးပေးထားပြီး ဖြစ်သည်။ အင်္ဂလိပ် ကွန်ယက်များကို ထိန်းချုပ်နေသည့် စင်တာ ရှိရာ ဟမ်းဘတ်နှင့်လည်း ဗိုဂဲလ်သည် ကင်းကင်းရှင်းရှင်း နေနိုင်အောင် ဖန်တီးထားခဲ့ပြီး ဖြစ်သည်။

 

၁၉၄၀ အတွင်း ဖြစ်ပျက်ခဲ့သည်များကို အမှတ်ရနေဆဲ ဖြစ်၍လည်း ထိုကဲ့သို့ ဂရုတစိုက် စီမံထားခဲ့ ခြင်းဖြစ် သည်။ ထိုအချိန်က ဟစ်တလာသည် အင်္ဂလန်အား တိုက်ခိုက်ရန် ဆုံးဖြတ်လာသည့် အခါတွင် ကနယ်ရစ် နှင့် သူ၏လူများသည် ဘာကိုမျှ ဂရုမစိုက်နိုင်တော့၊ သူတို့ လွှတ်ထားပြီး ဖြစ်သည့် ‌အေးဂျင့်များကို ဂမူးရှူးထိုး ဆက်သွယ်လာသည်။ လိုက်နာရမည့် လုံခြုံရေးစည်းများကိုလည်း ချိုးဖောက်ပြစ်ခဲ့ကြသည်။ လွှတ်ထားသည့် အေးဂျင့်များကလည်း ပြည့်ပြည့်ဝဝ လေ့ကျင့်ပေးထားခြင်း မရှိသည့်အပြင် ငွေကြေးလည်း အလုံအလောက် ထောက်ပံပေးခြင်းလည်း မရှိခဲ့။ အချို့ဆိုလျှင် မဖြစ်စလောက်သောငွေ ပေါင် နှစ်ရာ ခန့်သာ ရခဲ့ကြသည်။ ဤသည်ကလည်း အပ်ဗဲယား နှင့် စစ်ဦးစီးချုပ် ရုံးက ဗြိတိန်ကို ပြင်သစ်နှင့် ပိုလန်လို အလွယ်တကူ သိမ်းပိုက်နိုင်ကြလိမ့်မည်ဟု ယုံကြည်ထားသောကြောင့်ဖြစ်သည်။

 

အေးဂျင့်များဖက်ကလည်း ကားလ် ဘက်ကာ လို ငွေကြေး နှင့် စွန့်စားလိုစိတ်များ ဖြင့် စပိုင်ဖြစ်လာသူများ ဖြစ်သဖြင့် လောဘကြီးပြီး လိင်ပိုင်းဆိုင်ရာ ဖေါက်ပြန်နေကြသူက များသည်။ ဘက်ကာ လို လူမျိုးက ယခုထိ အဖမ်းဆီး မခံရသေးသည့် အဖြစ်ကိုလည်း ဗိုဂဲလ်သည် အံ့ဩမဆုံးအောင် ဖြစ်နေသည်။ ဗိုဂဲလ်သည် စွန့်စား လိုစိတ် ရှိသူများကို မနှစ်သက်၊ စပိုင် အဖြစ် ရန်သူ့ နယ်မြေ ထဲသို့ ထိုးဖေါက် ဝင်ရောက်မည် ဆိုလာသူများကို နဲနဲလေးမျှ အယုံအကြည်မရှိ၊ ရူးသွပ်နေသူများသာ လုပ်ချင်မည့် အလုပ်မျိုး ဖြစ်သည်။ ထိုသို့သော အရူးများက အေးဂျင့်ကောင်း မည်သို့မျှ ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။

 

စပိုင်ကောင်း တယောက် ဖြစ်ရန် ပင်ကိုယ် အရည်အချင်း နှင့် ဉာဏ်ပညာ ထက်မြက်သူများကိုသာ အလိုရှိသည်။ ကျန်သောအရည်အချင်းများ ဖြစ်သည့် လုပ်နည်းလုပ်ဟန်များ၊ စိတ်ပါလာအောင် ဆွဲဆောင်ရသည်များက သူ့ဖက်က ဖန်တီးပေး၍ ရသည်။

 

ကီးစတိုင်း တောင်တက်လမ်းသို့ ရောက်လာသည်နှင့် အအေးဓါတ်က သိပ်သည်းသည်ထက် သိပ်သည်းလာ နေသည်။ ကား၏ အင်ဂျင်ကလည်း မနည်း ရုန်းကန်တက်နေရသည်။ တာယာများလည်း ရေခဲပြင်တမျှ ဖြစ်နေသော လမ်းပေါ်တွင် ချော်လာနေ၍ မနည်း ထိမ်းမောင်းနေရသည်။

 

သိတ်မကြာလိုက်ခင်မှာပင် ကြီးမားလှသော ကြေးတံခါးမကြီး ရှေ့တွင် ကားက ထိုးရပ်သွားသည်။ ထုံးစံအတိုင်း SS အဖွဲ့ဝင်များက စစ်ဆေးလိုက်ကြသည်။ ထို့နောက်တွင် ခလုတ်တခု ကို နှိပ်လိုက်ရာ တံခါးမကြီးက ပွင့်လာ သည်။ ထို့နောက် တောကြောတလျှောက် ဖေါက်ထားသော မြေအောက် ဥမင်လမ်း အတိုင်း မောင်းဝင်လာ ခဲ့သည်။ ဥမင် နံရံများ တလျှောက်တွင် မီးအိမ်များကို လက်ရာမြောက်သည့် ကြေးရုပ်ထုများထဲ ထည့်ကာ ထွန်းညှိထားသည်။

 

ဟစ်တလာ၏ နာမည်ကျော် ဓါတ်လှေကားက သူတို့အား အသင့် စောင့်ဆိုင်းနေသည်။ အထဲတွင် ဟိုတယ် အခန်း တခန်းလို အကျအန ပြင်ဆင်ထားသည်။ ထူထဲလှသော တန်ဖိုးကြီး ကော်ဇောများ ခင်းထားပြီး လူတယောက် ထိုင်လိုက်လျှင် မြုပ်ဝင်သွားနိုင်သည့် ဆိုဖာကြီးများ ချထားသည်။ စားပွဲပေါ်တွင်လည်း တယ်လီဖုန်းများ အစီအရီ ချထားပြန်သည်။

 

ဗိုဂဲလ်နှင့် ကနယ်ရစ်တို့ ဓါတ်လှေကားထဲ ရောက်လျှင် ရောက်ခြင်း ကနယ်ရစ်သည် ဆိုဖာတွင် ဝင်ထိုင်လိုက်ပြီး စီးကရက် တလိပ်ထုတ်ကာ မီးညှိဖွာရှိုက်လိုက်သည်။ သို့မှသာ နောက်ကလိုက်လာသည့် ဟင်းမလား နှင့် ရှလင်းဘတ်တို့ ရောက်လာသည့်အခါ စီးကရက်မီးခိုးများ နှင့် မွှန်ထူနေအောင် ဖြစ်သည်။ သူတို့ လေးဦးစလုံး ဆိုဖာပေါ်တွင် အသီးသီး ဝင်ထိုင်လိုက်ကြရင်း တယောက်မျက်နှာ တယောက် စိုက်ကြည့်နေကြသည်။ ထို့နောက် ဓါတ်လှေကားသည် ဘာတစ်ဂါဒင်း အထက် ပေ ခြောက်ထောင်ခန့် အမြင့်တွင်ရှိ ဟစ်တလာရှိရာ အိုဘာဆဲလ်ဘတ်ခ် သို့ ခေါ်ဆောင်လာခဲ့သည်။

 

ဟင်မလားသည် စီးကရက် မီးခိုး ငွေ့များကြောင့် စိတ်အနှောက်အယှက် ဖြစ်လာဟန် ရှိပြီး သူ၏ လက်အိတ် စွပ်ထားသော လက်ဖြင့် ပါးစပ်ကို ပိတ်ကာ ချောင်း မသိမသာ ဆိုးနေသည်။

 

အမြင့်သို့ ရောက်လေ ဗိုဂဲလ်၏ နားများက အူလိုက်လာနေသည်။ သူနှင့် အတူ ဓါတ်လှေကားထဲရှိ လူ သုံးဦးကို အကဲခတ်ကြည့်လိုက်မိပြန်သည်။ သူတို့ သုံးဦးစလုံးသည် တတိယ ဂျာမန် ရိုက်ချ် နိုင်ငံတော်ကြီး၏ အာဏာ အရှိဆုံးများ ဖြစ်သည်။ တဦးက ကြက်မွေးမြူရေးသမား၊ တဦးက လိင်ပိုင်းဆိုင်ရာ ဖေါက်ပြန်သူ၊ ကျန်တဦးက သစ္စာဖေါက် ဟု ထင်ကြေးပေးခံရသူ ဖြစ်နေသည်။ ထိုလူသုံးဦး၏ လက်တွင် ဂျာမဏီ၏ အနာဂတ် သည် တည်မှီနေရပြီ ဖြစ်သည်။

 

ထိုသို့ တွေးမိလိုက်ရင်း က ဗိုဂဲလ် ၏ စိတ်တွင် ဘုရားသခင် စောင်မတော်မူပါဟု အလိုလို ရေရွတ်မိလျှက်သား ဖြစ်သွားခဲ့ရပေသည်။

 

                                                **************************