D-Day နောက်ကွယ်ကသူလျှိုမဟုတ်သောသူလျှိုများ (၁၂၈)

by Hla Soewai - Mar 01 2022

နော်ဒစ် မျိုးနွယ်စုဖွား ဖြစ်ဟန်တူသော SS လူထွားကြီး တဦးက သူတို့အား အတွင်းခန်းသို့ ဝင်ရန် ညွန်ပြသည်၊ သူသည် ဟစ်တလာ၏ သက်တော်စောင့် SS လက်ရွေးစင် အဖွဲ့၏ အကြီးအကဲလည်း ဖြစ်သည်။ ဗိုဂဲလ်သည် သူ၏ ပင်ကိုယ် သဘောသဘာဝ အရ ပတ်ဝန်းကျင် ရှုခင်းများကို အလေးဂရုမပြု မခံစားတတ်သူ ဖြစ်သော်လည်း ယခု တွေ့လိုက်ရသော မြင်ကွင်းကြောင့် ရင်သတ်ရှုမော ဖြစ်သွားခဲ့ရသည်။



သူရောက်ရှိနေရာ၏ အောက်ခြေတွင် မိုးဆတ် မွေးဖွားရာ အရပ် ဖြစ်သည့် ဆားဘတ်ခ် တောင်တန်းကြီးနှင့် အတူ အချွန်အတက်များအလား ထိုးထွက်နေသော တောင်ထိပ်တောင်ဖျား များကို တမျှော်တခေါ်ကြီး လှမ်းတွေ့နေရသည်။ ဆာဘတ်ခ် နှင့် မလှမ်းမကမ်းတွင် သမိုင်းဝင် အန်တာဘတ်ခ် တောင်တန်းကြီး ရှိနေပြန်သည်။ အင်ပါယာ ပြည့်ရှင် ဖရက်ဒရစ် ဘာဘာရိုဆာသည် အစိတ်စိတ် အမွှာမွှာ ကွဲပြားနေသော နယ်များကို ‌တပေါင်းတစည်းတည်း ထိုနေရာကို အခြေပြုကာ ပြန်လည် စုရုံးပြီး ဂျာမဏီ ၏ ဂုဏ်ရောင် ပြန်လည် ထွန်းပြောင်စေခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။



သူတို့ ဝင်လာခဲ့သော အခန်းသည် ပေ ငါးဆယ် နှင့် ခြောက်ဆယ် ကျယ်ဝန်းသည်။ မီးလင်းဖို ဘေးရှိ ထိုင်ရမည့် နေရာ ရောက်လာသည့် အခါတွင်တော့ ပင်လယ်ရေမျက်နှာပြင် အထက် လွန်စွာ မြင့်မားသော နေရာဖြစ်၍ ဗိုဂဲလ် ၏ ခေါင်းသည် ရီဝေဝေ ဖြစ်လာနေသည်။


သူသည် ဆိုဖာ ထိုင်ခုံရှည်ကြီး တဖက်တွင် ထိုင်ရင်းက ရှေ့တူရှုရှိ နံရံများကို အကဲခတ်နေမိသည်။ နံရံများ အား ကြီးမားသော ဆီဆေး ပန်းချီကားကြီးများ နှင့် ရောင်စုံချည်များဖြင့် ပုံဖေါ်ထားသည့် ပန်းချီကား များဖြင့် ဖုံးလွှမ်းထားသည်။ ဖူဟား၏ စုဆောင်းနိုင်မှုကိုလည်း မချီးကြူးပဲ မနေနိုင်အောင်ပင်၊ တီရှင် ရေးဆွဲခဲ့သည့် အဝတ်ဗလာ အမျိုးသမီးတဦး၏ ပန်းချီကား၊ စပစ်ဝက်ဇ် ၏ ရှုခင်းပုံ ပန်းချီကား၊ ပန်နီနီ ၏ ရောမ ကျဆုံးခန်း ပန်းချီကားများ တွေ့ရသည်။ ဝဂ္ဂနာ၏ ကိုယ်တပိုင်းပြတ် ရုပ်ထုကြီးနှင့် ကြေးသွန်း လင်းယုန်ငှက်ကြီးအား သရဖူ သဖွယ် ဆောင်းပေးထားသည့် ဧရာမ နာရီကြီးလည်း ရှိသည်။


ဟစ်တလာ၏ စားဖိုမှုးက ဧည့်သည်များ အား ကော်ဖီနှင့် တည့်ခင်း ဧည့်ခံခဲ့သည်၊ တအောင့်ခန့် အကြာတွင် ဗြုန်းကနဲ တံခါးပွင့်လာပြီး အဒေါ့ဖ် ဟစ်တလာသည် အခန်းထဲသို့ ဝင်လာသည်။ မတ်တပ်ထ အရိုအသေး ပေးသူများထဲတွင် ထုံးစံအတိုင်း ကနယ်ရစ်သည် နောက်ဆုံးမှ ဖြစ်သည်။ ဖူဟားက သူတို့အား ပြန်ထိုင်ရန် လက်ဟန်ခြေဟန် ပြလိုက်ပြီး သူကတော့ မထိုင်ပဲ ရပ်မြဲ ရပ်နေသည်၊ သို့မှသာ သူ့အဖို့ လမ်းလျှောက်စကား ပြောနိုင်မည်လည်း ဖြစ်သည်။


ဟစ်တလာက အချီးနိဒန်း ပျိုးမနေပဲ "ကက်ပတိန် ဗိုဂဲလ်၊ မောင်ရင်ရဲ့ လန်ဒန် အေးဂျင့်က နောက်တကြိမ် အောင်ပွဲခံနိုင်လိုက်ပြီလို့ သိထားတယ်"


"ကျွန်တော်တိူ့လည်း အဲ့လိုပဲ ယုံကြည်ထားပါတယ် ဖူဟား"



"ကဲ...အဲ့တာဆိုလည်း ကွယ်ဝှက်မနေပဲ ပြောစမ်းပါဦး"



ဗိုဂဲလ် က အားလုံးကို မျက်စိဒေါက်ထောက် ကြည့်နေသော SS ကိုယ်ရံတော်တဦး ရှေ့တွင်ပင် သူ၏ ဘရိဖ်ကေ့စ် ကို အသာအယာ ဖွင့်လိုက်သည်။ "ကျွန်တော်တို့ အေးဂျင့်က နောက်ထပ် အင်မတန်မှ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ခိုးယူနိုင်လိုက်ပါတယ်၊ ဒီစာရွက်စာတမ်းတွေ ကြောင့် သူတို့ရဲ့ ပိုးစာပင် စီမံချက် နဲ့ ပတ်သက်ပြီး နောက်ထပ် သဲလွန်စတွေ ရလာခဲ့ပါတယ်၊ ဒီအတွက် လည်း ပိုးစာပင် ဟာ တိုက်ဖို့ ရှိနေတဲ့ မဟာမိတ် တွေရဲ့ စစ်ရေး စီမံချက် မှာ ဘယ်လို ကဏ္ဍ ကနေ ပါဝင်နေလဲဆိုတာ ကျွန်တော်တို့ အခုဆို တပ်အပ်မတ်ချ‌ ပြောနိုင်လာပါပြီ"



ဟစ်တလာက ခေါင်းတငြိမ့်ငြိမ့် နဲ့ ရှိနေရင်းက "ဆက်ပြောပါဦး ကက်ပတိန် ဗိုဂဲလ်"



"အခု ထပ်ရလာတဲ့ စာရွက်စာတမ်းတွေ အရ ပိုးစာပင် စီမံချက်ဟာ လေယာဉ်ပစ် အမြှောက်တွေ အတွက် အဆောက်အအုံတွေ ဆောက်ဖို့ ဖြစ်ပါတယ်၊ ဒါတွေ အားလုံးကို ရန်သူက သူတို့ ကျူးကျော်တိုက်ခိုက်စဉ် အရေးပါတဲ့ ပထမ နာရီပိုင်း အတွင်း ဂျာမန် လေတပ်ရန်က အကာအကွယ် ပေးနိုင်အောင် ပြင်သစ် ကမ်းရိုးတန်း တလျှောက် ချထားနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်၊ ရန်သူဆီက ရတာတွေကို ကြည့်ပြီး ကျွန်တော်တို့ ဖက်က ပညာရှင်တွေ က ပုံကြမ်း ဆွဲထုတ်ထားတာတွေပါ" ဟု ပြောရင်း ဗိုဂဲလ်က ပုံများကို စားပွဲပေါ် ဖြန့်ခင်းချပြလိုက်သည်၊ ဟင်းမလား နှင့် ရှလင်းဘတ်ခ် တို့က စိတ်ဝင်တစား ကြည့်လာကြသည်။




ဟစ်တလာ က ပြတင်းပေါက် ရှိရာ လျှောက်သွားပြီး တောင်တန်းများ ရှိရာဖက် ငေးကြည့်နေသည်။ ထိုသို့ အမြင့်မှ အပြင်သို့ ကြည့်လျှင် အကြံကောင်း ညဏ်ကောင်းများ ထွက်လာသည်ဟု ယုံကြည် ထားသူ ဖြစ်သည်။ "ဒါဆိုရင် မောင်ရင် အမြင်အရ ရန်သူဖက်က လေယာဉ်ပစ် အမြှောက်တွေ ချထားမယ်လို့ ဆိုလိုတာလား"



"ကျွန်တော်တို့ အေးဂျင့် ပို့ပေးတဲ့ စာရွက်စာတမ်း တွေ အရ ဘယ်နေရာလောက်မှာ ချထားမယ် ဆိုတာတော့ မပါဘူး၊ ဒါပေမယ့် အပ်ဗဲယား ဖက်က စုဆောင်းလို့ ရတဲ့ ထောက်လှန်းရေး သတင်းတွေ အရ ဆိုရင် ပိုးစာပင် စီမံချက်ဟာ ကလေ့စ် အတွက် ရည်ရွယ်တယ်လို့ ကောက်ချက်ချလို့ ရပါတယ်"



"ဒါဆို မောင်ရင် အရင်က ပြောတဲ့ နော်မန်ဒီ ဆိပ်ကမ်း ဆိုတာကကော"




"ကျွန်တော် ပြောခဲ့ဖူးပါတယ်" ဟု ပြောရင်း ဗိုဂဲလ် က ရှေ့သို့ဆက်မပြောပဲ တုန့်ဆိုင်းသွားသည်။ "ကျွန်တော် အလောသုံးဆယ် ထင်မြင်ချက် ပေးခဲ့မိတာပါ၊ သက်သေအထောက်အထား အပြည့်အစုံ မရသေးပဲ စီရင်ချက် ချသလိုမျိုး ဖြစ်သွားခဲ့ပါတယ်၊ ကျွန်တော်က ရှေ့နေတယောက် ဖြစ်ခဲ့တော့ တရားခွင် က အသုံးအနှုန်းမျိုး ပြောမိတာကို ခွင့်လွှတ်စေချင်ပါတယ်"



"ကိစ္စမရှိပါဘူး ကက်ပတိန် ဗိုဂဲလ်၊ မောင်ရင် အရင်က ပြောခဲ့တာမှန်မယ်လို့ ကျုပ်တော့ ယုံကြည်ထားတယ်၊ ပိုးစာပင် စီမံချက်ဟာ နော်မန်ဒီ အတွက် ရည်ရွယ်ပြီး ဆိပ်ကမ်းအတု ဆောက်ဖို့ပဲ ဖြစ်မယ်၊" ဟု ပြောရင်း ထိုင်နေသူများဖက် ပြန်လှည့်လာပြီး၊
"ဘာဖြစ်လို့လည်း ဆိုတော့ ချာချီ ဆိုတဲ့ အရူးကြီးက အမြဲလို ကြီးကြီးကျယ်ကျယ် တွေ လုပ်လေ့ရှိလို့ပဲ၊ အခု သူနှင့် အမေရိကန် တွေ ဘယ်နေရာက ဝင်တိုက်မယ် ဆိုတာ ကျုပ်တို့တ တွေ သိကုန်ပြီ၊ ချာချီက သူ့ကိုယ်သူ ကြီးမြတ်သူကြီး၊ တွေးခေါ် ပညာရှင်ကြီးလို့ ထင်နေတဲ့လူ၊ အခုပဲကြည့် စစ်ရေးစစ်ရာနဲ့ ပတ်သက်လာရင် အရူးလုံးလုံးကို ဖြစ်ရော၊ ဒါဒင်နယ်စ် မှာ သူကြောင့် သားသတ်ရုံ က နွားတွေလို အသတ်ခံခဲ့ရတဲ့ လူငယ်လေးတွေရဲ့ ဝိညာဉ်တွေကို မေးကြည့်လိုက်"



"ဒီမှာ ကက်ပတိန် ‌ဗိုဂဲလ်၊ မောင်ရင် ပထမ ဦးဆုံး ယုဆခဲ့တာ အမှန်ပဲ၊ ဒီစီမံချက် တခုလုံးက နော်မန်ဒီ အတွက်ပဲ၊ ဆိပ်ကမ်း အတု ဆောက်ဖို့၊ ကျုပ် သိတယ်"



ဝေါလ်တာ ရှလင်းဘတ်ခ်က တခုခု ပြောချင်သည့် ဟန်ဖြင့် ချောင်းတချက် ဟန့်လိုက်သည်။ "ကက်ပတိန် ဗိုဂဲလ် အခု ပြောလာတာတွေ ကို ထောက်ခံပေးမယ့် သက်သေ အထောက်အထားတွေ ကျွန်တော်တို့ ဖက်က ရထားပြီးပါပြီ ဖူဟား"



"ကဲ..အဲ့တာ ဆိုလည်း ကြားပါရစေ ဘရီးဂိတ်ဖူဟား"


"ပြီးခဲ့တဲ့ နှစ်ရက်လောက်က လစ္စဘွန်း ကို သွားပြီး ကျွန်တော် အေးဂျင့် ကို ‌စစ်ဆေးခဲ့ပြီးပါပြီ"



ဗိုဂဲလ် စိတ်ထဲတွင်တော့ လုပ်လာပြန်ပါပြီ ဆိုကာ ဘုရား တနေမိသည်။


ရှလင်းဘတ်ခ်လည်း သူ့ ဘရိဖ် ကေ့စ်ထဲ မှာ စာရွက်များကို ထုတ်ယူ လိုက်ပြန်ပြီး...



"အခု ကျွန်တော်တင်ပြမယ့် မီမိုက MI-5 ရဲ့ အမှုလိုက် အရာရှိ အယ်ဖရက် ဗီကာရီ ဆိုသူ ရေးထားခဲ့တာပါ၊ ဒီ မီမို က တစုံတယောက်က အတည်ပြုကြောင်း BB လို့ လက်မှတ် အတိုထိုးပြီး ချာချီ နဲ့ အိုင်စင်ဟောင်ဝါ တို့ ဆီ ပို့ပေးခဲ့ပါတယ်၊ စာထဲမှာ ဘာပါလဲဆိုတော့ အင်္ဂလန်ရဲ့ လုံခြုံရေးကို အသစ် တဖန် ခြိမ်းချောက်လာနေပြီ ဖြစ်လို့ ထပ်မံ အကြောင်းမကြား မချင်း အထူး သတိဝိရိယ ရှိကြဖို့တိုက်တွန်းထားပါတယ်၊ မဟာမိတ်တပ်က အရာရှိ တွေ အားလုံးကိုလည်း အမျိုးသမီးတွေ ချည်းကပ်လာနိုင်တဲ့ အလားအလာ ရှိတာကိုလည်း သတိပေးထားပါတယ်၊ ခင်ဗျားရဲ့ လန်ဒန် အေးဂျင့် က မိန်းမ မဟုတ်လား ကက်ပတိန် ဗိုဂဲလ်"



"ကျွန်‌တော်ကို တဆိတ်လောက် ကြည့်ခွင့်ပေးပါလား"



ရှလင်းဘတ် က ဗိုဂဲလ်ထံ ကမ်းပေးလိုက်သည်။



"အယ်ဖရက် ဗီကာရီ ဟုတ်စ၊ ဒီနာမည် ကြားဖူးနေသလိုပဲ" ဟု ဟစ်တလာက ရေရွတ်လိုက်ပြန်သည်။


ဗီကာရီက ချာချီ ရဲ့ မိတ်ဆွေဟောင်း၊ ၁၉၃၀ ကျော် ချာချီ ခေတ်တုံးက တဖွဲ့တည်း ဖြစ်ခဲ့ဖူး‌တော့ ၁၉၄၀ မေလ ထဲ သူဝန်ကြီးချုပ် ဖြစ်လာတော့ MI-5 မှာ ခေါ်သုံးလာတာ" ဟု ကနယ်ရစ်က ဝင်ပြောလိုက်သည်။


"ဟုတ်ပြီ...မှတ်မိပြီ၊ အဲ့ဒီ ခေတ်တုံးက ကျုပ်တို့ရဲ့ အမျိုးသား ဆိုရှယ်လစ် ဝါဒ ကို ဆောင်းပါးတွေ တသီကြီး ရေးပြီး ပုတ်ခတ်ခဲ့တဲ့ လူ မဟုတ်လား"



သူ့စကားကြောင့် ကနယ်ရစ် စိတ်ထဲ တွင် ထိုစဉ်က ဗီကာရီ ရေးခဲ့သမျှ သည် သွေးထွက်အောင် မှန်‌‌နေပါပေါ့လား ဟု အတွေး ဝင်လာခဲ့မိပြန်သည်။



"ဒါနဲ့ BB ဆိုတာကကော"


"BB ဆိုတာ ဘုသီ ဘက်ဆယ်ကို ပြောတာပါ၊ သူက MI-5 ဌာနခွဲ တခုရဲ့ အကြီးအကဲ ဆိုပါတော့"