ယူကရိန်း အရေးကြောင့် စစ်ကောင်စီ ဘေးကျပ် နံကျပ် ဖြစ်လာနေ

by Hla Soewai - Mar 03 2022

ရုရှားအား SWIFT ဟု အတိုကောက် သုံးစွဲနေသည့် နိုင်ငံတကာရှိ ဘဏ်များ အကြား ငွေလွှဲပြောင်းနိုင်မှု မှ ရုရှား ဘဏ် အချို့အား ပိတ်ပင်လိုက်သည့် အတွက် ရုရှား၏ ရူဘယ် ငွေကြေးသည် နေ့ချင်းညချင်း ဆိုသလို ၄၀% အထိ ထိုးကျသွားခဲ့ရသည်။

 

အမေရိကန်၊ ဂျပန် နှင့် ဥရောပ မဟာမိတ်များသည်ရုရှား၏ သွင်းကုန် ထုတ်ကုန် လုပ်ငန်းများလည်း ထိရောက်စွာ ပိတ်ဆို့နိုင်ခဲ့ကြသည်။

 

SWIFT ကို နိုင်ငံပေါင်း ၂၀၀ ကျော်ရှိ ဘဏ္ဍာရေး လုပ်ငန်း ၁၁,၀၀၀ ကျော်က ငွေလွှဲပြောင်း လက်ခံရေး အတွက် အသုံးပြုနေကြသည်။

 

ရုရှားအဖို့ နိုင်ငံခြား အရံငွေများ အလွန်အမင်း လို အပ်လာနေပြီ ဖြစ်သည်။

 

စစ်ကောင်စီ မှ ဗိုလ်ချုပ်ကြီးများ လွှဲပြောင်း အပ်နှံထားသော ငွေများ အတွက် မျက်ခုံးလှုပ်စရာ ဖြစ်လာနေပေပြီ။

 

နောက်တကြောင်းမှာ မင်းအောင်လှိုင်သည် ရုရှားမှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ အား အကြွေး ဝယ်ယူ ထားသည်ကို ယွမ်ငွေ ဖြင့် မဖြစ်မနေ ပြန်ပေးရန် ရုရှားတို့ ဖက်မှ အပူတပြင်း တောင်းဆိုလာမည့် အရေး နှင့်လည်း ကြုံလာရဖို့ ရှိနေသည်။

 

ယူကရိန်း စစ်ပွဲ တွင် အခြေမလှဘဲ ရေရှည်စစ်ပွဲ ဆင်နွှဲ သွားရဖို့ ဖြစ်လာလျှင် ပူတင် အဖို့ ကရင်မလင် နန်းတော်တွင် ဆက်လက်တည်မြဲနေဖို့က မရေရာတော့ပေ။ နောက်တက်လာမည့် ရုရှား ဗိုလ်ချုပ်ကြီးများ အဖို့ စစ်ပြေငြိမ်းပြီး စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ထားမှုများ ပယ်ဖျက်ပေးရန် အနောက်အုပ်စု နှင့် ပြေလည်အောင် ဆက်ဆံမှဖြစ်ပေတော့မည်။

 

ယင်းနှင်အတူ မြန်မာ စစ်ဗိုလ်ချုပ်များ အတွက် ပြေးစရာ မြေ ရှိတော့မည် မဟုတ်ပေ။ တရုတ်သည်လည်း နောက်တက်လာမည့် လူထု အစိုးရနှင့် အဆင်ပြေအောင် နေရဖို့ ရှိနေ၍ ၎င်းတို့အား လက်ခံမည်ကား မဟုတ်။

 

အာဏာရှင်ဟောင်းများ မျက်စိ ကျနေသော ပင်လယ်ကွေ့နိုင်ငံများသို့ ငွေထုတ်ပိုက်ပြီး ပြေးချင် လျှင်ပြေးခွင့် ရှိနေသော်လည်း အဆိုပါ နိုင်ငံများသည် မူဆလင် နိုင်ငံများ ဖြစ်နေသည်။

 

အကယ်၍ အိုင်စီစီ မှ ၎င်းတို့အား စစ်ရာဇဝတ်မှု များ အတွက် လွှဲပြောင်းပေးရန် တောင်းဆိုလာပါက အချိန်မဆိုင်းဘဲ တွန်းပို့ပေးလိုက်မည်သာ ဖြစ်သည်။

 

ယခုပင် အိုင်စီစီ ၏ မြန်မာ အမှုတွဲ အတွက် တရားလို ရှေ့နေချုပ် သည် သက်သေ အထောက်အထားများ စုဆောင်းရန် ကောက်ဘဇား ဒုက္ခသည် စခန်းသို့ ရောက်ရှိလာပြီ ဖြစ်သည်။

 

အိုင်စီစီသည် မြန်မာ စစ်ဗိုလ်ချုပ် များ အား အနည်းဆုံး မျက်ကွယ်တွင် တရားစီရင်နိုင်ဖို့ မဖြစ်မနေ ကြိုးပမ်းကြတော့မည်ကား ယုံမှား သံသယ ရှိစရာ မလိုတော့အောင် ထင်ရှားလာနေပြီ ဖြစ်သည်။

 

ထိုသို့ ကျဉ်းထဲကျပ်ထဲ ရောက်လာနေသော စစ်ကောင်စီ အဖို့ ပို၍ အကြမ်းဖက် အုပ်ချုပ်လာတော့မည် ဖြစ်သဖြင့် အားလုံးက သတိဝိရိယ ဖြင့် လှုပ်ရှားကြရတော့မည် ဖြစ်သည်။

 

မင်းအောင်လှိုင်တယောက် ပူပြင်းသော နေရောင်‌ အောက်တွင် နေပြည်တော်ရှိ ကွင်းပြင်ကြီးထဲ၌ တပ်မတော်နေ့ တွင် ချွေးတလုံးလုံး ဖြင့် အလေးပြုခြင်း ခံနေချိန်တွင်တော့ အာဆီယံ ကိုးနိုင်ငံမှ ‌ခေါင်းဆောင်များသည် ဝါရှင်တန်သို့ အသီးသီး ထွက်ခွာနေကြပြီ ဖြစ်သည်။

 

အချို့ကလည်း ၎င်းတို့ လိုက်ပါလာသော လေယာဉ်သည် မြန်မာ လေပိုင်နက် အပေါ် ဖြတ်သန်းနေချိန် အတွင်း ပြတင်းပေါက်မှ အောက်သို့ ငုံ့ကြည်ကာ တက်ရောက်ခွင့် မရရှာသော ဗိုလ်ချုပ်မှူးကြီး အတွက် စိတ်ထဲ မကောင်း ဖြစ်နေရှာကြမည်လား ဆိုသည်မှာ ကာယကံ ရှင်များသာ အသိနိုင်ဆုံး ဖြစ်ပေလိမ့်မည်။

 

သမ္မတ ဘိုင်ဒင် မှ မတ်လ၂၈ - ၂၉ ရက် တွင် အာဆီယံ နိုင်ငံမှ ခေါင်းဆောင်များနှင့် ထိပ်သီးတွေ့ဆုံပွဲ ကျင်းပသွားရန် ရက်သတ်မှတ်လိုက်ခြင်း ကြောင့်ပင် ဖြစ်သည်။

 

ရုရှားတို့ နိုင်ငံတကာ ကျင့်ဝတ်များ ချိုးဖောက်လာနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်လာပြီး နောက်တွင် တရုတ် တို့ ‌ခေါင်းထောင်ထလာမည့် အရေး‌အပေါ် အရှေ့တောင်အာရှ နိုင်ငံများမှ စိုးရိမ်မကင်း ဖြစ်လာသည်နှင့်အမျှ ဝါရှင်တန် အစည်းအဝေးသည် လွန်စွာ အရေးပါလာနေပြီ ဖြစ်သည်။

 

တရုတ်တို့ အပေါ် စိုးရိမ်မကင်း ဖြစ်လာသူများထဲတွင် မြန်မာ စစ်ခေါင်းဆောင်များလည်း ပါဝင်နေသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြလာသည်။

 

ရုရှားမှ ယူကရိန်း အား ကျူးကျော်လာမှု အပေါ် ဆွေးနွေးရန် ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က နေပြည်တော်တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့သည်ဟု ဆိုသည်။

 

အစည်းအဝေး တွင် တရုတ်မှလည်း မြန်မာအား ကျူးကျော်လာနိုင်ဖွယ် ရှိနေသည်ဟု သုံးသပ်ခဲ့ကြသည်။ PDF များက တရုတ်၏ ရေနံပိုက်လိုင်းများ ကို တိုက်ခိုက်လာမှု အတွက် ကာကွယ်ရန် ဟူ၍ အကြောင်းပြ တိုက်ခိုက်လာနိုင်သည်။ ထို့အတွက် ပိုက်လိုင်း လုံခြုံရေး ကို တိုးမြှင့်ချထားရန် ပြောဆိုခဲ့ကြသည်ဟု သတင်းတွင် ဖေါ်ပြထားသည်။

 

ထိုသို့ ဆုံးဖြတ်ခဲ့သည့် သတင်းသည် ဖြစ်နိုင်ချေ များစွာ ရှိကြောင်းကို မြန်မာနောင်းတွင် ဖေါိပြထားသော သတင်းတပုဒ်က အတည်ပြုပေးသလို ဖြစ်နေသည်။

 

အဆိုပါ သတင်းတွင် စစ်ကောင်စီသည် ရေကြောင်း၊ လေကြောင်း ပို့ဆောင်ရေး၊ ကမ္ဘာလှည့် ခရီးသွားလာရေး၊ ရေနံမြေ၊ သစ်တော လုပ်ငန်း နှင့် အမြန်လမ်း ရဲတပ်ဖွဲ့တို့ကို ဖျက်သိမ်းပြီး လုံခြုံရေး ဆိုင်ရာ ရဲတပ်ရင်း များသို့ ပို့မည် ဟု ဖေါ်ပြထားခြင်းပင် ဖြစ်သည်။

 

သို့သော် စစ်ကောင်စီ အဖို့ အမှန်တကယ် စိုးရိမ်သင့်သည့် အရေးက ၎င်းတို့ ယခုထိ တိုင်းပြည်ကို မအုပ်ချုပ် နိုင် ဖြစ်လာနေပြီး ပြည်တွင်းစစ်မီးက တငွေ့ငွေ့ တောက်လောင်လာနေ၍ တရုတ်တို့ဖက်မှ အကြီးအကျယ် လုပ်ကိုင်ရန် မျှော်မှန်းထားသည့် ရပ်ဝန်း နှင့် ပိုးလမ်းမ စီမံကိန်းများ ရပ်တန့်နေရခြင်း၊ အခြားသော ရင်းနှီးမြှုပ်နှံမှုများ အတွက် စိုးရိမ် ကြောင့်ကြ ဖြစ်လာကာ တချက်ခုတ် နှစ်ချက်ပြတ်တနိုင်ငံလုံးက မလိုလားသော စစ်ကောင်စီ ကို ဝင်ရောက် ဖြုတ်ချပြစ်လာနိုင်ခြင်းပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

Image credit - Kevin Hlaing via newnaratif.com