D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၃၃)

by Hla Soewai - Mar 07 2022

ထိုညက နျူမန် အိပ်မပျော်၊ ရထားသည့် ဒဏ်ရာက နာနေ၍ အိပ်ယာထဲတွင် တလူးလူး တလွန့်လွန့် ဖြစ်နေသည်၊ အတတ်နိုင်ဆုံး ခန္ဓာကိုယ်ကို ငြိမ်အောင် ကြိုးစားရင်း အိမ်နံရံကို ရိုက်ပုတ်နေသည့် လေတိုက်သံများကို နားစွင့် နေသည်၊ အဝေး ရှိ ကမ်းခြေမှ လှိုင်းပုတ်သံများကိုလည်း ခပ်သဲ့သဲ့ ကြားနေရပြန်သည်။ ဘယ်အချိန် ရှိနေမှန်းလည်း မခန့်မှန်းနိုင် ဖြစ်နေသည်၊ သူ၏ လက်ပတ်နာရီက အိပ်ယာဘေးရှိ စားပွဲပုလေးပေါ်တွင် လဲလျှောင်းနေသည်။ တံတောင်ဆစ် နဲ့ ထောက်ပြီး လှမ်းယူလိုက်သည်တွင် နာကျင်မှုကြောင့် ပါးစပ်က ညည်းသံထွက်လာသည်၊ ညအမှောင်ထဲတွင် လင်းလက်နေသော နာရီ ဒိုင်ခွက်က ညသန်းကောင် ထိုးလုနီး အချိန်ကို ပြနေသည်။

 

ခေါင်းအုံးပေါ် ခေါင်းပြန်ချလိုက်ပြီး မျက်နှာကြက်ကို စိုက်ကြည့်နေမိသည်။ မာတင် ကော်ဗီးလ်နှင့် ထိုးကြိတ်ရသည့်အထိ ဖြစ်ခဲ့ခြင်းကပင် မိုက်မဲလှသော အမှားတခုကို ကျုးလွန်မိလိုက်ပြီ ဆိုသည်ကို သိလိုက်သည်။ သူ၏ အယောင်ဆောင် ဇာတ်လမ်းကို အန္တရာယ် ဖြစ်လာနိုင်ပြီး သူလုပ်နေသည့် လုပ်ငန်းများ၏ လုံခြုံရေးကို ထိခိုက်လာနိုင်သည်။

 

ဂျင်နီကိုလည်း စိတ်ကို ထိခိုက်နာကျင်အောင် လုပ်လိုက်သလို ဖြစ်သွားခဲ့ရပြန်သည်။ ယမကာ ဆိုင် အပြင်ဖက်တွင် ဂျင်နီက သူ့အား စူးစူးဝါးဝါး အော်ဟစ်ရန်တွေ့နေပြီး သူ့ရင်ဘတ်ကိုလည်း ထုနှက်နေပြန်သည်။ သူမ၏ အဖေကို အနာတရ ဖြစ်အောင် လုပ်ခဲ့မှု အတွက် ဒေါသ အရမ်းထွက်နေသည်။ သူ့အနေနဲ့ကတော့ လူယုတ်မာ တယောက်ကို သင်ခန်းစာ ပေးချင်လှ၍ လုပ်လိုက်မိသော်လည်း ထိုလုပ်ရပ်က သူ့အား ပြန် ထိခိုက်လာခဲ့ရသည်။

 

အိပ်ယာထဲတွင် လှဲနေရင်း မရပ်မနား တိုက်ခတ်နေသော လေ တိုက်သံများ အကြားတွင် သူတို့၏ စစ်ဆင်ရေး တခုလုံးများ ပျက်စီးသွားသည်အထိ ဖြစ်နိုင် မဖြစ်နိုင်ကို စဉ်းစားနေမိသည်။

 

ဟမ်စတက် ဟိသ် တွင် ကက်သရင်း နှင့် ဆုံခဲ့စဉ် က သူမပြောသည့် စကားများကို ပြန်ကြားယောင်လာမိ ပြန်သည်။

“အချို့ အပိုင်းတွေမှာ လုပ်ပုံကိုင်ပုံ တွေ အတော်မှားသွားလို့ ကျမအဖို့ ဒီအတိုင်း ကြာကြာ နေသွားဖို့ မဖြစ်နိုင်တော့ဘူး”

 

ဗိုဂဲလ်၏ သူမအား တန်ပြန် ထောက်လှန်း စောင့်ကြည့်ရန် ညွှန်ကြားလာသည့် အကြောင်းလည်း အတွေးဝင်လာခဲ့ရပြန်သည်။ သူကော၊ ဗိုဂဲလ်ကော၊ ကက်သရင်းပါ အားလုံး ပြန်ပြင်လို့ မရတော့သည့် အမှားများ ကျူးလွန်ခဲ့ကြပြီလား။

 

နျူမန်က သူ့တွင် ရလာသည့် ဒဏ်ရာဒဏ်ချက်များကို ဆန်းစစ်လိုက်ပြန်သည်။ တကိုယ်လုံး နေရာအနှံ နာကျင်နေသည်၊ သူ၏ နံရိုးများလည်း ပွန်းပဲ့ကုန်ပြီး အသက်ရှုလိုက်တိုင်း နာလာနေသည်။ သို့သော် ကျိုးပဲ့သွားသည့်အထိတော့ ဖြစ်ပုံမရဟု ယူဆမိသည်။ သူ၏ လျှာလည်း ယောင်ကိုင်းလာနေသည်။ အာခေါင်နှင့် ပွတ်တိုက်လိုက်တိုင်း လျှာပေါ်တွင် အနာဖြစ်လာနေသည်ကို သိလိုက်သည်။ လက်ကို မြှောက်ပြီး ပါးကို စမ်းကြည့်မိသည်၊ မေရီသည် ချုပ်စရာ မလိုအောင် အနာကို ပိတ်သွားရန် အကောင်းဆုံး လုပ်ပေးထားခဲ့သည်။ ချုပ်ရန် ဆရာဝန်ဆီ သွားဖို့က မည်သို့မျှ မဖြစ်နိုင်။

 

မျက်နှာပေါ်က ပတ်တီး နေသားတကျ ရှိမရှိကို အသာ ကိုင်ကြည့်လိုက်သည်။ နဲနဲလေး ထိလိုက်ယုံနှင့်ပင် မျက်နှာတခုလုံး စူးစူးရှရှ နာကျင်သွားခဲ့သည်။

 

နျူမန်ကို မျက်လုံး ပိတ်ပြီး အိပ်ပျော်သွားဖို့ ကြိုးစားကြည့်သည်။ အိပ်ပျော်ယုံရှိသေး တံခါးအပြင်ဖက် လှေကားတက်တွင် ခြေသံကြားလိုက်ရသည်။  ချက်ခြင်းလို သူ့လက်က မော်ဆာ သေနတ်ဆီ လက်ရောက်သွားသည်။ ခြေသံနှင့် အတူ ကြမ်းခင်းက တကျွိကျွိ အသံမြည်လာသည်။  တံခါးရှိရာသို့ သူ့လက်ထဲက မော်ဆာ နှင့် ထိုးချိန်ထားလိုက်သည်။ တံခါးဂျက်ကို လှည့်ဖွင့်နေသံ ထွက်လာသည်။ အကယ်၍ MI-5 သာ ဆိုလျှင်တော့ သူ့ဆီ အခုလို ညကြီးသန်း‌ကောင် ခိုးကြောင်ခိုးဝှက်လာနေမည် မဟုတ်ဟုလည်း တွေးလိုက်မိသည်။ MI-5 လည်း မဟုတ်၊ ရဲဖက်ကလည်း မဟုတ်လျှင် မည်သူ ဖြစ်နိုင်မည်နည်း။

 

တံခါးတွန်းပွင့်လာပြီး ခန္ဓာကိုယ် အရွယ်အစား ခပ်ညှက်ညှက် လူတယောက် ရပ်နေသည်။ ဖျော့တော့တော့ အလင်းရောင်အောက်တွင် ရပ်နေသူသည် ဂျင်နီ ကော်ဗီးလ်မှန်း သိလိုက်သည်။ ပစ္စတိုကို ကုတင်ဘေး ကြမ်းပြင်ပေါ်တွင် ချလိုက်ပြီး လေသံတိုးတိုးဖြင့် “မင်း ဘာလာလုပ်တာတုန်း” ဟု မေးလိုက်သည်။

 

“ဦးလေးကြီး နေကောင်းလား လို့ လာကြည့်တာ”

 

“မင်း ရောက်လာတာ ရှောင် နဲ့ မေရီတို့ သိလား”

 

“မသိဖူး၊ ကျမ ဖာသာ တံခါးဖွင့် ဝင်လာတာ” ဟု ပြန်ဖြေရင်း ကုတင်စွန်းတွင် ဝင်ထိုင်လိုက်သည်။ “အခု ဘယ်လို နေသေးလဲ ဟင်”

 

“ငါ့အဖို့ က ဒီထက် ဆိုးတာ ကြုံခဲ့ရပြီးပါပြီ၊ မင်း အဖေ လက်သီးက အတော်ပြင်းသား၊ ဒါလည်း မင်းအသိဆုံးပါ”

 

အမှောင်ထဲတွင် သူမ၏ လက်ကလေး ဖြင့် သူ့မျက်နှာကို စမ်းလိုက်သည်၊ “ဦးလေးကြီး ဆရာဝန် သွားပြပါလား၊ မျက်နှာ ဒဏ်ရာက ပြင်းတယ်”

 

“မေရီ က အတော် ကောင်းအောင် လုပ်ပေးထားပြီးပါပြီ”

 

ဂျင်နီက ပြုံးလိုက်ရင်း “သူက ရှောင်နဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေ အများကြီး ရထားပြီးပြီ၊ ရှောင် ငယ်ငယ် က စနေနေ့ ညတိုင်း အရက်ဆိုင် အပြင်ဖက် မှာ ရန်ဖြစ်ပြီး ပြန်မလာတာ မရှိသလောက်ပဲတဲ့”

 

“မင်း အဖေကော၊ ငါ အတော်လေး ထိုးလိုက်မိတယ်”

 

“သူလည်း ကောင်းသွားမှာပါ၊ မျက်နှာမှာတော့ ဒဏ်ရာဒဏ်ချက်တွေ ပြည့်နေတာပဲ၊ နဂိုကတည်းက ကြည့်မကောင်းရတဲ့ ကြားထဲ”

 

“ကိုယ် စိတ်မကောင်းပါဘူ ဂျင်နီ၊ ဘာမဟုတ်တဲ့ အကြောင်းလေးနဲ့ ဖြစ်သွားရတာ၊ ကိုယ့်ဖက်က မဖြစ်အောင် ဆင်ခြင်သင့်တယ်၊ သူ့ကို လစ်လျုရှု့လိုက်ရင် ပြီးသွားနိုင်တဲ့ ကိစ္စမျိုးပါ”

 

“ဆိုင်ရှင်က ကျမအဖေက ရန်စတာတဲ့၊ ခံရတာ နဲတောင်နဲသေး ဆိုပဲ၊ ဒီလိုမျိုး လုပ်ပစ်သင့်တာ  ကြာလှပြီတဲ့”

 

“ဒါဆို မင်း ကိုယ့်အပေါ် စိတ်မဆိုးတော့ ဖူးပေါ့”

 

“မဆိုးတော့ပါဘူး၊ ကျမ ဖက်က အခုလိုမျိုး ဘယ်သူမှ ရပ်တည် မပေးခဲ့ဖူးဘူး၊ ဦးလေးကြီးက အရမ်း သတ္တိရှိတယ်၊ ကျမအဖေက ကျွဲကြီး တကောင်လို သန်မာနေတော့ ဦးလေးကြီး အဆင်မသင့်ရင် သေသွားနိုင်တယ်” ဟု ပြောရင်း မျက်နှာပေါ်က လက်သည် ရင်ဘတ်ပေါ် ရောက်လာပြန်သည်။ “ဦးလေးကြီး အဲ့လိုမျိုး ချတတ်အောင် ဘယ်မှာ သင်ထားတာလဲဟင်”

 

“တပ်ထဲတုန်းကလေ”

 

“ဘုရား..ဘုရား ဦးလေးကြီး ရင်ဘတ်တခုလုံးလည်း အနာရွတ်တွေချည်းပါလား”

 

“ကိုယ့်ဘဝ တလျှောက်လုံး ကျေကျေနပ်နပ်ကြီး နဲ့ လုပ်ချင်တာ လုပ်လာခဲ့တဲ့ လူမျိုးဆိုတော့ ဒီလောက်တော့ ရှိမပေါ့ကွာ”

 

ဂျင်နီသည့် သူ့အနား တိုးကပ်လာပြီး “ဂျိမ်း ပေါ်တာ ဆိုတဲ့ ဦးလေးကြီးက ဘယ်သူလဲ၊ ဟမ်တမ် ဆင်းမှာ ဘာလာလုပ်နေတာလဲ”

 

“မင်းကို အကာအကွယ် ပေးဖို့ ရောက်လာတာလေ ကွာ”

 

“ဒါဆို ဦးလေးကြီးက ချပ်ဝတ်တန်ဆာ အပြည့်အစုံ နဲ့ ကျမ ရဲ့ တပ်မှူးကြီးပေါ့”

 

“အဲ့လိုမျိုး ပေါ့ကွာ”

 

ဂျင်နီက ရုတ်ခြည်း ထရပ်လိုက်ပြီး ဝတ်ထားသော ဆွယ်တာကို ခေါင်းမှ ဆွဲချွတ်လိုက်သည်။

 

“ဂျင်နီ..မင်း... မင်း ဒါဘာလုပ်တာလဲ”

 

“ရှုး... မေရီတို့ နိုးသွားလိမ့်မယ်”

 

“မင်း ဒီမှာ နေလို့ မရဘူးလေ”

 

“အခုပဲ ည သန်းကောင် ကျော်နေပြီ၊ ဦးလေးကြီး ကျမကို ဒီလို အချိန်မတော်ကြီး ပြန်ခိုင်းလို့ မရဘူးလေ”

 

ဂျင်နီက သူမ စီးလာသော ဝဲလင်တန် ဘွတ်ဖိနပ်ကို ဆွဲချွတ်ပြီး တဆက်တည်း ဘောင်းဘီကိုပါ ချွတ်ချကာ အိပ်ယာပေါ်သို့ တက်လာပြီး နျူမန်ဘေးတွင် လှဲအိပ်လိုက်သည်။

 

“မေရီသာ သိသွားရင် ကိုယ့်ကို သတ်လိမ့်မယ်”

 

“ဦးလေးကြီးက မေရီကို ကြောက်တဲ့လူ မဟုတ်ပါဘူးနော်”

 

“မင်း အဖေကို ကိုယ် မကြောက်ပေမယ့် မေရီကျတော့ အဲ့လို လုပ်လို့ မရဘူးလေ”

 

ဂျင်နီက သူ့ပါးကို နမ်းလိုက်ပြန်ပြီး “ဂွတ်နိူက်” ဟု ပြောလိုက်သည်၊ မိနစ်ပိုင်း အတွင်းမှာပင် ဂျင်နီထံမှ အသက်မှန်မှန် ရှုသံကို ကြားလိုက်ရသည်။ အိပ်ပျော်သွားဟန်ရှိ၍ သူလည်း ခေါင်းနှင့် ဂျင်နီ ကိုယ်လေးကို ထိထားပြီး လေ တိုက်သံများကို နားစွင့်လိုက်ပြန်ရင်း အိပ်ပျော်သွားခဲ့တော့သည်။

 

****************************************

 

အခန်း (၄၅)

 

မနက် နှစ်နာရီ လောက်တွင် ဗြိတိသျှတို့၏ လန်ကက်စတာ တိုက်လေယာဉ်များ ရောက်လာပြန်သည်။ ဗိုဂဲလ်လည်း သူ့ရုံးခန်း အတွင်း ရှိ စစ်ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ နိုးလာပြီး ပြတင်းပေါက် ရှိရာ ထလာခဲ့သည်။ ဘာလင် တမြို့လုံးလည်း ဗုံးဒဏ်ကြောင့် သိမ့်သိမ့်ခါ နေပြီ ဖြစ်သည်။ အမှောင်ချထားရန် ဖုံးထားသော ပြတင်းပေါက် လိုက်ကာ ကို ဆွဲဖွင့်ပြီး အပြင်သို့ ကြည့်လိုက်သည်။

 

အမည်းရောင် ကား အနက်ကြီးက လမ်းတဖက်ရှိ နဂိုရပ်ထားသော နေရာမှာပင် ရှိနေဆဲ ဖြစ်သည်၊ တနေခင်းလုံး၊ တညလုံး နေရာမရွေ့ပဲ ရှိနေခဲ့သည်၊ ကားထဲတွင် အနည်းဆုံး လူသုံးယောက် ရှိနေမည်ကို သောက်နေသည့် စီးကရက်မီးများ ကို ကြည့်ချင်းဖြင့် ဗိုဂဲလ် ရိပ်စားမိလိုက်သည်။ ရေခဲတမျှ အေးစိမ့်နေသော ည တွင် အိပ်ဇော့ပိုက်မှ ထွက်လာသော မီးခိုးများကို ကြည့်၍ ကားစက်ကိုလည်း နှိုးထားသည်ကို သိလိုက်သည်။

 

ထိုသို့စောင့်ကြည့်ရန် တာဝန်ပေးထားသူများ၏ နမော်နီ နမောမဲ့ အပြုအမူများကို ကြည့်၍ ဗိုဂဲလ် အံ့အားသင့်နေမိသည်။ အမှောင်ထဲတွင် ဆေးလိပ်သောက်နေခြင်းကြောင့် စီးကရက် ထိပ်ဖျားမှ ဝါကျင့်ကျင့် မီးရောင်များ ကို တဖက်မှ မြင်နေရသည်၊ ကားထဲတွင် အပူဓါတ်ရရန် စက်နှိုးထားပြန်သည့် အတွက် အိပ်ဇော့ပိုက်မှ မီးခိုးများကို သူလိုလူ မဆိုထားနှင့် သာမန်လူတယောက်ပင် မြင်နိုင်သည်။ ဂက်စတာပိုသည် လူများ အပေါ် အကြောက်တရား နှင့် ရက်စက်ကြမ်းကြုပ်နိုင်မှု ကို အားကိုးအားထား ပြုကာ ရပ်တည်နေသည့် အဖွဲ့ အစည်း ဖြစ်၍ ထိုသို့ သော အကြောင်းများကို ဂရုပြုရကောင်းမှန်း မသိသူများလည်း ဖြစ်သည်။

 

ဘာဗေရီယား အိမ်တွင် ဟင်းမလား နှင့် ပြောခဲ့သည်များကို ပြန်စဉ်းစားနေမိသည်။ ဟင်မလား ပြောလာသည့် သီအိုရီသည် အဓိပ္ပါယ် ရှိနေသည်ကိုတော့ ဝန်ခံရမည်သာ ဖြစ်သည်။ ဗြိတိန် ရှိ ဂျာမန် ထောက်လှန်းရေး ကွန်ယက်အများစု ယခုတိုင် ရပ်တည်နေနိုင်ခြင်းသည် ဖူဟား အပေါ် ကနယ်ရစ်က သစ္စာရှိနေဆဲ ဆိုသည့် သက်သေ အထောက်အထား အဖြစ် ယူဆ၍ မရ၊ ယင်းနှင့် ဆန့်ကျင်ဖက် သူ၏ သစ္စာဖေါက်မှုကို ပြဆိုနေသည်ဟု ယူဆစရာ ဖြစ်လာသည်ဟု ဆိုသည်။  အပ်ဗဲယား၏ အကြီးအကဲ သည် သစ္စာဖေါက် ဖြစ်နေလျှင် ဗြိတိန်ရှိ သူ၏ စပိုင်များကို လူသိရှင်ကြား ဖမ်းဆီးပြီး ကွပ်မျက်ပစ်စရာ အကြောင်း မရှိပေ။ ဖမ်းမိသည့် စပိုင်များကို ကနယ်ရစ်နှင့် အတူ အသုံးချပြီး သတင်းအမှားများ နှင့် ဖူဟားကို အရူးလုပ်နိုင်ရန် ကြိုးစားကြမည်သာ ဖြစ်သည်ဟု ပြောလာသည်။