NUG သည် လေလှိုင်းထဲ က အစိုးရ မဟုတ်ကြောင်း စစ်ကောင်စီ အသိအမှတ် ပြုလာရ

by Hla Soewai - Mar 07 2022

အာဏာသိမ်း အဖွဲ့သည် ပြည်သူများ ရင်ဆိုင်နေရသော ဒုက္ခများကို လက်တွေ့ကျကျ စဉ်းစား ဖြေရှင်းနိုင်ရန် ထက် ၎င်းတို့အာဏာတည်မြဲရေးကို အနှောက်အယှက် ပေးလာသူများကို မည်သို့ မည်ပုံ ဒုက္ခပေးရမည်လဲဟု ကြံစည် စိတ်ကူးနေသည့် နောက်ထပ် လက္ခဏတရပ် အဖြစ် အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ဝင်များ နှင့် ထင်ရှားသူ အချို့အား နိုင်ငံသား အဖြစ်မှ ရပ်စဲကြောင်း ကြေညာလိုက်သည်။

 

၎င်းတို့၏ လုပ်ရပ်အား ကမ္ဘာ မီဒီယာများ တွင် အသီးသီး ဖေါ်ပြလာကြသည်။ ထိုသတင်းကို ဖေါ်ပြရာတွင်လည်း ရုတ်သိမ်းခံရသူများထဲတွင် တဦးအပါအဝင် ဖြစ်သည့် ဒေါက်တာ ဆာဆာ မိန့်ခွန်းပြောနေသည်ကို ကွင်းပြင်ကြီးထဲတွင် ပိတ်ကား အကြီးကြီး ထောင်၍ ပြည်သူများ ဝိုင်းဖွဲ့ နားထောင်နေကြပုံ နှင့် ဖေါ်ပြခဲ့ကြသည်။

 

စစ်ကောင်စီမှ ထိုသို့ ပြုလုပ်လာခြင်းကပင် အမျိုးသား ညီညွတ်ရေး အစိုးရသည် ၎င်းတို့ အား မည်မျှ အထိ ထိခိုက်အောင် လုပ်နိုင်နေပြီကို ဝန်ခံလိုက်ရခြင်းပင် ဖြစ်တော့သည်။

 

ရုပ်သိမ်းခံရသူများသည် နိုင်ငံ၏ တည်ဆဲ ဥပဒေများ နှင့် အကျိုးးစီးပွားကို နှောက်ယှက် ဖျက်ဆီးနေခြင်းကြောင့်ဟု ဆိုသည်။

 

ထိုစကားရပ်များ ကို ကြားရသူတိုင်းက စစ်ကောင်စီ အဖွဲ့ဝင်များကိုသာ မျက်စိထဲ တန်းမြင်လာကြဖို့သာ ရှိသည်။

 

နိုင်ငံတွင် ဥပဒေဟူ၍ မရှိတော့၊ မင်းအောင်လှိုင် ပါးစပ်က ပြောသည်များကို နှုတ်က လိုက်ရေး လက်မှတ် ထိုး ထုတ်ပြန်နေသော အောင်လင်းဒွေး ဥပဒေ သာ ရှိသည်။ နိုင်ငံတော် ဆိုသည်မှာလည်း မင်းအောင်လှိုင် နှင့် သူ့မိသားစုဝင်များ ဖြစ်နေပြန်သည်။

 

မီတာခ ကို သေနတ်နှင့် ချိန်ပြီး တောင်းယူနေရသည့် အဖွဲ့ ၏ ကြေညာချက်ကို မည်သူကမျှလည်း အရေးတယူ တုန့်ပြန်ခြင်း မရှိသည့်အပြင် အမျိုးသား ညီညွတ်‌ရေး အစိုးရသည် လေလှိုင်းထဲက အစိုးရ မဟုတ်ကြောင်း ကမ္ဘာသိ ကြေညာပေးလာခြင်းထက် ပို၍ ထူးခြားလာစရာ အကြောင်း မရှိပေ။ ယခုထိလည်း နိုင်ငံ တဝှမ်းကို သူပုန်နယ်မြေများ အဖြစ် သတ်မှတ်ကာ လူသတ်မီးရှို့ ဖမ်းဆီး လုပ်နေသည့် သတင်းများကလည်း နေ့စဉ်လို ထွက်ပေါ်နေသည်။

 

ထို့အတွက် ၎င်းတို့အား လက်နက်ဝယ်ယူတင်သွင်းခွင့် မရှိအောင် ပိတ်ပင်ဖို့ ကုလသမဂ္ဂ အဖွဲ့ကြီး အဖို့ မည်မျှ အရေးတကြီး ဖြစ်လာနေသည်ကို သိရှိလာအောင် နေ့စဉ်နှင့် အမျှ လက်တို့ပေးနေခြင်းဖြင့် ကူညီနေသည့် လုပ်ရပ်များသာ ဖြစ်သည်။

 

စစ်တပ်၏ အာဏာသိမ်းသည့် လုပ်ရပ်သည် တိုင်းပြည်ကို မည်မျှအထိ ဖရိုဖရဲ ဖြစ်သွားတော့မည်ဟု ပြည်သူများ၏ ထင်မြင်ယူဆချက်များသည် သွေးထွက်အောင် မှန်ကြောင်း သက်သေပြနိုင်ခဲ့ကြပြီး ထိုအထဲတွင် အဆိုးဝါးဆုံး ထိခိုက်နစ်နာ သွားခဲ့ရသည်က ပညာရေး နှင့် ကျန်းမာရေး ကဏ္ဍများပင် ဖြစ်ပေသည်။

 

ယူနီဆက်မှ ယမန်နှစ် ဒီဇင်ဘာလ ကုန်အထိ ပြုစုခဲ့သော စစ်တမ်းများအရ ကလေးသူငယ် ၅၀ ရာနှုန်းခန့်သည် အကြောင်းအမျိုးမျိုး ကြောင့် စာသင်ခန်းထဲ ပြန်ရောက်မလာနိုင် ဖြစ်နေသည်ဟု သိရသည်။

 

အင်တာနက်ကိုပင် ဖြတ်တောက်ကာ သဲကြီးမဲကြီး တိုက်ခိုက်နေသော စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း တွင် ထို့ထက် အခြေအနေ ဆိုးဝါးလာနိုင်ပေသည်။

 

အင်တာနက် ‌ဒေတာ ဈေးနှုန်းများ မြှင့်တင်ပစ်ခြင်း နှင့် လျပ်စစ်ဓါတ်အား အလုံအလောက် မပေးနိုင်ခြင်း တို့ကလည်း ကလေးများ၏ ပညာရေး နှင့် တိုင်းပြည် အနာဂတ်ကို ထိခိုက်နစ်နာအောင် ဖန်တီးပေးသလို ဖြစ်လာနေသည်။

 

ထိုသို့ ဖြစ်ပျက်နေမှုများအား ငြင်း၍ မရအောင် ထွက်ပေါ်လာနေမှု အပေါ် ကိုယ့်မျက်ချေးကို ကိုယ်မမြင်နိုင်သူများ အဖို့က ၎င်းတို့အား ဖြုတ်ချမှ ဖြစ်မည်ဟူသော ခံယူချက်ဖြင့် တိုက်ပွဲဝင်နေကြသူများ ဖက် လှည့်၍ အလွယ်တကူ အပစ်ဖို့ ကြပေဦးမည်။

 

ထိုသို့ ဆန့်ကျင်တွန်းလှန်နေသူများ မရှိက တိုင်းပြည် တိုးတက်ဖွံ့ဖြိုးလာအောင် လုပ်နိုင်မည်ဟု စိတ်ကြီးဝင်နေကြပြန်သည်။ ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်မှု လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းနေမှုများသည် အဘယ်အခါများ ရပ်စဲသွားသည် ဟူ၍ ရှိပေမည်နည်း၊ ယခုအဖြစ်သည်လည်း တိုင်းတပါး မှ လာရောက် အုပ်ချုပ်နေသည်နှင့် မခြား ပြည်သူများအား လူလေးသိန်းခန့်က လက်နက်ပြ၍ အုပ်ချုပ်နေသည့်အပြင် မိမိတို့ ကောင်းကျိုးချမ်းသာ အတွက် တခုတလေမျှ လုပ်ပေးနိုင်ခြင်း မရှိသူများအား မည်သူက ကြည်ဖြူစွာ လက်ခံလိုကြပေမည်နည်း။ ရသည့်နည်းလမ်းပေါင်းစုံဖြင့် နေစဉ်နှင့် အမျှ ကြံစည်နေကြမည်မှာလည်း အမှန်ပင် ဖြစ်ပေတော့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!