စစ်ကောင်စီ တပ်များ ဆက်တိုက် အထိနာ လျက် ရှိ

by Hla Soewai - Mar 09 2022

ကယား ပြည်နယ် ဒီမောဆို မြို့အား ပြန်လည် သိမ်းပိုက်နိုင်ရန် စစ်ကောင်စီ သစ္စာခံ တပ်များမှ အင်အား ၇၀၀ ခန့်ဖြင့် အပြင်းအထန် ထိုးစစ်ဆင်လာမှု ကို ကရင်နီ ကာကွယ်ရေး တပ်ဖွဲ့များ ဖြစ်သည့် KDF နှင့် KNDF တပ်များ က နှစ်ရက်ကြာ အပြင်းအထန် ခုခံ တိုက်ခိုက်နိုင်ခဲ့သဖြင့် စစ်ကောင်စီ တပ်သား ၈၅ ဦး အား အသေရရှိခဲ့ပြီး ၂ ဦး အရှင် ဖမ်းမိကာ လက်နက် ခဲယမ်း အမြောက်အမြား ကို သိမ်းဆည်း ရမိခဲ့ကြသည့် အတွက် သမိုင်းတွင်မည့် အောင်ပွဲကြီး တရပ် အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပြီ ဖြစ်သည်။

 

စစ်ကောင်စီ တပ်များသည် မထင်မှတ်ပဲ အထိ နာသွားခဲ့ရပြီး နိုင်ငံခြား မှ လက်နက်များ ထောက်ပံ့ခြင်း၊ ဝင်ရောက် အကူအညီ ပေးနေခြင်းတို့ ရှိနေသည်ဟု စွပ်စွဲသည့် အသံများပင် ထွက်လာခဲ့သည်။

 

စစ်ကောင်စီသည် ထိုသို့ တဖက်က အထိနာလာကြ၍ ရှုံးမဲ မဲကာ ၎င်းတို့အား ဆန့်ကျင်လှုပ်ရှားနေသူများ၏ မိသားစု အိမ်များကိုပါ ချိတ်ပိတ် သိမ်းဆည်းလာကြသည် အထိ လူကြားမကောင်အောင် ကျုးလွန်လာနေကြပြီ ဖြစ်သည်။ ၎င်းတို့အဖို့က နေပြည်တော်ရှိ ခြံဝင်း ကြီးများထဲ တွင် အစောင့်အရှောက် ထူထပ်စွာ ဖြင့် သက်တောင့်သက်သာ နေထိုင်ကြရ၍ မထောင်းသာလှသော်လည်း အပြန်အလှန် လက်စားချေမှုများ ဖြစ်လာအောင် ဆွပေးနေသလို ဖြစ်လာရသည်။ ထို့အတွက် အောက်ခြေ အရာရှိ အရာခံ တပ်သားများ၏ မိသားစုများ အကြား စိုးရိမ်မှုများ မြင့်တက်လာနေရပြီ ဖြစ်သည်။ စစ်ကောင်စီမှ ထိုသို့ လူမဆန်စွာ ကျုးလွန်လာမှုများသည် ၎င်းတို့ အဖို့ အခြေအနေမဟန်တော့သည်ကို ရိပ်စားလာမိနေ၍ ဘာကိုမျှ ဂရုမစိုက် နိုင်တော့ ဆိုသည်ကို ပြဆိုနေခြင်းသာ ဖြစ်သည်။ ဗိုလ်သန်းရွှေ၏ ငြိမ်ပိက နိုင်ငံအား အလျှင်အမြန် ထိန်းချုပ်နိုင်ခဲ့၍သာ ထိုမျှအထိ လုပ်ရန် မလိုအပ်တော့ဟု ယူဆလာခဲ့၍သာ မလုပ်ခြင်း ဖြစ်သည်။

 

ယခုလည်း စစ်ကိုင်းတိုင်း အတွင်း မတ်လ ၂၇ ရက် မတိုင်မီ ချေမှုန်းနိုင်ရန် ဆိုကာ “အကုန်သတ်၊ အကုန် မီးရှို့ပစ်” ဟူသော လမ်းစဉ် ကို မကြာမီက စစ်ခေါင်းဆောင်များ အစည်းအဝေးတွင် ချမှတ်လာသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ စစ်တက္ကသိုလ် ကျောင်းတော်ဆင်း ဗိုလ်ချုပ်ကြီးများ အဖို့ ဗိုလ်နဂါးကိုပင် မယှဉ်နိုင်တော့အောင် အရှက်တကွဲ အကျိုး နည်း ဖြစ်လာနေရပေပြီ။

 

လက်ရှိတွင် နိုင်ငံတကာ၏ အပယ်ခံ ရောက်နေသည့် ဘဝကို ဂရုမစိုက်နိုင်အားပေ။ မိမိတို့ ဆက်လက် ရပ်တည်ရေး အတွက်ပင် မရေမရာ ဘဝ ရောက်နေရသည်။ အိမ် မီးစွဲလောင်စပြုနေချိန်တွင် ပတ်ဝန်းကျင် ရှိ မည်သူတဦးတယောက်နှင့်ကော စကားလက်ဆုံ ကျဖို့ စိတ်ကူးအားခြင်း မရှိသော အိမ်ပိုင်ရှင် တဦး အဖြစ်နှင့် အလားသဏ္ဍန်တူနေပေသည်။

 

NUG သည် လည်း စစ်တပ်၏ အထက်ပိုင်း အထိ ထိုးဖေါက်ကာ ပြည်သူ့ဘက်တော်သား အဖြစ် ပါဝင်လာအောင် စည်းရုံး နိုင်စွမ်းသည်လည်း တဖြေးဖြေး နှင့် အရေးပါသည့် အနေအထား ဖြစ်လာနေသည်။

 

အကြမ်းဖက် စစ်တပ်၏ ခေါင်းဆောင်ကြီး ဖြစ်သူ မင်းအောင်လှိုင်သည် ယခင်ကလို နေရာအနှံ့သွားလာခြင်း မရှိပဲ လူမြင်ကွင်းမှ ပျောက်ကွယ်နေသည်မှာ တပတ်ခန့် ရှိနေပြီဟု ဧရာဝတီ သတင်း တွင် ဖေါ်ပြလာသည်။ အာဏာသိမ်းပြီးချိန်မှစ၍ အမြဲလို လူလုံးပြနေသူ ဖြစ်ပြီး ယခုလောက်ထိ ပျောက်ကွယ်နေခြင်း မရှိသဖြင့် လည်း ထင်ကြေး အမျိုးမျိုး ထွက်ပေါ်လျက်ရှိရာ အချို့က ကိုဗစ် ဖြစ်နေသောကြောင့်၊ အချို့ကလည်း ကျောရိုးကင်ဆာ ဖြစ်နေသောကြောင့် ဟု ဆိုသည်။ ပြည်မြို့သို့ လာမည့် ခရီးစဉ်အားလည်း အချိန်ကပ်ပြီး ဖျက်ပစ်ခဲ့ပြန်သည်။ မည်သည့် အကြောင်းကြောင့် ဖြစ်စေ လူထုကြီးက ၎င်းအား မတွေ့ရတော့သည့်အတွက် ပျော်ရွှင်နေကြသည်ဟု သတင်းတွင် ဖေါ်ပြထားသည်။

 

စစ်ကောင်စီသည် ကျွန်ယုံ ကျွန်ကောင်း ပီသကြောင်း ပြသသည့် အနေဖြင့် ရုရှား၏ နိုင်ငံတကာ ကျင့်ဝတ်များကို ချိုး ဖောက်ကာ အိမ်နီးချင်း နိုင်ငံအား ကျုးကျော်လာသည့် လုပ်ရပ်အား မျက်စိမှိတ် ထောက်ခံလာမှု နှင့် အတူ သံတမန်ရေးအရ နိုင်ငံတကာ မျက်နှာစာ တွင် မည်သို့မျှ မျက်နှာပြ၍ မရအောင် အခြေအနေများ ဆိုးလာနေရသည်၊ ပညာရှင်တဦးက ဗိုလ်နေဝင်း ခေတ်ကတည်းက ကျင့်သုံးလာသည့် ဘက်မလိုက် နိုင်ငံခြားရေး မူဝါဒ ဆိုသည်မှာ “Negative Neutralism for Group Survival” ဟူသည့် မိမိတို့ ရှင်သန်ရပ်တည်ရေး အတွက် ကမ္ဘာကြီးကို လစ်လျုရှုသည့် အပျက်သဘော ဆောင်သော ကြားနေဝါဒ ဟု ခေါ်ဆိုခဲ့သည်။

 

အာဆီယံသည် မင်းအောင်လှိုင်အား ၂၀၂၁ ဧပြီလ တွင် ဂျကာတာ သို့ လာရန် ဆင့်ခေါ် လိုက်ခြင်းဖြင့် မြန်မာ အရေး တွင် နှစ်ဖက်ခွ ဝါဒ both-sidesism ကျင့်သုံးလာနေခဲ့သည်။

 

မင်းအောင်လှိုင်သည် အာဆီယံ၏ မူ ငါးချက် ကိုလည်း ၎င်းတို့ ရှုံးပြီဟု သဘောပေါက်လာချိန်ကျမှ သုံးရန် စိတ်ကူးထားသည့် ကောက်ရိုးမျှင် အဖြစ်သာ သဘောထားနေသူ ဖြစ်သည်။

 

ထို့အတွက် အာဆီယံကို စစ်တပ်က လိုလိုလားလား ပြောလာပြီ ကို ကြားလာရပြီ ဆိုလျှင်တော့ ပြေးပေါက် စရှာလာပြီ ဖြစ်သည်ဟု ယူဆရတော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံစစ် မုချအောင်ရမည်!!!

 

Photo - New York Times