D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၃၄)

by Hla Soewai - Mar 09 2022

ဟင်းမလား ပြောသည်က ဖြစ်နိုင်ခြေရှိသည်ဟု ဗိုဂဲလ် တွေးလိုက်မိသည်၊ သို့သော် ထိုသို့ အကြီးအကျယ် လိမ်လည်ဖို့က ဖြစ်နိုင်ဖွယ် ရှိပါမည်လော၊ ထိုတိုင်းဆိုက ဂျာမန် အေးဂျင့်မှန်သမျှ အချုပ်ထဲ ရောက်နေရမည် သို့တည်း မဟုတ် ရန်သူ၏ တဖန် ပြန်စည်း ရုံးခြင်း ခံရမှသာ ဖြစ်နိုင်ပေမည်။ ရာပေါင်းများစွာသော ဗြိတိသျှ ထောက်လှန်း‌ရေး အရာရှိများ ပါဝင် ပတ်သက်ရ ပေဦးမည်၊ ဟမ်းဘတ်သို့ ပြန်ပြီး သတင်းပို့နိုင်ရန် သတင်းအမှား အမြောက်အများကို လုပ်ကြံ ဖန်တီးပေးကြရဦးမည် ဖြစ်သည်၊ ထိုမျှလောက် အတိုင်းအတာ နှင့် လှည့်ဖျားနိုင်မည်လော။

 

ဟင်းမလား၏ အယူအဆက သာမှန်အားဖြင့် ဆိုလျှင် ထောက်ကွက်မရှိအောင် ပြောင်မြောက် လွန်းလှသည်၊ သို့သော် ဗိုဂဲလ် က ချက်ခြင်းလို အားနည်းချက် တခုကို ရှာတွေ့သွားခဲ့သည်၊ ထိုသို့ လုပ်နိုင်ရန်မှာ ဗြိတိန်ရှိ ဂျာမန် ကွန်ယက်များ အားလုံး ကို လုံးဝ ချုပ်ကိုင်ထားနိုင်မှ ဖြစ်ပေမည်၊ ထို့အတွက် ဂျာမန် အေးဂျင့်မှန်သမျှ အား စည်းရုံးပြီး လိုသလို ခိုင်းစေခြင်း၊ ထိုသို့ လုပ်၍မရက ထောင်ထဲ ထည့်ထားခြင်း မျိုးဖြင့် လှည့်စားနေမှုမှန်သမျှကို အန္တရာယ် မကျရောက်အောင် ကာကွယ်ထားရမည် ဖြစ်သည်။

 

MI-5 ကွန်ယက်ထဲမှ ဂျာမန် အေးဂျင့် တဦးတလေမျှ လွတ်ထွက်မသွားခဲ့လျှင် ထိုအေးဂျင့်ထံမှ MI-5 ပေးပို့နေသည့် သတင်းများ နှင့် တူညီချင်း မရှိက အပ်ဗဲယားသည် သင်္ကာမကင်း ဖြစ်လာနိုင်သည်။ ထိုအခါ ကျန်အေးဂျင့်များ ပေးပို့‌နေသည့် သတင်းများ အားလုံးသည် အတုအယောင်များ ဖြစ်သည်ဟု ကောက်ချက် ချလာကြပေတော့မည်။

 

ထိုမျှမကသေး ကနယ်ရစ် ထံမှ ရလာသည့် သတင်းများသည် မဟာမိတ်တို့ ဝင်တိုက်မည့် နေရာအား ကလေ့စ် ဖြစ်သည်ဟု ညွှန်ပြနေမည် ဆိုလျှင် ထိုသတင်းများနှင့် ဆန့်ကျင်ဖက် နော်မန်ဒီသာ အမှန်ဖြစ်ဖွယ် ရှိသည်ဟု ယူဆကြတော့မည် လည်း ဖြစ်သည်။

 

ထိုအဖြေ အတိအကျကို မကြာမီ သိလာရတော့မည်ဟု ဗိုဂဲလ် ယုံကြည်ထားသည်၊ အကယ်၍ နျုမန်သည်သာ ကက်သရင်း ဘလိတ်အား တဖက်မှ စောင့်ကြည့်နေသည်ကို ဖေါ်ထုတ်နိုင်ခဲ့လျှင် သူမ ဆီက ရလာသည့် သတင်းမှန်သမျှသည် ရန်သူ၏ လှည့်ဖျားနေမှုများဟု တထစ်ချ မှတ်ယူနိုင်တော့မည် ဖြစ်သည်။

 

ဗိုဂဲလ်သည် ပြတင်းပေါက်မှ ခွာလိုက်ပြီး သူ၏ စစ်သုံးကုတင်ပေါ်တွင် လှဲချလိုက်သည်။ သူ၏ တကိုယ်လုံးလည်း အေးစက်သွားသလို ခံစားလိုက်ရသည်၊ ဗြိတိသျှ ထောက်လှန်းရေးအဖွဲ့သည် သူတို့ အပေါ် အကြီးအကျယ် လိမ်ညာလှည့်ဖျားနေသည့် လုပ်ရပ်အား သူ့အနေဖြင့် ဖေါ်ထုတ်ကောင်း ဖေါ်ထုတ်နိုင်မည်၊ ထိုအခါ အပ်ဗဲယား ခေါ် ဂျာမန် စစ်ထောက်လှန်းရေး အဖွဲ့ကြီး၏ အကြီးအကဲ ရေတပ် ဗိုလ်ချုပ်ကြီး ဝီလျှံ ကနယ်ရစ်သည် သစ္စာဖေါက်တဦးသာ ဖြစ်သည်ဟု အခိုင်အမာ ထုတ်ဖေါ်ပြသလိုက်သည်နှင့် မခြား ဖြစ်သွားပေလိမ့်မည်။

 

ဟင်းမလားသည် ထိုအထောက်အထားများအား ငြင်း၍ မရနိုင်သော သက်သေများ အဖြစ် အသုံးချလာပေတော့မည်၊ ထို့အတွက် တခုတည်းသော အပြစ်ဒဏ်သည် ကား လည်ပင်းကို စန္ဒယား ခလုတ် ကြိုးများ နှင့် ပတ်ကာ အဆုံးစီရင်ခြင်းသာ ဖြစ်သည်၊ ထိုသို့ ပြစ်ဒဏ်ပေး ကွပ်မျက်သည်များကို မှတ်တမ်းရုပ်ရှင် ရိုက်ယူထားပြီး ဟစ်တလာသည် အထပ်ထပ် အခါခါ ပြန်ကြည့်လေ့ ရှိသည်။

 

သူ့အနေနှင့် ဗြိတိသျှတို့၏ လှည်ဖျားမှုကို ဖေါ်ထုတ်နိုင်ခဲ့လျှင် ဂျာမန် စစ်တပ်ကြီးသည် ကျုးကျော်လာမည့် နေရာတွင် ပင်ဇာ တင့်ကားကြီးများ ချ၍ အသင့်စောင့်ဆိုင်းနေပေလိမ့်မည်၊ ရန်သူများလည်း အတုံးအရုံး ကျဆုံးကုန်ကြမည် ဖြစ်သည်၊ ဂျာမဏီလည်း စစ်ပွဲကြီးကို အနိုင်ရရှိသွားနိုင်ပြီး နာဇီ တို့သည်လည်း ဂျာမဏီ နှင့် ဥရောပ ကုန်းမြေကြီး တခုလုံးကို ဆယ်စုနှစ်ပေါင်း များစွာ ကြာအောင် အုပ်ချုပ် မင်းလုပ်ကြပေတော့မည်။

 

“ဂျာမဏီမှာ ဥပဒေ ဆိုတာ မရှိတော့ဘူး ထရုဒ်၊ ဟစ်တလာပဲ ရှိတော့တယ်”

 

ဗိုဂဲလ်သည် မျက်လုံးကို ပိတ်ပြီး အိပ်ဖို့ ကြိုးစားလိုက်ပြန်သည်၊ သို့သော် အကျိုးမထူး၊ သူ့ ပင်ကိုယ်စရိုက် တွင် လိုက်လျောညီထွေ မရှိလှသည့် အသွင် လက္ခဏာ နှစ်ရပ်သည် ပြင်းထန်သော ပဋိပက္ခကြီး အသွင် ကူးပြောင်း သွားခဲ့ပြီ ဖြစ်သည်၊ ဗိုဂဲလ်သည် စပိုင် မာစတာ ကြီး တယောက် ဖြစ်သော်လည်း တရားဥပဒေ စိုးမိုးမှု အပေါ် ယုံကြည်သူ ဖြစ်သည်။ သူ့အဖို့ ဗြိတိသျှ တို့နှင့် ညဏ်ရည်ချင်း ပြိုင် အနိုင်ယူပြီး ၎င်းတို့၏ လှည့်ဖျားမှုကြီးကို ဖေါ်ထုတ် ဖျက်ဆီး ပစ်နိုင်ပါက ဖြစ်ပေါ်လာနိုင်သည့် အလားအလာများက သားရေယိုစရာကြီး ဖြစ်နေသည်၊ တချိန်တည်းမှာပင် နာဇီ တို့ အောင်ပွဲခံသွားပါက ဖြစ်ပေါ်လာမည့် အလားအလာများကို တွေး၍ ကြောက်ရွံ့တုန်လှုပ်လာမိပြန်သည်။ ဗြိတိသျှ တို့ လှည့်စားနေသည်ကို ဖေါ်ထုတ်၊ သူ၏ မိတ်ဆွေဟောင်းကြီး ကနယ်ရစ်ဘဝကို ဖျက်ဆီး၊ ဂျာမဏီ စစ်ပွဲကြီး အနိုင်ရအောင် ကူညီပေးခြင်းဖြင့် နာဇီတို့ တသက်လုံး အာဏာတည်မြဲသွားအောင် လုပ်ပေးရမည်လော။

 

ထိုအတွေးများဖြင့် သူသည် အိပ်မပျော်နိုင် ဖြစ်နေပြီး ဗြိတိသျှ ဗုံးကြဲတိုက်လေယာဉ်များ၏ မိုးခြိမ်းသံအလား ဆူညံနေသံများကို နားစွင့်နေမိပြန်သည်။

 

“ရှင့် အနေနဲ့ သူ့အတွက် လုပ်ပေးမှာ မဟုတ်ဘူး ဆိုတာ ကျမကို ပြောလိုက်စမ်းပါ ကပ်”

 

ဗိုလ်ဂဲက ကိုယ်အခု လုပ်နေရပြီ ထရုဒ်၊ လုပ်နေရပြီ ဟု စိတ်ထဲက ပြောလိုက်သည်။

 

                                        *****************************

 

အခန်း (၄၆)

 

“ဟဲလို..အယ်ဖရက်”

 

“ဟဲလို,..ဟယ်လင်”

 

သူမက ပြုံးပြီး သူ့ပါးကို နမ်း နှုတ်ဆက်လိုက်သည်။ “အခုလို ပြန်တွေ့ရတာ အတော်လေး ဝမ်းသာမိတယ်”

 

“ကိုယ်လည်းပဲ ဝမ်းသာမိပါတယ်”

 

သူမသည် ယခင်က လုပ်နေကျ အတိုင်း ဗီကာရီ ၏ လက်ကြားထဲသို့  လက်လျိုသွင်းပြီး သူ၏ ကုတ်အင်္ကျီ အိတ်ထဲသို့ လက်ကို ထည့်လိုက်သည်။ ထို့နောက် စိန့်ဂျိမ်း ပန်းခြံ ရှိ လူသွားလမ်းလေး အတိုင်း တိတ်ဆိတ်စွာ လျှောက်လာခဲ့ကြသည်။ ဗီကာရီ သည် ထိုသို့ တိတ်ဆိတ်နေမှု အတွက် စိတ်ထဲ အနှောက်အယှက် မဖြစ်မိ၊ ထိုအစား သူ့စိတ်ထဲ ကြည်နူးနေမိသည်။  သူမအား အမှန်တကယ် ချစ်မိခဲ့ရသည့် အကြောင်းများစွာထဲတွင် ထိုကဲ့သို့ စိတ်ခံစားမှုသည်လည်း အကြောင်း တခုအဖြစ် ပါဝင်နေခဲ့သည်။

 

သူမ နှင့် အတူ နေပြီး သူမ၏ စကားပြောသံ၊ ရီသံများကို နှစ်ခြိုက်သည့် ခံစားမှုသည် စကားမပြောပဲ တိတ်ဆိတ်စွာ အတူ ရှိနေမှုကို နှစ်ခြိုက်သည့် ခံစားမှု နှင့် သူ့အဖို့ ထပ်တူထပ်မျှပင် ဖြစ်နေသည်။ သူမအိမ်၏ ဝရန်တာတွင် အတူ တိတ်ဆိတ်စွာ ထိုင်နေရခြင်း၊ တောထဲ ဖြတ်ပြီး အတူ လမ်းလျှောက်ကြခြင်း နှင့် ရေကန်ဘေးတွင် အတူ လဲလျှောင်းနေရခြင်းတို့ကို နှစ်သက်ခဲ့သူ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ် သူ့ဘေးတွင် ရှိနေမှု၊ သူမ၏ လက်များက သူ၏ ခန္ဓာကိုယ် နှင့် ထိကပ်နေမှု နှင့်ပင် သူ့အတွက် လုံလောက်နေရပြီ ဖြစ်သည်။

 

နေ့လည်ခင်း လေက ဖေဖေါ်ဝါရီ လထဲ ဖြစ်သော်လည်း ဩဂုတ်လ ကဲ့သို့ ပူနွေးလာနေသည်။ သို့သော် ကောင်းကင်က မဲမှောင်နေပြီး တိမ်ဆိုင်လွှာများက ပျားပန်းခပ်မျှ လှုပ်ရှားနေသည်။ လေတိုက်ခတ်မှုကြောင့် သစ်ရွက်သစ်ကိုင်းများ လှုပ်ရှားသွားပြီး ကန်ရေပြင်ပေါ်တွင် လှိုင်းဂယက်များ ထသွားခဲ့သည်။ ဘဲတအုပ်ကလည်း လှိုင်းများပေါ်တွင် မြုပ်ချီပေါ်ချီနှင့် ငြိမ်သက်စွာ တွေ့နေရသည်။

 

သူမအားလည်း ပထမဦးဆုံး အကြိမ်အဖြစ် အနီးကပ် ကြည့်လိုက်မိသည်။ သူမသည် အသက်ရလာသော်လည်း ကောင်းစွာ နုပျိုနေဆဲ ဖြစ်သည်။ ယခင်ကထက်ပင် ပို၍ အလှသွေး ကြွယ်လာသည်ဟုပင် ထင်မိသည်။ အရပ်မြင့်သော်လည်း ကိုယ်နေဟန်က မတ်မတ်ပင်၊ အနည်းငယ် ဝလာဟန်ရှိပုံရသည့် သူမ၏ ခန္ဓာကိုယ်ကိုလည်း အကျအန တိုင်းချုပ်ထားသည့် ဝတ်စုံအောက်တွင် သေသပ်စွာ ဖုံးဖိထားနိုင်ခဲ့သည်။ သူမ၏ ရှည်လျား သွယ်တန်းသော ရွှေဝါရောင် ဆံနွယ်များကို နောက်တွင် ဖြန့်ချထားလေ့ရှိရာမှ ယခုအခါ သေသေသပ်သပ်ပင် ထုံးနှောင်ထားသည်။ ထိုအပေါ်တွင် လေးထောင့် သေတ္တာပုံ ဦးထုတ် ကို ဆောင်းထားသည်။

 

ဗီကာရီ၏ အကြည့်သည် သူမ၏ မျက်နှာပေါ် ရောက်သွားခဲ့ပြန်သည်။ သူမ၏ နှာတံသည် မျက်နှာပေါ်တွင် တခါက အနည်းငယ် ရှေသယောင် ရှိသည်ဟု ထင်ခဲ့ရသော်လည်း ယခုအခါတွင် အချိုးကျ ဖြစ်နေချေပြီ၊ သူမ၏ ပါးပြင်ကတော့ အသက်အရွယ် ရလာ၍ အနည်းငယ် ချိုင့်လာခဲ့သော်လည်း တဖက်တွင် သူမ၏ မေးရိုးများကို ပို၍ ထင်ရှားအောင် လုပ်ပေးသလို ဖြစ်နေသည်။

 

ဟယ်လင်သည် သူ့အား စိုက်ကြည့်နေသော ဗီကာရီဖက် လှည့်လိုက်ပြီး ပြုံးပြလိုက်သော်လည်း သူမ၏ အပြုံးသည် ပါးစပ်ဖျားတွင်သာ ပျောက်ကွယ်သွားပြီး မျက်လုံးအထိတော့ ရောက်ရှိလာခဲ့ခြင်း မရှိပေ။ သူမ၏ မျက်လုံးများသည် သူမနှင့် နီးစပ်ခဲ့သူ တဦးဦး မကြာမီက သေဆုံးသွားခဲ့သည့်အလား ဝမ်းနည်းသည့် အရိပ်အယောင်များ ယှက်သန်းနေသည်။

 

ဗီကာရီက သူတို့ နှစ်ဦးအကြား နှုတ်ဆိတ်နေမှုကို ပထမဦးဆုံး စတင် ဖြိုခွင်းလိုက်သည်။ သူမ မျက်နှာကို ကြည့်နေရာမှ တဖက်သို့ လှည့်လိုက်ပြီး “ကိုယ် နေ့လည်စာ ချိန်းထားတာ မလာဖြစ်တာကို တကယ်ပဲ စိတ်မကောင်း ဖြစ်မိတယ်၊ အရေးတကြီး အလုပ်ပေါ်လာလို့ ဖုန်းဆက်ဖို့တောင် အချိန်မရလိုက်ဘူး”

 

“အဲ့ဒီအတွက် စိတ်ထဲ ဘာမှ မထားပါနဲ့ အယ်ဖရက်။ ကျမအဖို့ စားပွဲမှာ တယောက်တည်း ထိုင်ပြီး အရက်မူးအောင် သောက်ခွင့်ရလိုက်တယ်လို့ပဲ သဘောထားပါတယ်”

 

သူမ စကားကြောင့် ဗီကာရီက ဆတ်ကနဲ လှည့်ကြည့်လိုက်သည်။ ..

“ကျမက ရှင့်ကို စနေတာ၊ ဒါပေမယ့် ကျမအဖို့ စိတ်ထဲ ဘယ်လိုမှ မနေခဲ့ဖူးလို့ ဟန်ဆောင်လိုက်တာတော့ မဟုတ်ဖူးနော်၊ ရှင့်ကို အခုလို ပြန်ချည်းကပ်ဖို့ ကျမ အနေနဲ့ နှစ်တွေ အကြာကြီး သတ္တိတွေ ပြန်မွေးခဲ့ရတယ်၊ အရင်ကတော့ ကျမ လုပ်ရပ်တွေက အတော်လေး ဆိုးဝါးခဲ့တာကိုး” ဟု ပြောရင်း အသံတိမ်ဝင်သွားသည်။

 

ဗီကာရီ စိတ်ထဲတွင်တော့ မင်းလုပ်ရပ်တွေ အတော်လေး ဆိုးခဲ့တာတော့ အမှန်ပဲ ဟယ်လင် ဟု ပြောလိုက်မိသည်။ “ဒါတွေ ကြာခဲ့ပါပြီလေ၊ ဒါနဲ့ ကိုယ့်ကို ဘယ်လို ပြန်ရှာတွေ့ခဲ့ရတာလဲ”