ကြမ္မာရဟတ် တပတ်လည်လာပြီ

by Hla Soewai - Mar 10 2022

၂၄ နာရီ လုံးလုံး လျှပ်စစ်ဓါတ်အားများ ဖြတ်တောက်ရမည့် အခြေအနေဖြစ် လာသဖြင့် ရန်ကုန်ရှိ စက်ရုံ အတော်များများ ရပ်ဆိုင်းပြစ်ရတော့မည် အခြေ ဆိုက်လာနေပြီဟု သတင်းများက ဆိုသည်။

ရခိုင် ကမ်းလွန်ရှိ ရွှေ ဓါတ်ငွေ့တွင်းသစ်များမှ သဘာဝ ဓါတ်ငွေ့ကို သွယ်တန်းရန် ရေအောက် ပိုက်လိုင်းများကို လက်ရှိ ရွှေဓါတ်ငွေ့ ပိုက်လိုင်းများ နှင့် ချိတ်ဆက်နိုင်ရန် မတ်လ ၁၈ ရက် နေ့အထိ ဖြတ်တောက် မည်ဟု စစ်ကောင်စီ၏ စွမ်းအင်ဌာန က ကြေညာခဲ့သော်လည်း ထိုသို့ သော လုပ်ငန်းကြီးကို တိုတောင်းလှသော ကာလအတွင်း ပြီးစီးနိူင်မည် ဆိုသည်ကား မည်သူမျှ အယုံအကြည် ရှိကြမည်လည်း မဟုတ်ပေ။

ထိုပိုက်လိုင်းများသည် တရုတ်ပြည်သို့ ဓါတ်ငွေ့များ တင်ပို့နိုင်ရန် အတွက် ဖြစ်ကြောင်း ထင် ကြေးပေးမှုများ ထွက်ပေါ်လာနေသည်။ ‌တရုတ်ပြည် နှင့် ဘင်္ဂလားပင်လယ်အော်အကြား ဆက်သွယ်ထားသော "ရွှေကံလုံ" ဓါတ်ငွေ့ပိုက်လိုင်းနှင့် ဆက်သွယ်ရန် ဖြစ်သည်ဟု ဆိုသည်။

၂၀၂၂ နှစ်ဆန်းပိုင်းမှစ၍ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးနိုင်မှု အနေအထားသည် တနေ့လျှင် ၂.၂ ဂီဂါဝပ်သာ ရှိတော့သည်ဟု စွမ်းအင်ဌာနက ဆိုသည်။

နိုင်ငံတကာ၏ စီးပွားရေး ဒဏ်ခတ်မှု များလည်း စတင် သက်ရောက် လာနေပြီ ဖြစ်သည်။ ပြည်သူများ အထူးသဖြင့် လူငယ်လူရွယ်များ အဖို့က ထိုမျှ လောက်သော ဒုက္ခဆင်းရဲများကို တခါဖူးမျှ ကြုံတွေ့ ခဲ့ဖူးခြင်း ရှိကြမည် မဟုတ်ပေ။ လောင်စာဆီ ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်လာနေမှု နှင့် အတူ အထွေထွေ စားသောက်ကုန်များ ၏ ဈေးနှုန်းများလည်း တက် လာတော့မည် ဖြစ်၍ စစ်ကောင်စီ သည် ၎င်းတို့ ရက်စက် ယုတ်မာစွာ ပြုကျင့်နေခဲ့မှု များ နှင့် အတူ ကျဆုံးခန်းလည်း နီးသထက် နီးကပ်လာနေသည်။

ထိုအရေး ကို စားကောင်းသောက်ကောင်း အနေချောင် အောင် မြှောက်ပင့် ကပ်ယပ်နေ ကြသော နတ်ရူး မှော်ရူး များလည်း မည်သို့မျှ တတ်နိုင်ကြတော့မည် မဟုတ်ပေ။

၎င်း၏ လက်ထက်တွင် လက်ညှိုးညွှန်ရာ ဖြစ်မည်၊ တိုင်းပြည်ကြီးသာယာဝပြော ပေ တော့မည် ဟူသော အဆိုပါ နတ်ရူးမှော်ရူး များ၏ စကားတခုတည်းကိုသာ အားကိုး‌၍ လျှပ်စစ်ကားများ၊ မြေအောက် မီးရထားလမ်းများ ဆောက်လုပ်နိုင်ရန် ပြင်ဆင်ထားကြဖို့ ရူး သွတ်စွာ ပြောဆိုခဲ့သူ ကြီးလည်း လူမြင်ကွင်း မှ ပျောက်ဆုံးနေပြန်၍ စစ်ကောင်စီ အတွင်း ကြီးမားသော အလှည့် အပြောင်းကြီး ထွက်ပေါ်လာနိုင်မည်လား အထင်ဖြင့် နေပြည်တော်တွင် တီးတိုး ဝေဖန်မှုများ ထွက်ပေါ်လာနေသည်။

တနိုင်ငံလုံး မှောင်အတိကျ၍ စိတ်လက်မချမ်းသာ ဖြစ်နေကြချိန်တွင် စစ်ဗိုလ်ချုပ်များ၊ ကရိုနီ တို့၏ သားသမီးများမှာ မီးရောင်ထိန်ထိန် အောက်တွင် ကခုန် မြူးတူး နေကြသည့် အတွက် ပြည်သူ့ တော်လှန်ရေး တပ်သားများက လူချမ်းသာ ရပ်ကွက် အတွင်း ဖွင့်ထားသော "Brave Bar" နိုက်ကလပ်ကို ဖေါက်ခွဲတိုက်ခိုက်ပြစ်ခဲ့ကြသည်။

သို့တည်း မဟုတ် ရုရှား၏ ယူကရိန်းကို ကျူးကျော်မှုကြောင့် တကမ္ဘာလုံး အထွေထွေ အကျပ် အတည်းကြီး နှင့် ကြုံနေရချိန်တွင် မိမိတို့၏ အဖြစ်ကို အားကိုး အားထား ပြုနေသော ဆရာ သမား နှစ်ဦးက ငဲ့ညှာရကောင်းမှန်း မသိ၊ ပေယျာလကန်ပင် ပြုလာခဲ့ကြရုံမက တရုတ်သည် ၎င်း၏ စွမ်းအင် လိုအပ်ချက်များ ကို ဖြည့်တင်းနိူင်ရန် ပိုက်လိုင်းအသစ်များ အတင်း ဆောက် လုပ်ခိုင်းနေသည့် အဖြစ်ကို မျက်ဝါးထင်ထင် တွေ့မြင်လာရပြီး စိတ်ဓါတ်များ ကျဆင်းကာ ကြံရာမရ ဖြစ်လာပုံလည်း ရသည်။

လက်ရှိ အာဆီယံ ၏ အထူး သံတမန် ကမ္ဘောဒီယား နိုင်ငံခြားရေး ဖြစ်သူ၏ မြန်မာပြည် အရေး ဖြေရှင်းမှုကို ‌ကူညီရန် ဆိုကာ ဟွန်ဆန်မှ မြန်မာပြည်သူများ၏ ယုံကြည်ကိုးစားမှု လုံးဝမရှိ သည့် နီပွန် ဖောင်ဒေးရှင်း ‌ဥက္ကဌ ဖြစ်သူ ဆာဆာကာဝါ ကို ဖနွမ်းပင်သို့ ပင့်ဖိတ်လာပြန်သည်။ ဟွန်ဆန်သည် အာဆီယံ အဖွဲ့အားလည်း တိုင်ပင်ခြင်း မရှိဘဲ ဒုတိယ အကြိမ် အမှားတခုကို ကျူးလွန်လိုက်ခြင်းဖြစ်သည်။ ထို့အတွက် အာဆီယံ အထူးသံတမန်၏ လာမည့် ခရီးစဉ်သည် အောင်မြင်နိုင်မည့် အခွင့်အရေး မှာ ပို‌‌၍ ဝေးကွာသွားခဲ့ရပြီ ဖြစ်သည်။

အာဆီယံ သံတမန်သည် မြန်မာပြည်သူတို့ ရင်ဆိုင်နေရသော နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်း ရန် စိတ်မကူးတော့ဘဲ လူသားချင်းစာနာ ထောက်ထားသည့် အကူအညီများ ပေးနိုင်ရန် အပစ်ရပ်ကြပါဟု စစ်အာဏာရှင်လည်း သက်ဆိုးရှည်၊ ၎င်းတို့အဖို့ နားငြီးသက်သာမည့် လမ်းကို ရွေးချယ်လိုက်ပုံရသည်။ အာဆီယံသည် ထိုသို့ ဖြစ်လာလျှင် ကောင်းလေစွ တိုးတက်မှု ရှိပါပေသည်ဟု ရင့်ကျူးလာတော့မည် ဖြစ်သည်။

ပြည်သူများ အဖို့က မိမိတို့ ယုံကြည်အားထားနေကြသည့် အမျိုးသား ညီညွတ်ရေး အစိုးရက တစွန်းတစမျှပင် ဆက်သွယ်ဖို့ မကြိုးစားပဲ ၎င်းတို့ အပေါ် အကြမ်းဖက်နေသည့် စစ်ကောင်စီ နှင့် လက်ဝါးချင်း ရိုက်ပြီး ချပြလာမည့် မည်သို့သော် ဖြေရှင်းချက်မျိုးကိုမှ လက်ခံကြလိမ့်မည် မဟုတ်ပေ။

စစ်အာဏာရှင်တို့နှင့် အတူယှဉ်တွဲနေထိုင်သွားရေး ဝါဒ ကျင့်သုံးနေသည့် တိုင်းရင်း သား ဒေသများတွင် မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ချီနေမှုက တဟုန်ထိုး မြင့်တက်‌လာနေပြီး အိမ်နီချင်း နိုင်ငံများတွင် အလျှံပယ်ဖြစ်လာကာ ဈေးပင် ထိုးကျလာနေသည်ဟု ကုလ မူးယစ် ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့က ဆိုသည်။ ဖမ်းဆီးရမည့်သည့် ပမာဏ သည် ထိုင်းတွင် ၂၀%၊ မလေးရှားတွင် ၄၀% နှင့် ‌လာအိုတွင် ၆၂၀% အထိ စံချိန်တင် မြင့်တက်သွားပြီ ဖြစ်သည်။

ယခုအခါ ကမ္ဘာတဝှမ်းက ရုရှားအား တက်ညီလက်ညီ စီးပွားရေး ပိတ်ဆို့ လာနေသည့် အရှိန် အဟုန် ကို အခွင့်ကောင်းယူကာ မြန်မာရှိ စစ်အာဏာရှင်များကိုလည်း အလားတူ လောင်စာ ဆီများ  ပိတ်ဆို့ရန် အပူတပြင်း တောင်းဆိုလာနေကြပြီ ဖြစ်သည်ဟု ဝေါ်စထရိ ဂျာနယ် သတင်းစာကြီးတွင် ရေးသားလာခဲ့သည်။ ရုရှားဖက် ယိမ်းသွားမည် ဆိုသော အနောက်နိုင်ငံများ အနေဖြင့်  စိုးရိမ်ကြောင့်ကြစရာ မလိုတော့သည် အခြေကို ဆိုက်လာခဲ့၍လည်း ဖြစ်သည်။

စစ်တပ်သည် ‌တိုက်လေယာဉ်များ နှင့် အရပ်သားများ အပေါ် ဗုံးကြဲတိုက်ခိုက်လာနေသည့် အတွက် ငါးနှစ် အရွယ် လူပမယ် ကလေး သူငယ်များ အပါအဝင် အမြောက်အမြား သေဆုံး နေကြသည်ဟု ပြီးခဲ့သည့် လ က ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် လေယာဉ်ဆီများကို မည်သည့်နေရာမှ ဝယ်ယူတင်သွင်းနေသည်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။ သို့သော် ယခု အချိန်အထိ နိုင်ငံများက စစ်တပ်ထံ တင်ပို့ ရောင်းချနေကြဆဲ ဖြစ်သည်ဟု ထောက်ပြခဲ့ကြသည်။  ၁၀၀% နီးပါးသည် စင်္ကာပူရှိ သိုလှောင်ကန်များမှ တင်ပို့နေခြင်း ဖြစ်သည်ဟု သတင်းစာက ဆိုသည်။ ရှဲလ်၊
အက်ဆွန် မိုဘီးလ် နှင့် ချေဗရွန်တို့က ကြားပွဲစားများကို ရောင်းချပြီး ၎င်းတို့မှတဆင့် ပြန်တင်ပို့နေကြခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

လောင်စာဆီများကို Singapore Refining Co. ၏ ဆိပ်ကမ်းမှ ရန်ကုန်ရှိ သီလဝါ ဆိပ်ကမ်းသို့ တိုက်ရိုက် တင်ပို့နေခြင်း ဖြစ်သည်။ အဆိုပါ ဆိပ်ကမ်းအား ချေဗရွန် နှင့် တရုတ် အစိုးရပိုင် PetroChina ၏ လက်ခွဲ Singapore Petroleum Company တို့ ဖက်စပ်လုပ်ကိုင်နေခြင်း ဖြစ်သည်။

ထို့အတွက် လေယာဉ်ဆီများ ရောင်းချရန် ပိတိပင်မည် ဆိုက စင်္ကာပူရှိ ကုမ္ပဏီများ လိုက်နာရန် အထူးလိုအပ်သည်ဟုလည်း ထောက်ပြခဲ့သည်။

ဝေါ်စထရိ ဂျာနယ်မှ ထိုသို့ လူသိရှင်ကြား ဖေါ်ထုတ်လိုက်ခြင်းကြောင့် နိုင်ငံတွင်း ဖြစ်ပေါ် နေသည့် အကြမ်းဖက် လုပ်ရပ်များကို ရဲရဲတောက် ဆန့်ကျင်နေသည့် စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး အဖို့ မျက်နှာပူစရာ ဖြစ်လာရပေသည်။

လက်ရှိတွင် ကမ္ဘာတဝှမ်းရှိ လူ့အခွင့်အရေး အဖွဲ့များ၊ ဗြိတိသျှ ပါလီမန် အမတ်များပါမကျန် မြို့ပြ အဖွဲ့အစည်း အသီးသီးက တညီတညွတ်တည်း ပိုမို ကျယ်လောင်စွာ တောင်းဆိုလာနေပြီ ဖြစ်၍ အနှေး နှင့် အမြန် ဖြစ်လာမည်ကား သေချာနေပြီ ဖြစ်သည်။

ထိုသို့ ပြောင်းလဲလာနေသည့် နိုင်ငံတကာ အခြေအနေများ ကြောင့် မိမိတို့ အဖို့ ၂၀၂၂ ကျော်၍ ဆက်လက်တည်မြဲနေပါဦးမည်လောဟု အိမ်တွင်းအောင်းကာ တွေးတောနေသောကြောင့် လည်း ဖြစ်နိူင်ပေသည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

Image Credit – Rest of World