D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၃၅)

by Hla Soewai - Mar 10 2022

ဟယ်လင်သည် ဗီကာရီ ရုံးသို့ လွန်ခဲ့သည့် မိနစ် နှစ်ဆယ်‌လောက်က ဖုန်းဆက်လာခဲ့သည်။ တယ်လီဖုန်း စကားပြောခွက်ကို ကောက်ကိုင်လိုက်သည့် အခါတွင်တော့ မျှော်လင့်မထားသည့် သူမ အသံကို ကြားလိုက်ရခြင်း ဖြစ်သည်။ ဘုသီက သူ၏ နောက်ထပ် ပြောင်မြောက်သည့် လုပ်ရပ်အကြောင်း ပြောနိုင်ရန် အပေါ်ထပ်ရှိရာ သူ့ရုံးခန်းသို့ လာရန် ခေါ်တာများလား။ ဟာရီကလည်း ကက်သရင်း ဘလိတ်သည် ပီတာ ဂျော်ဒန်မှ သူမအား နောက်ထပ် တွေ့ရန် အကြောင်းမရှိဟု ပြောလာ၍ စိတ်ဆိုးမန်ဆိုးနှင့် မျက်နှာတည့်တည့်ကို သေနတ်နှင့် ပစ်သွားပြန်ပြီဟု ဖုန်းဆက် အကြောင်းကြားလာချင်းများလား တခုခု ဖြစ်မည်ဟု သူ မျှော်လင့်နေခဲ့သည်။


ဟယ်လင်၏ "ဟဲလို ဒါလင်၊ ကျမပါ" ဟု ပြောလာသည့် အသံကို ကြားလိုက်ရသည့် အခါတွင်တော့ အသက်ရှူ ရန် ပင် မေ့သွားမတတ် ဖြစ်ခဲ့ရသည်။ သူမသည်လည်း သူတို့ထဲက အေးဂျင့် ကောင်းတယောက်လို နာမည်ကို ထုတ်မပြောခဲ့၊ "ကျမကို လာတွေ့နိုင်မလား၊ ရှင့် ရုံးရဲ့ ရှေ့တည့်တည့် ဖုန်းရုံထဲကနေ ဆက်နေတာ၊ ကျေးဇူးပြုပြီး လာခဲ့ပါလား အယ်ဖရက်ရယ်" ဆို၍ ထွက်လာခဲ့ခြင်းလည်း ဖြစ်သည်။


"ကျမ အဖေ နဲ့ ရှင်ရဲ့ ညွန်ချုပ်နဲ့ မိတ်‌ဆွေတွေ၊ ပြီး‌‌ တော့ ဒေးဗစ်ကလည်း ဘုသီ နဲ့ ကောင်းကောင်းရင်းနှီးတယ်၊ ရှင့်ကို ခေါ်သုံးနေတယ်ဆိုတာ ကျမ သိထားတာ ကြာပြီ"


"မင်း ရဲ့ အဖေ၊ ဒေးဗစ်၊ ဘာဆယ် ဘုသီတို့က ကိုယ့် အနှစ်ခြိုက်ဆုံး လူ‌ တွေ ဆိုတော့"


"မစိုးရိမ်ပါနဲ့ ‌အယ်ဖရက်ရယ်၊ သူတို့ ရှင့်အကြောင်း ထိုင် ‌ ဆွေးနွေးနေကြတာ မဟုတ်ပါဘူး"



"အဲ့ဒီ အတွက် ကျေးဇူးတင်ပါသတဲ့ဗျာ"


ဟယ်လင်က သူ့လက်ကို ညှစ်လိုက်ရင်းက " ဘယ်လို ဘယ်လိုများ ရှင် ဒီအလုပ်မျိုးတွေ လုပ်တဲ့ အဖြစ် ရောက်ခဲ့ရတာလဲ"


ဗီကာရီ က  စစ်ကြီးမတိုင်မီက ချာချီ နှင့် သိကျွမ်းလာခဲ့ရပုံ၊ ချပ်ဝဲလ်တွင်  ချာချီ ရှိစဉ်ကတည်းက သူ၏ အနီးကပ် အကြံပေး အဖွဲ့ထဲ ဆွဲသွင်း ခံခဲ့ရပုံ၊ ပြီးနောက် ၁၉၄၀ မေလ ၏ ညနေခင်းတခုတွင် ချာချီက ရေချိုးခန်းထဲ ခေါ်ပြီး ယခု အလုပ်ကို ပေးလာခဲ့ပုံများ ကို ပြောပြလိုက်သည်။


"အိုး..တကယ်ပဲ သူ ရေချိုးနေတုံး ရှင့်ကို ခိုင်းတာ"


ဗီကာရီ က ခေါင်းငြိမ့်ပြလိုက်ရင်း ထိုစဉ်က အဖြစ်ကို ပြန်ပြောင်းသတိရလိုက်ပြီး ပြုံးလိုက်မိသည်။


"ဝန်ကြီးချုပ်က ကိုယ်တုံးလုံးကြီးနဲ့ ကျ ဘယ်လိုပုံ ဖြစ်နေလဲ"


"သူ့ အသားရောင်က ပန်းရောင်ထနေတာ၊ ကြည့်ရတာ ကြောက်ဖို့တောင် ကောင်းတယ်၊ ကိုယ့်အဖို့တော့ နောက်ပိုင်း တနေ့လုံး "Rule Britannia" သီချင်း ကို ညည်းနေရတဲ့ အထိပဲ"


ဟယ်လင်က သူ့စကားကြောင့် ရယ်လိုက်ရင်း "ရှင့် အလုပ်က အတော်ကို စိတ်လှုပ်ရှားစရာ ရင်တမမ နဲ့ ဖြစ်နေမှာပဲနော်"



"အဲ့လိုမျိုးလည်း ဖြစ်တယ်၊ တခါတခါကျ အတော်ကိုလည်း ပျင်းစရာ ကောင်းပြန်ရော"



"ရှင် သိထားတဲ့ လျို့ဝှက်ချက်တွေကို တ‌ယောက်ယောက်ကို ပြောပြချင်စိတ်မျိုးကော မပေါက်ဘူးလား"



"ဟယ်လင်!"


"မဟုတ်ပါဘူး မေးကြည့်တာပါ"


"အဲ့လိုမျိုး တခါမှ မဖြစ်ဖူးဘူး"


"ကျမဆိုရင်တော့ ဖြစ်မှာပဲ" ဟု ပြောရင်း သူမသည် အဝေးသို့ ငေးကြည့်လိုက်ပြန်သည်၊ "ရှင့်ကြည့်ရတာ ကြည့်လို့ကောင်းတယ်၊ ပိုလည်း ‌ချောလာတယ်၊ စစ်ကြီးက ရှင်နဲ့ အဆင်ပြေနေပုံရတယ်"


"ကျေးဇူးတင်ပါတယ်"


"ကျမလေ ရှင်ဝတ်နေကျ ချည်ကတ္တီပါ ဘောင်းဘီရှေ နဲ့ သက္ကလပ်ကြမ်း အပေါ် အင်္ကျီကို သတိရနေမိတာတော့ ကျမ ဝန်ခံရတော့မှာပဲ၊ အခုကျတော့ ရှင်က ဒီပြင်လူတွေလို မီးခိုးရောင် ဝတ်စုံနဲ့ ဖြစ်နေပြီ"



"အဲ့တာက ဝှိုက်ဟော မှာ လုပ်တဲ့ လူတိုင်း ဝတ်ရတဲ့ ယူနီဖောင်းပါ၊ အဲ့လို ဝတ်လာတာ ကြာတော့ အကျင့်တောင် ဖြစ်လာနေပြီ၊ အပြောင်းအလဲ လုပ်ရတာကိုလည်း သဘောကျလာတယ်၊ ‌ဒါ‌ ပေမယ့် စစ်ကြီး ပြီးသွားရင်း ကိုယ်ရဲ့ နဂိုမူလ တက္ကသိုလ် ကို ပြန်သွားရမှာ ကိုလည်း ဝမ်းသာနေမိတယ်။"



သူ့ပါးစပ်က တကယ်တမ်း ထိုသို့ စကား ထွက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့၍ မယုံနိုင်အောင် ဖြစ်မိပြန်သည်။ MI-5 ကို သူ့ဘဝ၏ ကယ်တင်ရှင်ကြီး အဖြစ် တခါက မှတ်ယူထားခဲ့၍လည်း ဖြစ်သည်။ ယခုအခါတွင်တော့ ထိုသို့ မှတ်ယူထားခဲ့ခြင်းသည် လုံးဝမှားယွင်းနေပြီကို သိလာခဲ့ပြီလည်း ဖြစ်သည်။


MI-5 တွင် တရက်တရက် နာရီပေါင်း များစွာကြာအောင် လုပ်ရခြင်း၊ စိတ်လှုပ်ရှားခဲ့ရမှုများ၊ ဘုသီ နှင့် တိုက်ပွဲများ၊ သူကဲ့သို့ပင် အရင်က တခါမှ ယခုလို အလုပ်မျိုး မလုပ်ဖူးသော်လည်း တာဝန်ကျေအောင် တစိုက်မတ်မတ် ကိုယ်ရော စိတ်ပါ နစ်မြုပ်ထားသူများ နှင့် အတူတွဲလုပ်ရခြင်း များအပြင် ရုံးကန်တင်းက စား၍ မရအောင် ညံ့ဖျင်းသော ဟင်းလျာများကိုပါ နှစ်ခြိုက်လာမိသည်။ စစ်ကြီးပြီးလျှင် ဒီဌာနမှာပင် ဆက်လုပ်ခွင့် ရအောင် ပြောမည်ဟုပင် တခါက စိတ်ကူးပေါ်ခဲ့မိသေးသည်။ သို့သော် မိမိနိုင်ငံကိုဖျက်ဆီးမည့် အန္တရာယ်ကြီးက ယခုအချိန်လို ခေါင်းပေါ်တွင် ဓါးကြီးမိုးထားသလိုမျိုး မရှိတော့သည့်အခါ အခြေအနေများက တမျိုးဖြစ်ချင် ဖြစ်လာနိုင်သည်။


နောက်ထပ်တခု လည်း ရှိနေပေသေးသည်။ သူတွင်ရှိသည့် ညဏ်ရည်ညဏ်သွေး ထက်မြက်မှုသည် ထောက်လှန်းရေး လုပ်ငန်းမျိုးနှင့် လိုက်ဖက်နေမှန်း သိနေသော်လည်း ထိုလုပ်ငန်း၏ သဘော သဘာဝ ကိုယ် စိတ်ထဲက မသတီသလို ခံစားနေရသည်။


သူသည် သမိုင်း ပညာရှင်တဦး ဖြစ်သည်။ သမိုင်းပညာရှင်တဦး ၏ သဘောသဘာဝ ကိုယ်နှိုက်ကပင် အမှန်တရားကို ရှာဖွေဖေါ်ထုတ်ရခြင်းမျိုးပင် ဖြစ်သည်။ ထိုသို့ ဖေါ်ထုတ်တတ်အောင်လည်း လေ့လာသင်ယူခဲ့ရသည်။ ထောက်လှန်းရေး အတတ်ပညာ ဆိုသည်က လိမ်လည် လှည်ဖျားရခြင်းမျိုးသာ ဖြစ်သည်။ သစ္စာဖောက် ရခြင်းမျိုး၊ မိမိဖြစ်စေချင်သည်ကို နည်းမျိုးစုံ သုံး၍ အကောင် အထည် ဖေါ်ရခြင်းမျိုး၊ ရန်သူ၏ နောက်ကျောကို ဓါးဖြင့် ထိုးဖို့လိုလည်း ထိုးရသည်၊ ရန်သူသာ မဟုတ် မိတ်ဆွေကိုလည်း မလုပ်မဖြစ် လုပ်ဖို့ လိုအပ်လာခဲ့လျှင် ထိုသို့ လုပ်ရန်လည်း ဝန်လေးခြင်းမျိုး မရှိရ၊ ထိုသို့သော လူမျိုး တ‌ယောက် အဖြစ် နေသွားရမည့် အရေးကို တကယ်တမ်းကျ နှစ်ခြိုက်မှု ရှိမရှိကို သူ့ကိုယ်သူလည်း မဝေခွဲနိုင် ဖြစ်နေရသည်။



"ဒါနဲ့ စကားမစပ် ‌ဒေးဗစ်ကော" ဟု ဗီကာရီက မေးလိုက်သည်။



ဟယ်လင်က သက်ပြင်းတချက်ကို လေးကန်စွာ ချလိုက်ပြီး "ဒေးဗစ်ကတော့ ဒေးဗစ်အတိုင်းပါပဲလေ" ဟု ပြောလိုက်ပြီး သူမ၏ အဖြေသည် ထိုစကားတခွန်း တည်းနှင့်ပင် လုံလောက်သွားပြီဟု ယူဆလိုက်ဟန် ရှိသည်၊ "သူက ကျမကို တောဖက် ပို့ ထားပြီး၊ သူ့ကျတော့ လန်ဒန်မှာပဲ နေတယ်၊ သူက ရေတပ် မှာ ကော်မရှင် အဖွဲ့တခုကို ဦးဆောင်နေတယ်၊ နှစ်ပတ်တခါ၊ သုံးပတ်တခါလောက်တော့ ကျမ လာတွေ့တယ်၊ သူက ကျမ မရှိလေ သဘောကျလေ ဆိုတဲ့ လူမျိုး၊ ဒါမှလည်း အခြား သူဝါသနာ ပါတာမျိုး လွတ်လွတ်လပ်လပ် လုပ်ခွင့်ရမှာကိုး"


ဟယ်လင်က ထိုသို့ မကွယ်မဝှက် ပြောလိုက်၍ ဗီကာရီ တယောက် အနေရ အထိုင်ရ ကျပ်သွားသလို ခံစားလိုက်ရသည်။ ဒေးဗစ် လင်ဆေး သည် မယုံနိူင်လောက်အောင် ချမ်းသာကြွယ်ဝသူ ဖြစ်ပြီး ရုပ်ရည်ကလည်း ချောမောသူ ဖြစ်ပြန်သဖြင့် မိန်းမလိုက်စားသူ တဦး အဖြစ် နာမည်ဆိုးနှင့် ကျော်ကြားနေသူလည်း ဖြစ်သည်။ ဒါကြောင့်လည်း သူနဲ့ ဘုသီတို့ ပေါင်းမိနေကြတာပဲ ဟု ဗီကာရီက တွေးမိလိုက်သည်။


"ရှင့် အနေနဲ့ မသိချင်ယောင် ဆောင်နေဖို့ မလိုပါဘူး အယ်ဖရက်၊ ဒေးဗစ်နဲ့ သူဝါသနာကို အားလုံးသိထားကြတယ်ဆိုတာ ကျမ သိပြီးသားပါ၊ ကျမ အဖို့ ကျင့်သား ရနေပါပြီလေ၊ ဒေးဗစ်က မိန်းမတွေကို သဘောကျတယ်၊ မိန်းမ‌တွေကလည်း သူ့ကို သဘောကျကြတယ်၊ အတော်ကို လိုက်ဖက်နေကြတဲ့ သဘောပဲ"


"ဒါဆိုလည်း ဘာလို့ ဆက်ပေါင်းနေသေးလဲ"


"အိုး...အယ်ဖရက်" ဟု ပြောလိုက်ရင်း သူ့စကားကို လက်ဟန်ခြေဟန်ဖြင့် ပယ်ချလိုက်သည်။


"မင်း မှာ အခြားတယောက်ယောက်ကော ရှိမနေဘူးလား"


"ရှင် ဆိုလိုတာ အခြား ‌ယောက်ျားတွေ လား"


ဗီကာရီက ခေါင်းငြိမ့်ပြလိုက်သည်။