D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၃၇)

by Hla Soewai - Mar 12 2022

D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို
(၁၃၇)


လမ်းလျှောက် ပြန်လာခဲ့ရင်းက ဖြစ်နိုင်လျှင် ပြေးပင် ပြေးလိုက်ချင်နေမိသည်။ ပြန်လာသည် ဆိုသော်လည်း သူ၏ ခြေလှမ်းများက ဦးတည်ရာမဲ့ ရွေ့လျားနေသည်။ သူ့ ဒူးခေါင်းတဝိုက်ရှိ အမာရွတ်ပေါ်က အသား တစ်ရှူးစများ စပ်ဖျင်းဖျင်း ဖြစ်လာနေသည်။ လမ်းလျောက်နေရင်းက ဆေးလိပ် အသောက်များ၍ ထွက်လာသော ချောင်းဆိုးသံသည် ပန်းနာရင်ကြပ်သမား တ‌ဦးလို တဟွတ်ဟွတ်ဖြစ်လာနေသည်။


ဂရင်းပတ် ပန်းခြံထဲရှိ သစ်ရွက်များ မရှိတော့သည့် သစ်ကိုင်းများက လေအဝှေ့တွင် ယိမ်းထိုးနေသည်။ လေတိုး လာ၍ ကြယ်သီး တပ်မထားသော သူ၏ မိုးကာအင်္ကျီသည် ဗတ်လပ် ဗတ်လပ် နှင့်  ခန္ဓာကိုယ်မှာ ဆုတ်ပြဲ လွင့်ထွက်သွားမလားပင် ထင်ရသည်။ မိုးကာ ကို လည်ပင်း တဝိုက်မှ ဆုတ်ကိုင်ထားလိုက်ရသည်။ လန်ဒန်ကို အမှောင်ချထားမှုက အနက်‌ ရောင် ကတ္တီပါစ ကြီးနှင့်  တဖြေးဖြေး လွှမ်းခြုံလာသည့်အလား တစတစ မှောင်မဲလာနေသည်။ အမှောင်ထဲတွင် ကသုတ်ကယက် လျှောက်လာပုံရသည့် အမေရိကန် တယောက်ကို ဝင်တိုက်မိမလို ဖြစ်သွား၍ တောင်းပန်စကား ပြောလိုက်ရပြန်သည်။


သူ လမ်းလျှောက်နေပုံသည် သူ့စိတ်နှင့်သူ မဟုတ်တော့ပဲ စက်ခါးပတ်ကြီး နှင့် သယ်ဆောင်ပေးနေသလို ခံစားမိပြန်သည်။ ဒဏ်ရာရခဲ့စဉ်က နာလံထ အဖြစ် နေခဲ့ရသည် ဆပ်ဆက်စ်က ဆေးရုံကို ချက်ခြင်းလို အမှတ်ရလာခဲ့သည်။ ကျောရိုးတွင် သေနတ် ကျည်ဆံ ထိမှန်ခဲ့သည့် လူငယ်လေးသည် လက်နှင့် ခြေထောက်များ ကို လှုပ်ရှားနိုင်ခြင်း မရှိတော့၊ သူ၏ အကြောသေနေသော ခြေလက်အင်္ဂါများကို ဆရာဝန်များက လှုပ်လှုပ်ရှားရှားဖြစ်အောင် လုပ်လာသည့် အခါတိုင်း တကိုယ်လုံး ထုံထိုင်းနေသည့် ခံစားမှုမျိုး ရလာခဲ့သည်ဟု သူ့ကို ပြောပြခဲ့ဖူးသည်။



"အိုး..,မိုင်ဂေ့ါ့၊ မင်း ဘယ်လိုများ သောက် ဘုသီလို လူမျိုးနဲ့ သွား ပတ်သက် ခဲ့ရတာတုန်း၊ ဖြစ်မှဖြစ်ရလေ ဟယ်လင်" ဟု တွေးရင်း သူတို့နှစ်ဦး ချစ်တင်းနှီးနှောနေသည့် ရွံရှာဖွယ် ပုံရိပ်များက သူ့ အတွေးထဲ ဝင်လာခဲ့ပြန်သည်။ မျက်လုံးများကို တင်းတင်း မှိတ်လိုက်မိပြီး ပျောက်ပျက်သွားအောင် ခေါင်းကို ခါရမ်းလိုက်မိသည်။ "ဘုသီက လွဲ ကျန်တဲ့ ကောင် ဘယ်သူမဆို ငါခံသာသေးတယ်"



‌တွေးရင်းက သူဘယ်ရောက်နေပြီလဲ သိရန် ဘေးဘီကို အကဲခတ်လိုက်မိသည်။ မြစ်၏ အနံ့အသက်များက နှာခေါင်းထဲ တိုးဝင်လာ၍ ဝိတိုရိယ တာရိုးဖက် ရောက်နေမှန်း သိလိုက်သည်။ ဆွဲသင်္ဘောများဖြင့် ဝမ်းပြားရေယာဉ်များကို ဆွဲယူနေကြသည်၊ မီးများ မှိတ်ထားရသဖြင့် မြူများ ကျလာလျှင် အချက်ပေးသည့် ဥဩ များကို အဝေးမှပင် ဆွဲကာ ခုတ်မောင်းနေကြသည်။ ဘယ်ဖက်မှ ငြည်းသံလိုလို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ စစ်သားတယောက်၏ ဘောင်းဘီထဲ လက်နှိုက်နေသော ခပ်ပျက်ပျက် အမျိုးသမီး တယောက်ကို တွေ့လိုက်ရ၍ ဘုရားတ လိုက်ရင်း မျက်နှာကို တဖက်သို့ ခပ်မြန်မြန် လွှဲလိုက်ပြီး ဆက်လျှောက်လာခဲ့သည်။


ဘုသီရုံးကို တန်းသွားပြီး သူ့မျက်ခွက်ကို လက်သီးစာကြွေးချင်နေမိသည့် စိတ်များ တဖွားဖွား ပေါ်လာနေသည်။ သို့သော် ဘုသီ၏ ခန္ဓာကိုယ် အရွယ်အစား နှင့် သိုင်းတတ်သည်ဟု ကြားထားသော ကောလဟသများကြောင့် ကိုယ့်ကိုကိုယ် သေကြောင်းကြံသည်နှင့် မခြား ဖြစ်သွားနိုင်သည်။


ဆိုင်သို့ ပြန်သွားပြီး ဖြစ်ချင်ရာ ဖြစ် ဟယ်လင်ကို အိမ်သို့ ပြန်ခေါ်သွားချင်စိတ်များ ပေါက်လာပြန်သည်။ တဆက်တည်း ဆိုသလို အမှုများက ခေါင်းထဲ တသီကြီး ဝင်လာပြန်သည်။


ဗိုဂဲလ် ဖိုင်တွဲထဲ တွင် အခွံကြီးသာ ကျန်နေခဲ့မှု၊ ကျွန်တော် ဘုသီကို အကုန်ပြောပြီးပြီ ဆိုသော ထောင်ထဲက  ကားလ် ဘက်ကာ ၏ စကား၊ ရို့စ် မော်လီ၏ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော မျက်နှာ၊ ဘုသီ အခန်းထဲမှ မျက်ရည်လည်ရွှဲဖြင့် ပြေးထွက်လာသော ဂရေ့စ် ကလာရင်ဒန်၊ ဘုသီ ၏ အောက်စဖို့ ကျောင်းသား စပိုင် ဟော့ခ်၊ ပီလီကန် တို့ ၏ ပုံရိပ်များလည်း ပြန်မြင်‌ယောင်လာပြန်ပြီး သူ့ကိုယ်သူလည်း ဘုသီ ထိန်းချုပ်ခြင်း ခံထားရသည့် စပိုင်တယောက်များ ဖြစ်နေလေမလား အတွေးဖြင့် စိတ်ထဲ စနိုးစနောင့် ဖြစ်လာခဲ့ပြန်သည်။



ဘယ်ရောက်နေလဲဆိုကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြန်သည်။ နော့အမ်ဘာလန်း ရိပ်သာလမ်းကို ရောက်လာပြီ ဖြစ်၍ ခပ်ဖြေးဖြေးပဲ ဆက်လျှောက်လာရင်း ညဖက် ယာဉ်သွားယာဉ်လာများ ဆီမှ ထွက်လာသော အသံများကို အရသာခံ နားစွင့်နေမိသည်။


သူ့မျက်စိ တည့်တည့် တွင် ဆွဲဆောင်မှု ရှိသည့် အမျိုးသမီးငယ် တဦးသည် လမ်း‌ဘေးတွင် ရပ်ကာ ဖြတ်သွားသည့် ကားများကို စိတ်မရှည်သည့် မျက်နှာပေးဖြင့် ရပ်ကြည့်နေသည်။ ကြည့်ရင်းက ထိုအမျိုးသမီးသည် ဂရေ့စ် ကလာရင်ဒန် ဖြစ်နေမှန်း သိလိုက်သည်။ ငွေရောင် ဖက် လုနေသော ‌ရွှေရောင်ဆံပင်၊ နှုတ်ခမ်းနီ ရဲရဲနှင့် ဖြစ်၍ အမှတ်မှားနိုင်စရာ အကြောင်းမရှိ၍ စိတ်ထဲ တုန်လှုပ်သွားမိသည်။ ကြည့်နေရင်းက အမည်းရောင် ဟမ်ဘားကားကြီးတစီး သူမရှေ့သို့ ထိုးစိုက်လာသည်။ ကား တံခါး ပွင့်လာပြီး ဂရေ့စ် ကားထဲ ဝင်ထိုင်လိုက်သည်။ ကားသည် လမ်းပေါ်ရှိ ယာဉ်ကြောထဲသို့ လျောကနဲမောင်းဝင်သွားရင်း သူ့ရှေ့ဖြတ်လာ၍ တဖက်သို့ မျက်နှာလွှဲလိုက်ရသည်။


*********************************


ဗီကာရီသည် ဝက်စ် ဟော်လ်ကင် လမ်းဖက်သို့ ကားဖြင့် ထွက်လာခဲ့သည်။ ည နက်လာပြီ ဖြစ်ပြီး မိုးများက နွေဦး၏ မိုးခြိမ်းသံများနှင့်အတူ သဲသဲမဲမဲ ရွာနေသည်။ ဗီကာရီသည် ကားမှန်တွင် ကပ်လာနေသည့် ရေငွေ့များ ကို ရှေ့ကို မြင်သာယုံ သုတ်လိုက်ပြီး အပြင်သို့ ကြည့်လိုက်သည်။ ပလက်ဖေါင်းပေါ်တွင် သွားလာနေသော လန်ဒန် မြိုသူမြို့သားများက ရန်သူ စစ်တပ်ကြီး ချည်းကပ်လာနေ၍ ထွက်ပြေးလာကြသော ဒုက္ခသည်များအလား ကသုတ်ကရက်နှင့် သွားလာနေကြသည်။ ၎င်းတို့ လက်ထဲက ထီးများလည်း လေတိုးသည့် ဒဏ်ကြောင့် အပေါ်သို့ လန်ကုန်သည်။ လက်ထဲက ကိုင်လာသော ဓါတ်မီးများ၏ အလင်းရောင်သည် စွတ်စိုနေသော အမှောင်ထုထဲတွင် ဖျော့တော့စွာ လင်းလက်နေသည်။


ထိုအဖြစ်များကို ကြည့်ရင်း မိမိသည် ကံကြမ္မာ၏ စေစားချက်ကြောင့် သူတို့နှင့် အတူ သွားလာနေရမည့်အစား အစိုးရပိုင် ကားတစီး ပေါ် ရောက်နေရသည့် အဖြစ်ကို တွေးမိသွားပြန်သည်။ ဟယ်လင်ကိုလည်း သတိရမိသွား၍ အခုနေ ဘယ်ရောက်နေပြီလဲဟူသော အတွေးက ရုတ်ခြည်းဆိုသလို ဝင်လာခဲ့ပြန်သည်။ တနေရာရာတွင် နွေးနွေးထွေးထွေး နှင့် လုံခြုံစွာ ရှိနေလိမ့်မည် ထင်သည်။


ဘုသီ ကားနောက်ခန်းထဲ ပါသွားသော ဂရေ့စ် ကလာရင်ဒန် အကြောင်း စဉ်းစားလိုက်မိပြန်၍ ဒီအမျိုး သမီး ဘာတွေ လုပ်နေသလဲ၊ ဘုသီ နှင့်ကောအိပ်၊ ဟာရီ နှင့်ကော  အိပ် လုပ်နေတာများလား၊ ဒါမှမဟုတ် ဒီထက် အန္တရာယ် ရှိလာနိုင်သည့် တခုခုများ ကြံစည်နေကြတာလား၊ "လူယုတ်မာကြီး...ရှင် ကျမ ကို  အဲ့တာမျိုး ခိုင်း လို့မရဘူး" ဟု ဘုသီ ရုံးခန်း၏ ပိတ်ထားသော တံခါးရွက်များ နောက်က ဒေါသတကြီး နှင့် အော်ပြောလိုက်သော ဂရေ့စ်၏ အသံကို ပြန်ကြားယောင်လာမိသည်။


မင်းကို သူ ဘာတွေ လုပ်ခိုင်းနေလဲ ဂရေ့စ်၊ ငါ့ကိုယ်တိုင် မစဉ်းစားတတ်တော့ မင်းပြောမှပဲ ဖြစ်တော့မယ်။


ကားက ထိုးရပ်သွား၍ ဗီကာရီလည်း လက်ထဲက ဘရိဖ်ကေ့စ် နှင့် ခေါင်းကို မိုးကာ အိမ်ထဲသို့ ပြေးဝင်လာခဲ့သည်။ အိမ်ထဲတွင်လည်း လန်ဒန် အနောက်ခြမ်းက ပြဇာတ်ရုံထဲတွင် ဖွင့်ပွဲည အတွက် ပြင်ဆင်နေကြသလိုမျိုး တွေ့လိုက်ရသည်။


နောက်ယောင်ခံ စောင့်ကြည့်မိသူများက အပြင်တွင်ရာသီဥတု ဆိုးဝါး‌ နေသည့် အတွက် အဝတ်အစားများ ရွေးကာ ဝတ်သူကဝတ်၊ အချင်းချင်း စကားတွေ ပြောနေသူက ပြောနှင့် တက်တက်ကြွကြွ ရှိနေကြသည်။ အသံဖမ်း ပညာရှင်များကလည်း ဂျော်ဒန် အိမ်မှ ထွက်လာမည့် အသံအား ကောင်းကောင်း ဖမ်းယူနိုင်မှု ရှိမရှိသိရရန် မိုက်ကရို ဖုန်းကို စမ်းသပ်နေကြသည်။ မီးဖိုချောင်ဖက်မှ မွှေးကြိုင်သည့် ဟင်းနံ့များလည်း ပျံ့လွင့် ထွက်လာနေသည်။


အိမ်ထဲရှိ လှုပ်လှုပ်ရှားရှား ဖြစ်နေသော လူများက ဗီကာရီ ၏ တင်းမာနေပုံရသည့် မျက်နှာရိပ် မျက်နှာကဲ ကြောင့် သူ့အား စကားပြောဖို့ မကြိုးစားကြတော့ပဲ သူတို့ လုပ်စရာ ရှိသည်များကိုသာ ဆက်လုပ်နေကြသည်။ ဗီကာရီလည်း သူတို့ ကြားမှ ဖြတ်ကာ ကွပ်ကဲရေး ရုံးခန်းရှေ့ လှေကားမှ တဆင့် သူ့ရုံးခန်း ရှိရာ စာကြည့်ခန်းသို့ တက်လာခဲ့လိုက်သည်။


လက်ထဲက ဘရိဖ်ကေ့စ်ကို စားပွဲပေါ်တင်ပြီးမိုးကာအင်္ကျီကို ချွတ်ကာ အခန်းထဲရှိ တန်းတွင် သွားချိတ်ထားလိုက်သည်။ ထို့နောက် မှန်ရှေ့တွင် ရပ်ကာ သူ၏ ရေတပ် ယူနီဖောင်းကို ဝတ်နေသည့် ပီတာ ဂျော်ဒန် နား ကပ်သွားခဲ့သည်။


သူ့စိတ်ထဲတွင် ဂျော်ဒန်သည် ပြဇာတ်မင်းသား၊ နောက်ယောင်ခံ စောင့်ကြည်သူများသည် ဇာတ်စင် အလုပ်သမားများ၊ ဂျော်ဒန် ဝတ်နေသော ယူနီဖောင်းသည် ဇာတ်ဝင်ခန်း အတွက် ဝတ်စုံဟုပင် စိတ်ထဲ ထင်လာခဲ့ရပြန်သည်။


ဗီကာရီသည် ဂျော်ဒန်အား စေ့စေ့စပ်စပ် ကြည့်နေမိသည်။ သူ့ကြည့်ရသည်မှာ ယူနီဖောင်း ဝတ်ရသည်ကို စိတ်အိုက်နေဟန် ရှိသည်၊ ဗီကာရီ လည်း ဆယ်နှစ် တခါ ဆိုသလို နက်တိုင်ကို ထုတ်စည်းရသည့် အခါတိုင်း ဘယ်လို ဘယ်ပုံ ချည်နှောင်ရပါ့မလဲ တွေးကာ သူ့လို ဖြစ်ခဲ့ရစမြဲပင်။ ဗီကာရီက သူရောက်နေကြောင်း သိစေလိုသဖြင့် ကြားသည် ဆိုယုံလောက်  ချောင်း ဟန့်လိုက်သည်။ ဂျော်ဒန်က သူ့ဖက် တချက် လှည့်ကြည့်ပြီး ချက်ခြင်းဆိုသလို မှန်ရှိရာဖက် မျက်နှာပြန်လှည့်သွားသည်။


"အခုလို လုပ်နေရတာတွေ ဘယ်တော့ အဆုံးသတ်မှာလည်း" ဟု ဗီကာရီ အား မေးလိုက်သည်။



ယခု သူတို့ နှစ်‌ယောက် တွေ့ဆုံကြခြင်းသည် လုပ်ရိုးလုပ်စဉ် တခုသာ ဖြစ်သည်။ ဗီကာရီသည် ဂျော်ဒန် ဘရိဖ်ကေ့စ် ထဲ "ပါတီပွဲ" စာရွက်စာတမ်း အတုများကို ထည့်ပေးပြီး ကက်သရင်း ဘလိတ်နှင့် တွေ့ရန် သူ့ကို မလွှတ်မီ အမြဲလို တွေ့နေကျလည်း ဖြစ်သည်။ ထိုသို့ ‌တွေ့တိုင်းလည်း ဂျော်ဒန်က အခုလိုမေးနေကျ ဖြစ်သည်။ ဗီကာရီကလည်း သူမေးတိုင်း ဝေ့လည်ကြောင့်ပတ် ပြန်ဖြေခဲ့သည်ချည်းပင်။
"သိတ်မကြာတော့ပါဘူး၊ အားလုံး ပြီးသွားမှာပါ"


ဂျော်ဒန်က သူ့ဖက် ဆတ်ကနဲ လှည့်ကြည့်လိုက်ပြန်ပြီး လွတ်နေသော ကုလားထိုင်ဖက် လက်ညိုးထိုးပြရင်း "ထိုင်စမ်းပါဦး၊ ခင်ဗျားကြည့်ရတာ ငရဲပြည်က ပြန်တက်လာတဲ့လူ လို ဖြစ်နေပြီ၊ ဘယ်အချိန်က နောက်ဆုံး အိပ်ခဲ့သလဲ လို့ပဲ မေးရမလို ဖြစ်နေပြီ"


"ပြောရမယ် ဆိုရင်တော့ ၁၉၄၀ မေလ ညတည ဆိုပါတော့ဗျာ" ဟု ပြန်ဖြေရင်း ခုံပေါ်ထိုင်ချလိုက်သည်။



"ဘယ်လောက် မကြာခင် လဲ ဆိုတာ ကျွန်တော် ဆက်မေးရင်လည်း ခင်ဗျား အနေနဲ့ ဖြေခွင့် ရှိမယ် မထင်ဘူး"


ဗီကာရီသည် ခေါင်းကို ဖြေးညှင်းစွာ ခါရမ်းလိုက်ရင်းက "အားတော့နာတယ်၊ ခင်ဗျား ထင်သလိုမျိုးပဲ"


"ကျွန်တော်တော့ ခင်ဗျား ဖြေချင်ရင် ဖြေနိုင်တယ် ထင်တာပဲ"


"သိရတော့ကော ခင်ဗျား အတွက် ဘာများ ထူးလာမှာ မို့လို့လဲ"


"တကယ်လည်း ထူးလာစရာ မရှိပါဘူးလေ" ဟု ပြောရင်း ဂျော်ဒန်သည် အဝတ်အစား လဲဖယ် ပြီးသွားသည့် သဘောဖြင့် စီးကရက်တလိပ်ထုတ်ကာ မီးညှိ ဖွာရှိုက်လိုက်ရင်း‌ ဗီကာရီ ရှေ့က ခုံတွင် ဝင်ထိုင်လိုက်သည်။ "ကျွန်တော် အနေနဲ့ သိချင်တာ မှန်သမျှ‌ မေးခွင့် ရှိလား"


"ဒါက ခင်ဗျား ဘာမေးမလဲဆိုတဲ့ အပေါ် မူတည်ပါတယ်"