D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၃၈)

by Hla Soewai - Mar 13 2022

ဂျော်ဒန်က သူ့စကားကို သဘောကျသွားဟန် ဖြင့် ပြုံးလိုက်ရင်းက "ခင်ဗျား ကြည့်ရတာ ထောက်လှန်းရေး ဖက်မှာ အစဉ်တဆက် လုပ်လာခဲ့ပုံ မရဘူး ဆိုတာ အတော် သိသာနေတယ်၊ စစ်ကြီး မတိုင်မီက ဘာ အလုပ်များ လုပ်ခဲ့ပါလိမ့်"


"ကျွန်တော်က လန်ဒန် တက္ကသိုလ် က ဥရောပသမိုင်းဌာနရဲ့ ပါမောက္ခတယောက်ပါ" ဟု ပြန်ဖြေလိုက်ရင်း သူ့စကားသံသည် တစုံတယောက်၏ အလုပ်ရာဇဝင်ကို ဖတ်ပြနေသလို ခံစားလိုက်ရသည်။ သူ့အဖို့ ဘဝများစွာ ခြားသွားသလို ဖြစ်နေသည်။


"ဒါဆို ဘယ်လိုများ MI-5 ရောက်လာရတာလဲ"


ဗီကာရီ က ပြန်ဖြေသင့် မသင့် စဉ်းစားလိုက်ပြီး သူအဖြေသည် လုံခြုံရေး အရ မည်သို့မျှ ထိခိုက်မှု မရှိနိုင်ဟု ဆုံးဖြတ်လိုက်ပြီး သူ ဘယ်လို ဘယ်ပုံ ရောက်လာခဲ့ကြောင်း ပြောပြလိုက်သည်။


"ဒါဆို အခုလို လုပ်နေရတာကိုကော နှစ်နှစ်ခြိုက်ခြိုက် ရှိရဲ့လား"


"တခါတလေတော့လည်း သဘောကျသလို ဖြစ်မိပါတယ်၊ တခါတလေကျ လည်း လုပ်နေရတာ ကို စက်ဆုပ်လာပြီး ကျောင်းကိုပဲ ပြန်ပြေးချင်စိတ်‌ တွေ ပေါက်လာတယ်"


"ဘယ်လို အခါမျိုးလည်း"


"အခုလို အခါမျိုးပေါ့ဗျာ"

ဂျော်ဒန်ဆီမှ ဘာမှ တုန့်ပြန်မှု မတွေ့ရ၊ ထောက်လှန်းရေး အရာရှိ တဦး အဖို့ မည်မျှပင် အသဲမာသူ ဖြစ်စေ၊ အခုလို အလုပ်မျိုးကိုတော့ သဘောကျ လိမ့်မည် မဟုတ်ဆိုသည်ကို သဘောပေါက်ထားပြီး ဖြစ်ပုံရသည်။



"အိမ်ထောင် တွေ ဘာ တွေကော ရှိလား"


"နိုး"


"တခါမှ အိမ်ထောင်မကျခဲ့ဘူးပေါ့"


"ဟုတ်တယ်"


"ဘာဖြစ်လို့လဲဗျာ"


ဘုရားသခင် ‌စီမံပေးခဲ့သည့် တိုက်ဆိုင်မှု များသည် တခါတရံတွင် ပြန်မတွေး ချင်မိလောက်အောင် ဆိုးဝါးလွန်းလှသည် ဟု သူထင်သည်။ ပြီးခဲ့သည့် သုံးနာရီ လောက်ကမှ အဖြေကို သိပြီးသား မိန်းမတယောက် ရှေ့တွင် ထိုသို့သော မေးခွန်းမျိုးကို ဖြေခဲ့ရပြီး ဖြစ်သည်။ ယခု သူ၏ အေးဂျင့် က ထိုမေးခွန်းကိုပင် မေးလာခဲ့ပြန်သည်။ သူက ချိနဲ့နဲ့ ပြုံးလိုက်ပြီး
"ကျွန်တော် အတွက် သင့်တော်မယ့် အမျိုးသမီးမျိုး ရှာမတွေ့သေးလို့ ထင်ပါရဲ့ဗျာ"


ဂျော်ဒန်က သူ့အား အကဲခတ်သည့် အကြည့်မျိုးဖြင့် ကြည့်နေသည်၊ ထိုသို့‌ သော အကြည့်မျိုးကို သူ သဘောမကျမိ၊ ဂျော်ဒန်၏ အကြောင်းကို ပွင့်အံ့လာအောင် လုပ်ရမည့် သူအား ဂျော်ဒန်က  ပြန်လုပ်တာ ခံနေရပြီဟု ထင်မိသည်။


ဗီကာရီသည် သူ ကိုင်တွယ်ခဲ့ရသည့် စပိုင်တယောက်မှ  မီးခံသေတ္တာထဲ သော့ခတ် သိမ်းဆည်းထားသလို သိမ်းထားခဲ့သည့် စိတ်ခံစားမှုများထဲမှ အနာဟောင်း ကို ပြန်ဆွပြီး သွေးစိမ်းရှင်ရှင် ထွက်အောင် ပြုလုပ်ခဲ့သူ ဖြစ်သည်။ ၎င်းတို့၏ အားနည်းသည့် နေရာများကို မရရအောင် ရှာဖွေ ပြီး ထိုနေရာတည့်တည့်ကို ဓါးနှင့် အမိအရ စိုက်ပစ်ခဲ့သူလည်း ဖြစ်သည်။


ထိုသို့ လုပ်နိုင်ခဲ့သည့် အတွက်လည်း နှစ်ဖက်ချွန် သူလျိုများကို ကောင်းစွာ ကိုင်တွယ် နိုင်ခဲ့သည့် အရာရှိ ကောင်း တ‌ဦး ဖြစ်လာခဲ့ရသည် မဟုတ်ပါလား။ သူ၏ အလုပ်သဘောအရ လူစိမ်းများ၏ ဘဝများထဲ ထဲထဲဝင်ဝင် မွှေနှောက်ကြည့်ရှု့ခဲ့ရစမြဲဖြစ်ပြီး၊ ထိုမှတဖန် တွေ့လာရသည့် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာပိုင်း အားနည်းချက်များကို အမြတ်ထွက်အောင် အသုံးချခဲ့ရသည်၊ သူ၏ အားနည်းချက်များကို တော့ အထိခံစရာ မလိုခဲ့သည်ချည်းပင် ဖြစ်သည်။



အကျဉ်းထောင်ရှိ မသတီစရာ အခန်းထဲတွင် ထိုင်နေမည့် ကားလ် ဘက်ကာ ကို မြင်ယောင်လာမိသည်။ သူ ကြိုးဆွဲရာ က လာအောင်၊ လိုသလို စေစားနိုင်အောင် သူ့အနေဖြင့် လုံးဝ ထိန်းချုပ်ထားနိုင်ခဲ့သည်။ ထိုသို့ လုပ်နိုင်ခဲ့သည်ကိုလည်း သဘောကျနေမိသည်၊ လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်က ဟယ်လင်၏ စွန့်ပစ်သွားခြင်း ခံခဲ့ရ၍များ အခုလို ဖြစ်လာတာလား၊ သူ့လက်က လည်း အလိုအလျှောက် ဂျက်ကက်အင်္ကျီ အိတ်ထဲက ပလေယာ စီးကရက်ဗူးဆီ ရောက်သွားပြီး တလိပ်ထုတ်ကာ မီးညှိရက်သား ဖြစ်သွားသည်။


ဂျော်ဒန်သည် ထိုင်နေသော ခုံလက်တန်းပေါ်သို့ တတောင်ဆစ် နှင့် ထောက်ကာ သူ့မေးဖျားအား လက်နှင့် ထိထားလိုက်သည်။ မျက်မှောင်ကုတ်ပြီး ဗီကာရီ အား စိုက်ကြည့်နေသည်၊ သူကြည့်နေပုံက ပြိုလဲရန် အန္တရာယ်ရှိနေသည့် တံတားတခု ယိမ်းထိုးလာနေပုံကို ကြည့်နေသည်နှင့် တူနေသည်။


"ကျွန်တော် စိတ်ထင် ပြောရရင် ခင်ဗျားနဲ့ သင့်တော်မယ် အမျိုးသမီးကို တွေ့ခဲ့ပြီးပေမယ့် တဖက်က ခင်ဗျားကို လက်မကမ်းခဲ့ဖူး ထင်တာပဲ"


"ကျွန်တော် ပြော..."


"ကျွန်တော် ထင်တာ ဟုတ်နေပါပြီလေ"


ဗီကာရီသည် ဆေးလိပ်မီးခိုးများကို မျက်နှာကြက်ဆီ မှုတ်ထုတ်လိုက်ရင်း "ခင်ဗျား ဟာ ထက်ထက်မြက်မြက် ရှိတဲ့ လူတော်တယောက်ဆိုတာ ကျွန်တော်သိပြီးသားပါ၊ မြင်တာနဲ့ကို သိနေပါတယ်"


"အဲ့ဒီ အမျိုးသမီး နာမည် ဘယ်လိုခေါ်သလဲဗျ"


"ဟယ်လင် ပါ"


"ဘယ်လိုတွေ များ ဖြစ်ခဲ့ကြတာလဲဗျာ"


"ဆော်ရီး ပီတာ"


"အခုကော ပြန်တွေ့ ဖြစ်သေးလား"


ဗီကာရီက ခေါင်းကို ရမ်းပြလိုက်ရင်း "နိူး"


"နောင်တ ရစရာ တခုခုများ ဖြစ်ကျန်ခဲ့သေးလား"


"ကျမကြောင့် ရှင့် ဘဝ ပျက်သွားခဲ့ရတယ်လို့တော့ မပြောစေချင်ဘူး" ဆိုသော ဟယ်လင်စကားကို ပြန်ကြားယောင်လာမိသည်။ သူမကြောင့် သူ့ဘဝ ပျက်ဆီးသွားခဲ့ရတာလား၊ ထိုသို့ မဖြစ်ခဲ့ဟု သူ့ကိုယ်သူ ပြောချင်မိသည်၊ ယခုထိ တကိုယ်ရေ တကာယ နေခဲ့ကြသည့် လူအများစုလို သူလည်း အိမ်ထောင်ရက်သား ကျပြီး မိသားစု နှင့် မ‌နေခဲ့ရခြင်းသည် မည်မျှ ကံကောင်းခဲ့‌ ပေသနည်းဟု ပြောချင်မိသည်။ သူ့တွင် ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိသည်၊ သူ့ အလုပ်ကို သူ တစိုက်မတ်မတ် လုပ်နိုင်သည်၊ မည်သူကိုမျှလည်း ဖြေရှင်းပြနေစရာမလိုသည့် အဖြစ်ကို သူ နှစ်သက်မိသည်။ သူလုပ်ချင်တာ လုပ်နိုင်ဖို့ လုံလောက်သော ငွေကြေးလည်း ရှိထားပြီး ဖြစ်သည်။ အိမ်ကိုလည်း သူ့စိတ်ကြိုက် မွမ်းမံ ပြင်ဆင်ထားနိုင်ခဲ့သည်။ သူ၏ ပစ္စည်းများ၊ စာရွက်စာတမ်းများကို ‌တယောက်ယောက်က မွှေနှောက် ရှာမည်ကိုလည်း စိုးရိမ်စရာ မလို။



အမှန်အတိုင်း ပြောရမည်ဆိုလျှင်တော့ သူ့ဘဝသည် အထီးကျန် နေခဲ့သည်။ တခါတရံတွင် အတော်ကိုအထီးကျန် ဆန်ခဲ့ရသည်။ သူ၏ အောင်မြင်မှူ များ ကို ဝေမျှ ခံစားနိူင်အောင် ပြန်ပြောပြလို့ ရမည့် တစုံတယောက်တော့ ရှိစေချင်မိသည်။  ထို တစုံတယောက်ကလည်း သူ၏ အောင်မြင်မှု များ အတွက် ပြောပြလာမည့် အဖြစ်ကိုလည်း တောင့်တမိသည်။


သူ့ဘဝ ကို ဓမ္မာဓိဌာန်ကျကျ ပြန်သုံးသပ်ကြည့်မည်ဆိုက သူ့တွင် တစုံတခု ပျောက်ဆုံးနေသလိုမျိုး ဖြစ်နေသည်။ ရီမောသံများ၊ ကြင်နာမှုများ၊ အသံဗလံများ၊ ဗရုတ်ဗယက် နိုင်မှု များ ဘာဆိုဘာမျှ မရှိခဲ့။ ဘဝကို လည်း တဝက်တပျက်၊ နေရသည်ကလည်း တဝက်တပျက်၊ နောက်ဆုံး လူအဖြစ်လည်း တဝက်တပျက်သာ ပိုင်ဆိုင်နေသူ သာ ဖြစ်သည်။



ဒီအတွက် သူ နောင်တရခဲ့မိလား၊ "ဟုတ်တယ်၊ ကျွန်တော် နောင်တ ရခဲ့တယ်ဗျာ" ဟု ပြန်ပြောလိုက်သည်၊ သူ့ပါးစပ်က တကယ်ပဲ ထိုသို့ စကားမျိုး ထွက်လာရသည်ကို အံ့ဩသွားမိသည်။
"ကျွန်တော် အိမ်ထောင်မပြုခဲ့မိတော့ သားသမီးတွေ ဘာတွေနဲ့ နေရမယ့်  အခွင့်အရေး တွေ ဆုံးရှုံးသွားရတာပေါ့ဗျာ၊  ဖခင်တယောက် ဖြစ်ခွင့်ရတာကိုက တော်ရုံတန်ရုံ မဟုတ်ဘူးဗျ၊ ကျွန်တော်မှာ ချို့ယွင်းချက်‌ ‌တွေ၊၊ စရိုက်ဆန်းတွေ ရှိပေမယ့် ဖခင်ကောင်းတယောက် ဖြစ်လာလိမ့်မယ်လို့လည်း ထင်မိတယ်"


သူ့စကားကြောင့် ဂျော်ဒန် မျက်နှာသည် ပြုံးမယောင်ဖြစ်သွားပြီးမှ ချက်ခြင်းပင် တည်ငြိမ်သွားပြန်သည်။
"ကျွန်တော်အဖို့တော့ ကျွန်တော်သားက တကမ္ဘာပဲဗျာ၊ သူက ကျွန်တော်ကို အတိတ်နဲ့ ဆက်စပ်ပေးနိုင်ခဲ့ယုံတင် မကဘူး၊ အနာဂတ်ကိုလည်း လှမ်းမျှော်ကြည့်ခွင့်ရအောင် လုပ်ပေးနိုင်ခဲ့တယ်၊ ကျွန်တော်ဘဝမှာ အစစ်အမှန် ကျန်ခဲ့တာဆိုလို့ သူပဲ ရှိတော့တယ်၊ မာဂရက်လည်း မရှိတော့ဘူးလေ" ဟု ပြောရင်း စကားကို ခဏ ရပ်လိုက်ပြီး လက်ထဲက စီးကရက် ထိပ်ရှိ သေလုဆဲဆဲ မီးရောင်ကို စိုက်ကြည့်နေသည်။ "အခု ကိစ္စတွေ အမြန်ပြီးပါမှပဲ သူ့ဆီ ပြန်လို့ ရတော့မယ်၊ အကယ်လို့များ ပြန်တွေ့တဲ့ အခါ သားက "ဒက်ဒီ စစ်ကြီး ဖြစ်နေတုန်း ဘာတွေ လုပ်နေခဲ့လည်း" လို့များ မေးလာရင် ဘယ်လို ပြောရမယ်မှန်းတောင် မသိတော့ပါဘူးဗျာ".

"အမှန်အတိုင်း ပြောလိုက်ပေါ့ဗျာ၊ ခင်ဗျားက ထူးချွန်တဲ့ အင်ဂျင်နီယာ တယောက်၊ စစ်ကြီးကို အနိုင်ရအောင် ဆန်းဆန်းပြားပြားတခု တီထွင် ဆောက်ပေးခဲ့တယ်ပေါ့ဗျာ"


"အဲ့တာ အမှန်မှ မဟုတ်တာပဲဗျ"


ဂျော်ဒန် ၏ လေသံက တမျိုး ဖြစ်သွား၍ ဗီကာရီက သူ့အား ဖြတ်ကနဲ ကြည့်လိုက်မိသည်၊ သူ ‌ခုန ပြောခဲ့သည့် အထဲ ဘယ်ဟာကများ အမှန် မဟုတ်တာ ပါသွားပါလိမ့်"


"ကျွန်တော် အခု ခင်ဗျားကို  တခုနှစ်ခု လောက် မေးမယ်ဆိုရင် ခွင့်ပြုနိုင်မလား"


"ခင်ဗျား အနေနဲ့ ‌ကျွန်တော်ကို ခွင့်တောင်းနေစရာမလိုပဲ ကြိုက်တာ မေးခွင့် ရှိနေတဲ့ လူ မဟုတ်ဘူးလား"


"မေးရမယ့် အကြောင်းက အခြား အကြောင်းမျိုး ဖြစ်နေလို့ပါ"


"ကဲ...ဒါဆိုလည်း မေးဗျာ"


"ခင်ဗျား ဒီအမျိုးသမီးကို ချစ်ခဲ့လား"


"ခင်ဗျား သူ့ကို မြင်ဖူးပြီးပြီလား"


သူမေးလိုက်မှပင် ထိုအမျိုးသမီးကို လူကိုယ်တိုင် မမြင်ဖူးသေးမှန်း ဗီကာရီ သိလိုက်သည်၊ ထောက်လှန်းရေး ဓါတ်ပုံများ ထဲ တွင်သာ မြင်ဖူးခဲ့သည်။


"ဟုတ်တယ်၊ ကျွန်တော် ချစ်ခဲ့မိတယ်၊ သူက လှလည်းလှတယ်၊ ထက်ထက်မြက်မြက်လည်း ရှိတယ်၊ တဖက်သား သဘောကျအောင်လည်း ပြောနိုင်ဆိုနိူင်တယ်၊ ရုပ်ရှင် မင်းသမီး လုပ်မယ်ဆို အတော်ကို အောင်မြင်နိုင်တယ်၊ ခင်ဗျား ယုံချင်ယုံ မယုံချင်လည်း နေတော့၊ ကျွန်တော့် သားအတွက် မိခင်ကောင်းတယောက် ဖြစ်လာနိုင်တယ်လို့ ကျွန်တော် ထင်ထားတယ်"


"အခုကော ချစ်နေတုန်းပဲလား"


ဂျော်ဒန် က တနေရာရာ သို့ ငေးကြည့်လိုက်ရင်း "ကျွန်တော် အနေနဲ့ သူက နေ ဘယ်သူဘယ်ဝါလို့ ပြောလာတဲ့ လူကိုပဲ ချစ်နေမိတယ်၊ ခင်ဗျားတို့က ဒီအမျိုးသမီးက ဘယ်လိုလို့ ပြောလာတဲ့ လူကိုတော့ မချစ်မိတော့ဘူး၊ ကျွန်တော့် စိတ် ရဲ့ တစိတ်တပိုင်းလောက်က အခုထိ ကို မယုံနိုင်သေးဘူး၊ ဒီနေရာမှာ ခင်ဗျားနဲ့ ကျွန်တော် သွားတူတဲ့ တချက်တော့ ရှိနေတယ် ပြောရမယ်"

"ဘာများပါလိမ့်"


"ကျွန်တော်ရော၊ ခင်ဗျားပါ မိန်းမတ‌ယောက်ကို အမှားမှား အယွင်းယွင်း ချစ်မိသွားတယ် ဆိုတာပဲ"


ဗီကာရီ က သဘောကျသွား၍ ရယ်လိုက်သည်။ လက်က နာရီကို တချက်ကြည့်လိုက်ပြီး "ကဲ..အချိန်လင့်နေဦးမယ်"


"ကောင်းပြီလေ"


ဗီကာရီက ထရပ်လိုက်ပြီး ဂျော်ဒန်အား စာကြည့်ခန်း ရှိရာသို့ ခေါ်လာခဲ့သည်။ စားပွဲပေါ်ရှိ သူ၏
ဘရိဖ်ကေ့စ်ကို ဖွင့်လိုက်ပြီး အထဲက စာရွက်များကို ထုတ်ကာ ဂျော်ဒန်အား လှမ်းပေးလိုက်သည်။ ဂျော်ဒန်ကလည်း သူပေးသည့် စာရွက်များကို သူ့ ဘရိဖ်ကေ့စ်ထဲ ထည့်လိုက်သည်၊ ပြီးသွားသည့် အခါတွင်တော့ ဘာစကားမျှ မပြောပဲ တ‌ယောက်ကို တယောက် ကြည့်နေကြသည်။



တအောင့်လောက် အကြာတွင်  ဗီကာရီ က "အေးဗျာ အခြားနည်းလမ်း မရှိတော့လို့သာ အခုလို လုပ်ခိုင်းရတာကို ကျွန်တော် တကယ်ပဲ စိတ်‌မကောင်း ဖြစ်မိပါတယ်၊ အခုထိတော့ မရှိသေးဘူးဗျာ"


ဂျော်ဒန်က ဘာမျှပြန်မပြောခဲ့။


"ခင်ဗျားကို စစ်မေးတုန်းက ကျွန်တော် အခုထိ ဘဝင်မကျ‌နိုင်သေးတာ တခု ရှိနေတယ်၊ အဲ့တာ ဘာလဲဆိုတော့ ပိုးစာပင် စစ်ဆင်ရေး အတွက် ခင်ဗျားကို ပထမဆုံး လာချည်းကပ်ခဲ့တဲ့ လူတွေရဲ့ အမည်တွေကို ခင်ဗျား မမှတ်မိတော့ဘူး ဆိုတာပဲ"



"အဲ့ဒီ အပတ်ထဲမှာ ကျွန်တော် လူတဒါဇင် လောက် နဲ့ ဆုံခဲ့ရတော့ တဝက်လောက်ကို မမှတ်မိနိုင်တော့ဘူး"


"ခင်ဗျား ပြောတော့ တယောက်က အင်္ဂလိပ် လူမျိုးဆို"


"ဟုတ်တယ်"


"သူ့နာမည်ကို များ ဘရွမ်းလို့ ပြောသေးလား"


"ဘရွမ်းတော့ မဟုတ်ဘူးဗျ" ဟု ဂျော်ဒန်က ချက်ခြင်းလို ပြန်ပြောသည်။ "အဲ့တာကိုတော့ ကျွန်တော် မှတ်မိတယ်၊ ကဲ...ကျွန်တော်တို့ သွားကြရအောင်လား"


ဂျော်ဒန်က အခန်း တံခါးဝသို့ လျှောက်သွားသည်။


"ခဏ လေး ကျွန်တော် မေးစရာ တခု ရှိသေးလို့"


"ဘာများလဲဗျ"


"ခင်ဗျားက ပီတာ ဂျော်ဒန် ဟုတ်ပါတယ်နော်"


"ခင်ဗျား မေးခွန်းက ဘယ်လိုကြီးလဲဗျ"


"ကျွန်တော် မေးတာ ရှင်းရှင်းလေးပါ၊ ခင်ဗျား ပီတာ ဂျော်ဒန် လားလို့"


"ပီတာ ဂျော်ဒန် ပေါ့ဗျ၊ ခင်ဗျား လည်း အိပ်ရေးဝအောင် အိပ်သင့်နေပြီဗျာ"


***********************