D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၃၉)

by Hla Soewai - Mar 14 2022

အခန်း (၄၇)


LONDON


ကက်သရင်း ဘလိတ် တိုက်ခန်း ကို လှမ်းမြင်နေရသော လမ်းတဖက် ကော်ဖီဆိုင်ရှိ ပြတင်းပေါက်နား စားပွဲတွင် ကလိုက်ဖ် ရိုခ်ျ သည် ထိုင်နေသည်။ စားပွဲထိုး အမျိုးသမီးက သူမှာထားသော လ္ဘက်ရည်နှင့် ပေါင်မုန် ကို လာချပေးသည်။ သူလည်း ချက်ခြင်း လို အကြွေများကို စားပွဲပေါ် ချပေးလိုက်သည်။ ဤသည်ကလည်း သူ့အလုပ်သဘောအရ အချိန်မရွေး ထထွက်သွားဖို့ ရှိနေသောကြောင့် ထိုသို့ လုပ်ရသည်မှာ အကျင့်တခုလို ဖြစ်လာခဲ့သည်။ သူ့အား မည်သည့် အကြောင်းနှင့်မျှ လူအများ အာရုံစိုက်လာသည့် အဖြစ် ကို အရောက်မခံနိုင်။



လ္ဘက်ရည်ကို တငုံသောက်လိုက်ပြီး စားပွဲပေါ်က သတင်းစာကို ဟိုလှန်ဒီလှန် လုပ်နေခဲ့သည်။ သတင်းစာကို ဖတ်ချင်စိတ်မရှိ၊ လမ်းတဖက်ရှိ တံခါးပေါက်ကိုသာ စိတ် ရောက်နေသည်။ မိုးက အရင်ကထက် ပိုသည်းလာသည်။ ဒီလို အချိန်မျိုးတွင် အပြင်ထွက်ရသည့် အဖြစ် ရောက်လာမည် မထင်၊ သူ့အလုပ် သဘောအရလည်း နေပူမိုးရွာ ကို ရှောင်နေ၍ လည်း မဖြစ်ပြန်၊ ထို့အတွက်လည်း အဆုတ် အအေးမိ သည့် ဒဏ်ကို မကြာခဏ ခံရလေ့ ရှိသည်။



စစ်ကြီး မဖြစ်မီက လူဆင်းရဲ ရပ်ကွက်ရှိ မူလတန်း ကျောင်း တကျောင်းတွင် ကျောင်းဆရာ အဖြစ် ဝင်ရောက်လုပ်ကိုင်နေခဲ့သူ  ဖြစ်သည်။ ၁၉၃၉ တွင်တော့ စစ်ထဲ ဝင်မှ ဖြစ်မည်ဟု ဆုံးဖြတ်ခဲ့သည်။ သူ့ပုံပန်းသဏ္ဍန်သည် စစ်သားတယောက် နှင့် မတူ၊ ပိန်ပိန်ပါးပါး၊ ဖြူဖတ်ဖြူယော် အသားအရည်၊ အသံကလည်း ညောင်နာနာ နှင့် ဖြစ်သည်။ အရာရှိ ဖြစ်လာဖို့ က ဝေလာဝေးပင်၊ စစ်သားစုဆောင်းရေး စခန်းတွင် စာရင်းပေးနေခိုက် သူ့အား အခန်းဒေါင့် တနေရာမှ ကုတ်အင်္ကျီ ဝတ်ထားသည့် လူနှစ်ယောက် က စူးစူးစိုက်စိုက် ကြည့်နေသည်ကို သတိထားလာမိသည်။


သူ၏ ဖိုင်တွဲအားလည်း တောင်းယူပြီး စိတ်ပါဝင်စားစွာ ဖင်ပြန်ခေါင်းပြန် ဖတ်ရှု့နေကြပြန်သည်။ တအောင့်လောက် အကြာတွင် သူ့အား လူတန်းကြီးထဲမှ ဆွဲထုတ်ပြီး၊ သူတို့သည် စစ်ထောက်လှန်းရေး မှ ဖြစ်သည်ဟု ဆိုကာ သူ့အား ယခုအလုပ်ကို ပေးလာခဲ့ခြင်းပင် ဖြစ်သည်။


ရိုခ်ျသည် စောင့်ကြည့်နေရသည့် အလုပ်မျိုးကို သဘောကျသည်။ သူသည် နဂိုကတည်းကပင် လူနာမည်များ နှင့် မျက်နှာတို့ကို တခါမြင်ဖူး ကြားဖူး ယုံမျှ နှင့် အမြဲလို မှတ်မိနေတတ်သဖြင့် ထိုအလုပ်မျိုးသည် သူနှင့် အသင့်တော်ဆုံး ဖြစ်လာခဲ့သည်။


စစ်ကြီးပြီးသွားလျှင် သူ့အတွက် အများတကာလို ဆုတံဆိပ် ချီးမြှင့် ခံရလိမ့်မည် မဟုတ်၊ အရက်ဆိုင်တွင်လည်း တိုက်ပွဲ အတွေ့အကြုံများကို အာဘောင်အာရင်း သန်သန် နှင့် ပြောစရာ ဇာတ်လမ်းမရှိ။


သို့ပေသည့် သူ လုပ်နေရသော အလုပ်သည် လွန်စွာ အရေးပါမှန်းကို ရိုခ်ျ ကောင်းစွာ သဘောပေါက်ထားပြီး ဖြစ်သည်။ ပေါင်မုန့်ကို ကောက်ဝါးလိုက်ရင်းက ကက်သရင်း ဘလိတ်အကြောင်းကို စဉ်းစားနေမိသည်။



သူသည် ၁၉၃၉ မှစပြီး ဂျာမန် စပိုင် မြောက်များစွာကို ခြေရာခံ လိုက်ခဲ့ပြီး ဖြစ်သည်။ ယခု တွေ့နေရသော အမျိုးသမီးသည် အားလုံးထဲတွင် အတော်ဆုံးဟု ပြော၍ ရနေသည်။ အတော်ကိုလည်း ပါးပါးနပ်နပ် ရှိလွန်းလှ၍လည်း သူ့အဖို့ တခါ အရှက်တကွဲ အဖြစ်နှင့် ကြုံခဲ့ရပြီး ဖြစ်သည်၊ နောက်တကြိမ်တော့ ထိုကဲ့သို့ အဖြစ်ခံ၍ မဖြစ်ဟုလည်း စိတ်ပိုင်းဖြတ်ထားခဲ့သည်။


ပေါင်မုန်ကို ကုန်အောင်စားလိုက်ပြီး လ္ဘက်ရည်ခွက်ကိုလည်း ကုန်စင်အောင် မော့သောက်လိုက်သည်။ အပြင်သို့ တချက် လှမ်းကြည့်လိုက်သည့် အခါတွင်တော့ အမျိုးသမီးသည် တိုက်ခန်း အပြင်သို့ ထွက်လာနေသည်ကို တွေ့လိုက်ရသည်။


သူမ၏ လုပ်ပုံကိုင်ပုံကိုလည်း အမြဲလို စိတ်ထဲက တအံတဩ ချီးမွန်းခဲ့ရသည်ခြည်းပင်။ အပြင်ဖက်သို့ ခြေမချမှီ ခဏမျှရပ်နေလေ့ရှိပြီး တခုခု ကို အဓိပ္ပါယ်မရှိ ရှာကြံ လုပ်ရင်းက လမ်းတဖက်တချက်ကို အကဲခတ်သည့် မျက်လုံးများဖြင့် အထက်အောက် စုန်ဆန်ကြည့်ကာ သူမအား နောက်ယောက်ခံ စောင့်ကြည့်နေခြင်း ရှိမရှိကို သေချာအောင် လုပ်‌ လေ့ရှိသည်။


ဒီနေ့လည်း လက်ထဲက ထီးကို ကြိုးစား ဖွင့်နေရဟန် ဆောင်ပြီး ဘေးဘီကို အကဲခတ်နေသည်၊ "မင်း
သိတ်တော် နေတယ်ပေါ့ ဟုတ်စ မစ် ဘလိတ်၊ အေး ..ငါက မင်းထက် တော်တယ်ဆိုတာ သိရစေမယ်ဟေ့" ဟု ရိုခ်ျ သည် စိတ်ထဲက ကြုံးဝါးလိုက်သည်။


*****************


ရထားသည် လန်ဒန်၏ အရှေ့မြောက်ပိုင်း လူနေရပ်ကွက်များထဲ ဖြတ်သန်း ဝင်ရောက်လာချိန်တွင်
ဟော့စ် နျုမန်သည် အိပ်နေရာမှ မျက်လုံးပွင့်လာခဲ့သည်။ လက်ကနာရီကို ကြည့်လိုက်ရာ ဆယ်နာရီ ခွဲကို ညွှန်ပြနေသည်။ ရထားသည် လီဗာပူး ဘူတာသို့ ဆယ်နာရီ နှစ်ဆယ့်သုံးမိနစ် တွင် ဆိုက်ရမည် ဖြစ်သော်လည်း ကံကောင်းသည်ဟု ဆိုရမည်လား မသိ၊ မိနစ် အနည်းငယ်မျှသာ နောက်ကျနေသည်။


နျူမန်လည်း တချက်သမ်းဝေလိုက်ပြီး ထရပ်လိုက်သည်။ ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်ရာ ရထားသည် ဝိတိုရိယ ခေတ် ဆင်းရဲသားများ နေထိုင်ရန် အတွဲလိုက် ဆောက်လုပ်ထားသော တိုက်တန်းများကို ဖြတ်သန်း ‌ခုတ်မောင်းနေပြီ ဖြစ်သည်။ ညစ်ပတ်ပေကျံနေသော ကလေးများက ရထားကို လက်ပြနေကြသည်။ နျုမန်ကလည်း အင်္ဂလိပ် ပီသမှ ဖြစ်မည်ဆိုကာ ပြန်ပြီး လက်ပြလိုက်မိသည်။


သူလိုက်ပါလာသည့် အခန်းထဲတွင် ခရီးသည် သုံးယောက်သာ ရှိသည်၊ နှစ်ယောက်က စစ်သားများ ဖြစ်ပြီး ကျန်တယောက်ကတော့ စက်ရုံ အလုပ်သမတဦး ဖြစ်ဟန် ရှိသည်၊ စက်ရုံ အလုပ်သမားများ ဝတ်လေ့ရှိသော ဘွိုင်လာ ဝတ်စုံကို ဝတ်ထားပြီး သူနှင့် မျက်လုံးခြင်း ဆုံသွားသည့် အခါတွင်‌ တော့ နျုမန်၏ မျက်နှာပေါ်က ပတ်တီးစီးထားသော ဒဏ်ရာများတွေ့သွား၍ မျက်မှောင်တချက် ကြုံ့သွားသည်။


နျူမန်သည် သုံးဦးစလုံးကို မသိမသာ အကဲခတ်လိုက်ပြန်သည်၊ သူအိပ်ပျော်နေစဉ် ‌ယောင်ပြီး စကားများ ပြောမိမည်ကို အမြဲလို စိုးရိမ်မိသောကြောင့်လည်း ဖြစ်သည်။ ပြီးခဲ့သည့် ညများက အင်္ဂလိပ်လို ပြောသည့် အိမ်မက်များ မက်ခဲ့ပြီးလည်း ဖြစ်သည်။
ခေါင်းကို နောက်မှီလိုက်ပြီး မျက်လုံးကို မှိတ်ထားလိုက်ပြန်သည်။ သူသည် ပင်ပန်း နွမ်းနယ်နေသည်ကတော့ အမှန်ပင် ဖြစ်သည်။ မနက် ခြောက်နာရီ အိမ်မှ ထွက်နိုင်ရန် ငါးနာရီကတည်းက အိပ်ယာထခဲ့ရသည်။ ရှောင်က သူ့အား ဟန်စတန်တွန် အထိ ကားမောင်းလိုက်ပို့ခဲ့သည်။ လီဗာပူး သို့ သွားမည့် ရထားသည် ဟန်စတန်တွန် ဘူတာမှ ခုနှစ်နာရီ ဆယ်နှစ်မိနစ်တွင် ထွက်မည် ဖြစ်သည်။


မနေ့ညကတည်းက ကောင်းကောင်း အိပ်မပျော်ခဲ့၊ ဒဏ်ရာများက ကိုက်ခဲပြီး နာလာနေသည့်အပြင်၊ ဂျင်နီ ကော်ဗီးလ် လာပြီး သူ့ဘေးတွင် ဝင်အိပ်နေသောကြောင့် လည်း ဖြစ်သည်။ သူမက ဒိုရသီတို့ အိပ်ယာ မနိုးမီ အစောကြီးကတည်းက ထပြီး လစ်ထွက်သွားခဲ့သည်။ အပြင်တွင် မှောင်မဲပြီး မိုးလည်း ရွာနေသည့်ကြားမှ စက်ဘီးစီး၍ ပြန်သွားသဖြင့် အိမ်ကို ချောချောမောမော ပြန်ရောက်ပါ့မလားဟု စိုးရိမ်နေမိခဲ့သည်။ မာတင် က သူမအား ထိုင်စောင့် မနေပါစေနှင့်ဟုလည်း ဆုတောင်းလိုက်မိပြန်သည်။ သူမအား သူနှင့် အတူ  အိပ်ခွင့်ပြုခဲ့ခြင်းကပင် မိုက်မဲသော အမှားတခုကို ကျုးလွန်မိခဲ့ခြင်းလည်း ဖြစ်သည်။ သူ မရှိတော့သည့် အခါတွင် ဂျင်နီတယောက် ဘယ်လိုများ ဖြစ်ကျန်ခဲ့မလဲဟု တွေးမိပြန်သည်။ သူ့အနေနှင့် သူမထံ စာရေး ဆက်သွယ်လိမ့်မည် မဟုတ်၊ သူ့သတင်းလည်း မည်သည့်နည်းနှင့်မျှ ပြန်၍ သိနိုင်စရာ အကြောင်းလည်း ရှိနိုင်မည် မဟုတ်ပေ။



အကယ်၍ သူဘယ်သူဘယ်ဝါ ဖြစ်သည်ကို အမှန်အတိုင်း သိသွားခဲ့လျှင်ကော သူမ ဘယ်လို သဘောထားမည်နည်း။ သူသည် တိုက်ပွဲတွင် ဒဏ်ရာရလာ၍ နော့ဖေါ့ အရပ်ရှိ ငြိမ်သက် အေးချမ်းလှသည့် သူမတို့ ရွာကလေးသို့ အနားယူရန် ရောက်လာသည့် ဂျိမ်း ပေါ်တာ ဆိုသူ မဟုတ်ပဲ၊ အင်္ဂလန်သို့ သူလျို အဖြစ်ရောက်လာသည့် ဂျာမန် လေထီးတပ်သား ဟော့စ် နျုမန်ဆိုသည်ကို သိသွားခဲ့လျှင် သူမအား အဆိုးဝါးဆုံး လိမ်လည်မှုကြီးကို ကျုးလွန်ခဲ့သူ အဖြစ် မှတ်ယူသွားပေတော့မည်၊ သို့သော် နျုမန်သည် သူမနှင့် ပတ်သက်လျှင် မလိမ်ညာခဲ့သည့် တခု ကတော့ သူမအပေါ် အမှန်တကယ် ဂရုတစိုက်‌ စောင့်ရှောက်ပေးခဲ့ခြင်းပင် ဖြစ်သည်။ သူမဖြစ်စေချင်သည့် ပုံစံမျိုးနှင့် မဟုတ်သော်လည်း သူမ အတွက် အမြဲလို ‌စေတနာထား လုပ်ခဲ့သည်ခြည်းပင်။


မီးရထားသည် လီဗာပူး ဘူတာနား ချည်းကပ်လာပြီ ဖြစ်၍ အရှိန်လျော့ချလာခဲ့သည်။ နျုမန်လည်း မတ်တတ်ထရပ်လိုက်ပြီး သူ၏ လောင်းကုတ် အင်္ကျီကြီးကို ဝတ်ကာ အခန်း အပြင်သို့ ထွက်လာခဲ့သည်။


အခန်းရှေ့ စင်္ကြန်လမ်းပေါ်တွင် ဆင်းမည့် လူများနှင့် ပြည့်ကျပ်နေသည်။ သူလည်း တိုးကာဝှေ့ကာနှင့် တံခါးပေါက်သို့ ရောက်အောင် ထွက်ခဲ့ရသည်။ သူ့ရှေ့မှ တယောက်က တံခါးကို တွန်းဖွင့်လိုက်၍ နျူမန်လည်း အရှိန်မသေသေး‌သော ရထားပေါ်မှ ခုန်ချလိုက်သည်။ လက်မှတ်ကို ဂိတ်ပေါက်ဝတွင် စောင့်နေသည့် ရထား ဝန်ထမ်းအား ပေးပြီး စိမ့်စို အေးစက်နေသည့် လူသွားလမ်းအတိုင်း ‌မြေအောက်ဘူတာ ရှိရာသို့ လျှောက်လာခဲ့သည်။ ဘူတာတွင် တမ်ပဲလ် အတွက် လက်မှတ်ဝယ်လိုက်ပြီး ထိုးဆိုက်လာသည့် ရထားပေါ် တက်လာခဲ့သည်။ မိနစ်အနည်းငယ် အကြာတွင် ရထားပေါ်မှ ဆင်းပြီး မြေအောက်ဘူတာ ရှိ စထရင်း လမ်းကို ညွှန်ပြနေသည့် လှေကား မှ တဆင့် အပေါ်သို့ တက်လာခဲ့သည်။


*****************



ကက်သရင်း ဘလိတ်သည် တက္ကဆီဖြင့် ချာရင်း ကရော့စ် သို့ ထွက်လာသည်။ သူတို့ တွေ့ရန် ချိန်းထားသည့်နေရာသည် စထရင်း လမ်းပေါ်ရှိ ဆိုင်တဆိုင် ရှေ့တွင် ဖြစ်သည်။ ချိန်းထားသည့် နေရာနှင့် ခပ်လှမ်းလှမ်းတွင် ကားပေါ်မှ ဆင်းပြီး ထီးကို ဖွင့်ကာ လျှောက်လာခဲ့သည်။


တယ်လီဖုန်း ရုံရှေ့အရောက်တွင် အထဲသို့ ဝင်လိုက်ပြီး စကားပြောခွက်ကို ကောက်ကိုင်ကာ ဖုန်း ခေါ်ချင်ဟန် ဆောင်လိုက်သည်။ ထို့နောက် လာရာလမ်းဖက်သို့ လှည့်ကြည့်လိုက်ပြန်သည်။ မိုးက သဲသဲမဲမဲ ရွာနေဆဲ ဖြစ်၍ မြင်ကွင်း က မသဲမကွဲ ဖြစ်နေသည်။ သို့သော်လည်း သူမနောက်သို့ လိုက်လာသည့် အရိပ်လက္ခဏာများ မရှိမှန်းတော့ ရိပ်စားမိလိုက်သည်။ ဖုန်းခွက်ကို နေသားတကျ ပြန်တင်ပြီး အပြင်သို့ ထွက်လိုက်ပြီး စထရင်းလမ်း အတိုင်း အရှေ့ဖက်သို့
ဆက်လျှောက်လာခဲ့သည်။


*************************


ကလိုက်ဖ် ရိုခ်ျသည် ကားပေါ်မှ လှစ်ကနဲ ဆင်းလိုက်ပြီး စထရင်းလမ်း အတိုင်း သူမနောက် လိုက်လာခဲ့သည်။ ကားပေါ်မှာပင် သူ၏ မိုးကာ အင်္ကျီ နှင့် ဦးထုတ် အဝိုင်းကို ချွတ်လိုက်ပြီး စိမ်းပုတ်ပုတ် ဆီစိမ် ခံ ကုတ်အင်္ကျီ နှင့် သိုးမွှေး ဦးထုတ်ကို ဆောင်းလိုက်သည်။ သူသည် စာရေးစာချီ တဦး အဖြစ်မှ အလုပ်ကြမ်းသမား တဦးအဖြစ် ‌အောင်မြင်စွာ အသွင် ပြောင်းနိုင်ခဲ့ပြီ ဖြစ်သည်။



ကက်သရင်း ဘလိတ် ရပ်ပြီး တယ်လီဖုန်း ဆက်နေပြန်၍ ရိုခ်ျလည်း အနီးရှိ သတင်းစာ များ ရောင်းသည့် ဆိုင်ရှေ့တွင် ရပ်ပြီး သတင်း ခေါင်းစဉ်များကို ဖတ်နေဟန် ဆောင်လိုက်သည်။ သူ့မျက်စိထဲတွင် ပါမောက္ခ ဗီကာရီ ပြထားသည့် ရူး ဒေါ့ဖ်ဟု အမည်ဝှက် ပေးထားသည့် နောက်ထပ် ဂျာမန် အေးဂျင့် တယောက်၏ မျက်နှာကို ပုံဖေါ်ကြည့်နေမိသည်။



ဒီနေ့အဖို့ သူ၏ တာဝန်က အပန်းမကြီးလှ၊ ကက်သရင်း ဘလိတ် အပြင်ထွက်လျှင် နောက်က လိုက်၊ ရူးဒေါ့ဖ် ဆိုသူအား တခုခု လက်ပြောင်းလက်လွှဲ လုပ်သည်အထိ စောင့်ကြည့်နေပြီး ထိုလူ နောက်သို့ ဆက်လိုက်သွားရန်သာ ဖြစ်သည်။



သူပြန်မော့ ကြည့်လိုက်သည့် အချိန်တွင်တော့ သူမသည် ဖုန်းခွက် ပြန်တင်ပြီး ဖုန်းရုံထဲမှ ထွက်လာသည်ကို တွေ့လိုက်သည်။ရိုခ်ျလည်း လမ်းသွားလမ်းလာများ နှင့် ရောနှောကာ ဆက်လိုက်လာခဲ့သည်။


******************