D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၄၀)

by Hla Soewai - Mar 16 2022

နျုမန် သူ့ဆီသို့ ဦးတည်လျှောက်လာနေသော ကက်သရင်း ဘလိတ်ကို မြင်လိုက်သည်၊ ဆိုင်တဆိုင်ရှေ့တွင် ခဏရပ်လိုက်ပြီး သူ၏ မျက်လုံးများကလည်း ပလက်ဖေါင်း ပေါ်ရှိ သူမနောက်က လမ်းသွာလမ်းလာများ၏ မျက်နှာနှင့် ဝတ်စားဆင်ယင်ပုံများကို မျက်ခြေမပြတ် အကဲခတ်နေသည်။ ကက်သရင်း အနီးသို့ ရောက်လာသည့် အခါ နျူမန်သည် မျက်နှာကို ပြတင်းပေါက်မှ ခွာလိုက်ပြီး သူမဆီ လျှောက်သွားလိုက်သည်၊ သူတို့နှစ်ဦး ထိတွေ့မှုသည် လျှပ်တပြက်သာ ဖြစ်သည်၊ အလွန်ဆုံး တစက္ကန့်၊ နှစ်စက္ကန့်ထက် မပိုပေ၊ နျုမန် သည် သူမကို ဖြတ်ကျော်လာခဲ့ချိန်တွင်တော့ သူ့လက်ထဲတွင် ဖလင်လိပ်က ပါလာပြီ ဖြစ်၍ အိတ်ထဲသို့ ထိုးထည့်လိုက်သည်၊ သူမလည်း ခပ်သုပ်သုပ် ဆက်လျှောက်သွားပြီး လူအုပ်ကြီးထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

 

နျုမန်လည်း သူမနှင့် ဆန့်ကျင်ဖက် လျှောက်လာရင်းက သူမ နောက် ပေအနည်းငယ် အကွာတွင် ကပ်ပါလာသည့် လူများ၏ မျက်နှာကို မှတ်မိအောင် ဂရုစိုက်ကြည့်လိုက်သည်၊ ထို့နောက် ရုတ်ခြည်းဆိုသလို ဆိုင်တဆိုင် ရှေ့တွင် ရပ်လိုက်ပြန်ပြီး နောက်ကြောင်းပြန်လှည့်က သူမသွားရာဖက်သို့ မသိမသာ လိုက်လာခဲ့သည်။

 

                                        ************************

 

ကလိုက်ဖ် ရိုချ်သည် ရူဒေါ့ဖ် ကို မြင်လိုက်ပြီး သူ့လက်ထဲကို တခုခု ထဲ့လိုက်သည်ကို လည်း တွေ့လိုက်သည်၊ ရူဒေါ့ဖ်သည် သူသွားနေရာမှ ရပ်လိုက်ပြီး ကက်သရင်း ဘလိတ် ထွက်သွားသည့် နောက်သို့ ပြန်လှည့်လျှောက်သွားသည်ကို လည်း သတိထားမိလိုက်သည်။

 

ရိုချ်သည် ၁၉၃၉ ခုနှစ်ကတည်းက ဂျာမန်အေးဂျင့်များ ထိုသို့ဆုံကြသည်ကို အကြိမ်ပေါင်းများစွာ တွေ့မြင်ခဲ့ပြီး ဖြစ်သော်လည်း ယခုလို အေးဂျင့်တယောက်က နောက်ပြန်လှည့်ပြီး လိုက်သွားသည်ကို မတွေ့ခဲ့ဖူးသေးပေ၊ ပုံမှန်အားဖြင့် ဆန့်ကျင်ဖက် အရပ်သို့ အသီးသီး ထွက်သွားကြစမြဲပင် ဖြစ်သည်။ ရို့ချ်သည် သူ၏ ဆီစိမ် ကုတ်အင်္ကျီ ကော်လာကို နားရွက်ဖုံးအောင် ထောင်လိုက်ပြီး သူ့တို့နှစ်ယောက် နောက်မှ ရောယောင်လိုက်လာခဲ့လိုက်သည်။

 

                                        ************************

 

ကက်သရင်း ဘလိတ်သည် စထရင်းလမ်း အတိုင်း အရှေ့ဖက်သို့ လျှောက်သွားပြီး ဝိတိုရိယ တာရိုးလမ်းဖက်သို့ ကွေ့ဆင်းသွားသည်၊ ထိုအခါမှသာ သူမနောက်သို့ လိုက်လာ‌သော နျူမန်ကို သတိထားမိသွားသည်။ စိတ်ထဲက ချက်ခြင်းဆိုသလို ဒေါသထောင်းကနဲ ထွက်သွားသည်၊ သူတို့လုပ်ရန် ညွှန်ကြားထားသည်က အပေးအယူ လုပ်ပြီးလျှင် ပြီးချင်း အလျှင်အမြန် လူချင်းခွာရန်သာ ဖြစ်သည်၊ ဤသည်ကို နျူမန် ကောင်းစွာ သိထားပြီးလည်း ဖြစ်သဖြင့် အမြဲလို အတိအကျ လိုက်နာလေ့ ရှိစမြဲလည်း ဖြစ်သည်။ ယခုကျမှ သူမနောက် အဘယ်ကြောင့် လိုက်နေရသနည်းဟူသော အတွေးက ဒေါသနေရာတွင် အစားထိုး ဝင်ရောက်လာခဲ့သည်။

 

ဗိုဂဲလ်က ထိုသို့လုပ်ရန် ညွှန်ကြားထားခဲ့၍သာ ဖြစ်မည်။

 

အဘယ်ကြောင့် လုပ်ခိုင်းရသနည်း၊ သူမအတွက် အဖြေက နှစ်ခုသာ ထွက်လာခဲ့သည်။ သူမအပေါ် ယုံကြည်မှု မရှိတော့၍ သူမ ဘယ်သွားနေသည်၊ ဘာလုပ်နေသည်ကို သိချင်လာ၍ ဖြစ်မည်၊ နောက်တကြောင်းက သူမအား တဖက်မှ နောက်ယောင်ခံ လိုက်နေခြင်း ရှိမရှိ အတိအကျ သိရှိနိုင်ရန် အတွက် ဖြစ်မည်။ သူမသည် သိမ်းမြစ်ကြီး ဆီသို့ တချက် လှမ်းမျှော်ကြည့်လိုက်သည်၊ ထို့နောက် လာရာလမ်းဖက်သို့ ပြန်လှည့်ကြည့်လိုက်ရာ နျူမန်သည် သူနောက်က လိုက်လာသည်ကို ဖုံးကွယ်ရန် ကြိုးစားခြင်းမရှိ၊ လိုက်မြဲလိုက်နေ၍ ကက်သရင်းလည်း ရှေ့ဆက်လျှောက်လာခဲ့သည်။

 

ဗိုဂဲလ်၏ ဘာဗေရီယားရှိ လျို့ဝှက်လေ့ကျင့်ရေး စခန်းတွင် တသီတတန်းကြီး ပို့ချခဲ့သည်များကို ပြန်စဉ်းစားနေမိသည်။ ထိုသို့ အေးဂျင့်တယောက် နောက်ကို အခြား အေးဂျင့်တ‌ယောက် က နောက်ယောက်ခံ လိုက်ခြင်းကို countersurveillance တန်ပြန်ထောက်လှန်းခြင်း ဟု ခေါ်ပြီး ယင်းသည် ရန်သူ့ဖက်မှ စောင့်ကြည့်ခြင်း ခံနေရခြင်း ရှိမရှိ သေချာအောင် စမ်းသပ်ခြင်းဖြစ်သည်။ သို့မှသာ ထိုအေးဂျင့် ပေးပို့နေသော သတင်းများသည် အစစ်အမှန် ဖြစ်ကြောင်း အတည်ပြုနိုင်မည်ဟု ဆိုသည်။

 

ဗိုဂဲလ်သည် ယခုလို အချိန်ကျမှ အဘယ်ကြောင့် ထိုသို့ လုပ်ရန် ညွှန်ကြားခဲ့ရသနည်း၊ ဖြစ်ကောင်း ဖြစ်နိုင်သည်က သူမပေးပို့နေသော သတင်းများသည် တန်ဖိုးရှိလွန်းနေသဖြင့် အခြားတဖက်မှ နောက်ယောင်ခံ စောင့်ကြည့်ခြင်း ရှိမရှိ သေချာစေချင်၍ ဖြစ်မည်၊ ဤသည်ကို တွေးမိလာသည်နှင့်အမျှ သူမရင်ထဲ စိုးရိမ်စိတ်များနှင့် ဗလောင်ဆူလာနေပြီ ဖြစ်သည်။ နျူမန် အား အခုလို နောက်ယောင်ခံ လိုက်ကြည့်ခိုင်းခြင်းသည် သူမအား MI-5 မှ စောင့်ကြည့်နေပြီ ဖြစ်သည်ဟု ဗိုဂဲလ် သံသယ ရှိလာနေ၍ သာ ဖြစ်မည်ကို တွေးမိလိုက်သောကြောင့် ဖြစ်သည်။

 

သူမသည် သွားနေရာမှ ရပ်လိုက်ပြန်ပြီး မြစ်ဖက်သို့ တချက် လှမ်းကြည့်လိုက်ပြီး သူမစိတ်များကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် လုပ်ယူလိုက်သည်။ သူမအဖို့ စိတ်ကို တည်ငြိမ်အောင် ထားပြီး စဉ်းစားနိုင်မှ ဖြစ်တော့မည်၊ တာရိုးလမ်း ဖက် တချက် ပြန်လှည့်ကြည့်ရာ နျူမန်အား တွေ့နေရဆဲ ဖြစ်ပြီး သူမနှင့် မျက်လုံးခြင်း မဆုံမိအောင် မျက်နှာလွှဲနေသည်။ သူသည် မြစ်ဖက်သို့ လှမ်းကြည့်နေသည်လား၊ သို့တည်း မဟုတ် သူမ ကြည့်နေသည့်ဖက် တနေရာရာကို ကြည့်နေသည်များလား။

 

သူမသည် တဖက်ပြန်လှည့်လိုက်ပြီး ဆက်လျှောက်လာခဲ့သည်။ သူမရင်ထဲ တွင် စိုးရိမ်စိတ်များ နှင့် တဒုံးဒုံး မြည်လာနေပြီ ဖြစ်သည်။ ဘလက်ဖရိုင်ယာစ် မြေအောက်ဘူတာရုံဖက်သို့ လျှောက်လာပြီး အောက်သို့ ဆင်းကာ ဝိတိုရိယ ဘူတာရုံကြီး သွားရန် လက်မှတ် ဝယ်လိုက်သည်။ နျူမန်လည်း ဘူတာထဲထိ လိုက်လာပြီး လက်မှတ်ဝယ်လိုက်သည်။ သူမှ ဆင်းမည့် ဘူတာ အတွက် မဟုတ်ပဲ၊ နောက်တဘူတာ ဖြစ်သည့် ကီဆင်တန် တောင်ပိုင်း ဘူတာ သွားမည့် လက်မှတ် ဖြစ်နေသည်။

 

သူမလည်း ချက်ခြင်းလို စီးရမည့် ပလက်ဖေါင်း ရှိရာသို့ ထွက်လာခဲ့သည်။ နျူမန်သည် သတင်းစာတစောင် ဝယ်ပြီး သူမနောက်က လိုက်လာသည်။ သူမလည်း ပလက်ဖေါင်း ပေါ်တွင် ရပ်ပြီး ရထား စောင့်နေခဲ့သည်။ နျူမန်သည် သူမနှင့် ပေနှစ်ဆယ်လောက် အကွာတွင် ရပ်နေပြီး သတင်းစာကို ငုံ့ဖတ်နေသည်။ ရထားဆိုက်လာသည့်အခါ ကက်သရင်းသည် တံခါးပွင့်လာသည်နှင့် တွဲထဲသို့ ဝင်လိုက်သည်။ နျုမန်လည်း သူမ စီးမည့် တွဲထဲသို့ လိုက်ဝင်လာသည်။ သို့သော် လည်း အခြား တံခါးပေါက်မှ ဖြစ်သည်။

 

သူမသည် ခုံတွင် ဝင်ထိုင်လိုက်သော်လည်း နျူမန်သည် တွဲ၏ အဆုံးဖက်တွင် မတ်တတ်ရပ် လိုက်လာသည်၊ ကက်သရင်းသည် သူ့မျက်နှာပေါ်က အကြည့်ကို သဘောမကျ၊ မျက်နှာကို ငုံ့လိုက်ပြီး လက်ထဲက လက်ပွေ့အိတ်ကို ဖွင့်ကာ တခုခု ရှာဟန်ဆောင်လိုက်သည်။ သူမ၏ လက်ပွေ့အိတ်ထဲတွင် ငွေအပြည့်ထည့်ထားသည့် ပိုက်ဆံအိတ်၊ ဓါးစူးချွန် နှင့် အသံတိတ်ကိရိယာ တပ်ထားပြီးဖြစ်သည့် မော်ဆာ ပစ္စတို၊ နှင့် အပိုကျည်ကပ်တခု ရှိသည်။ အိတ်ကို ပြန်ပိတ်လိုက်ပြီး နျူမန် ဘာလုပ်လာမလဲ ကို စောင့်ကြည့်နေရန် ဆုံးဖြတ်လိုက်သည်။

 

နျူမန်သည် သူမအား ချည်းကပ်ရန် မကြိုးစားပဲ နှစ်နာရီ နီးပါးမျှ လန်ဒန် အနောက်ခြမ်း သူမသွားသမျှ နောက်ကို သာ တကောက်ကောက် လိုက်နေသည်။ ကီဆင်တန်မှ ချဲလ်ဆီး၊ ချဲလ်ဆီးမှ ဘရမ်တန်၊ ဘဲလ်ဂရာဗီးလ်၊ ထိုမှတဆင့် မေဖဲယား အထိပင် ဖြစ်သည်။ ဘာကလီ ရင်ပြင်သို့ ရောက်လာချိန်တွင်တော့ နျူမန်သည် တစုံတခုကို ရိပ်စားမိသွားပြီ ဖြစ်သည်၊ ရန်သူဖက်က ပါးပါးနပ်နပ် လှုပ်ရှားနိုင်ခဲ့သည်မှာ မှန်သော်လည်း အချိန် နှင့် စိတ်ရှည်ရှည်ထားရန် ဆိုသည့် လိုအပ်သည့် အရင်းအမြစ်များက တဖြေးဖြေး ကုန်ခမ်းလာပြီ ဖြစ်၍ အမှားတခုကို ကျူးလွန်လာစေသည့်အထိ ဖြစ်လာခဲ့သည်။

 

သူ့နောက်ဖက် ပေငါးဆယ် အကွာမှ လိုက်လာသော မိုးကာ အင်္ကျီ နှင့် လူကို စပြီး သတိထားမိသွားသည်။ နျူမန်သည် ထိုလူမျက်နှာကို ပြီးခဲ့သည့် ငါးမိနစ်လောက်ကမှ ဂရုတစိုက် ကြည့်ဖြစ်ခဲ့ရာ အရင် သုံးနာရီ ခန့်က စထရင်းလမ်း ပေါ်တွင် ကက်သရင်းထံမှ ဖလင်လိပ်ကို ယူခဲ့စဉ် တွေ့ခဲ့သော လူဖြစ်နေသည်။ ထိုလူသည် ယခု မြင်ရသည့် အတိုင်း ဆီစိမ် အစိမ်းပုတ်ရောင် ကုတ်အင်္ကျီ နှင့် သိုးမွှေးကက်ဦးထုတ်ကိုပင် ဆောင်းထားပြန်သည်။

 

နျုမန်စိတ်ထဲတွင် ငါ့မှာငါပဲ ရှိတော့တယ်ဟူသော စိတ်များ ဝင်လာခဲ့သည်၊ သူသည် စစ်ပွဲကြီး အတွင်း အပြင်းထန်ဆုံး တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့သည့် ပိုလန်၊ ရုရှား၊ ကရိ စစ်မျက်နှာတွင် အသက်နှင့် ကိုယ် အိုးစားမကွဲအောင် ဖြတ်သန်းနိုင်ခဲ့သော်လည်း ထိုစဉ်က ကျွမ်းကျင်ခဲ့မှုများသည် ယခုအခါ သူ့အား အကူအညီ မပေးနိုင်တော့ပေ။ သူ့နောက်က လူသည် လေတိုက်လျှင် လဲမတတ် ခန္ဓာကိုယ်မျိုး၊ အသားအရည်က ဖြူဖတ်ဖြူယော် နှင့် အားအင်ချိနဲ့နေသည့်ပုံရှိသည်။ ထိုသို့သော လူမျိုးကို သူသာ သတ်ချင်မည်ဆိုက ချက်ခြင်းလို ကိစ္စတုံးပစ် နိုင်သည်။ ယခုပွဲသည် စစ်ပွဲတွင် လုပ်နေကျ ကျင့်ထုံး များကို အသုံးပြု၍ မရ၊ ရေဒီယို ဖြင့် စစ်ကူလာအောင် ခေါ်၍မရ၊ သူ့ရဲဘော် ရဲဖက်များထံမှလည်း အကူအညီ မရနိုင်။

 

လမ်းကို လျှောက်မြဲ ဆက်လျှောက်နေခဲ့သည်။ သူ့၏ စိတ်များ တည်ငြိမ်မှု ရှိနေသည်ကိုလည်း ကိုယ့်ကိုကိုယ် ပြန်၍ အံ့ဩနေမိပြန်သည်။ ယခုဆို သူတို့နှစ်ယောက် နောက်သို့ လိုက်နေကြသည်မှာ နာရီ ပေါင်း များစွာ ရှိနေပြီ ဖြစ်သည်။ နှစ်ယောက်စလုံးကို ဖမ်းမည်ဆိုက ဖမ်းနိုင်သော်လည်း အဘယ်ကြောင့် ယခုအချိန်ထိ လွှတ်ပေးထားကြသနည်း၊ အဖြေက ရှင်းနေပြီ ဖြစ်သည်။ သူတို့ လက်ရှိ အနေအထားထက် ပို၍ သိချင်နေကြသောကြောင့်သာ ဖြစ်မည်။ သူ့လက်ထဲက ဖလင်လိပ်ကို ဘယ်မှာ ချခဲ့လဲ၊ သူ ဘယ်မှာ နေနေလဲ၊ အခြား အေးဂျင့်တွေကော ရှိနေသေးလား၊ ထိုသို့ သူတို့ သိချင်နေသည့် အဖြေများကို သူ့ဖက်က ထုတ်မပြမချင်း သူတို့ နှစ်ဦး အဖို့ လုံခြုံမှု ရှိနေဆဲ ဟု နျူမန် သုံးသပ်လိုက်သည်။ သို့သော် သူတို့ ဖက်က အားနည်းနေပြီ ဖြစ်သည်၊ လက်ရှိ အနေအထားကို ကျွမ်းကျင်စွာ အသုံးချနိုင်မှသာလျှင် သူတို့ ထွက်ပြေး လွတ်မြောက်နိုင်ခွင့် ရလာမည် ဖြစ်သည်။

 

နျုမန်သည် ခြေလှမ်းကို ခပ်သွက်သွက် လှမ်းလိုက်သည်။ သူ့ရှေ့ အတော်လှန်းလှန်းတွင် ရှိနေသည့် ကက်သရင်းသည် ဘွန်း လမ်းထဲ ချိုးဝင်သွားသည်၊ လမ်းထဲအရောက်တွင် ခဏရပ်ပြီး တက္ကဆီကို လှမ်းတားနေသည်၊ နျူမန်က သူမအနား အပြေးကလေး ကပ်သွားပြီး “ဟေး..ကက်သရင်း၊ ဘုရားရေ..ကက်သရင်း ဟုတ်ပါတယ်နော်၊ ငါတို့ မတွေ့တာ နှစ်တွေ အတော်ကြာသွားပြီပဲ၊ ဘယ်လိုလဲ အားလုံး အဆင်ပြေပြေ ပဲ မဟုတ်လား”

 

သူ့အား မော့ကြည့်လာသည့် သူမ၏ မျက်နှာတွင် ထိတ်လန့်မှုများ အတိုင်းသား မြင်လိုက်ရသည်၊ နျူမန်က သူမလက်ကို ဖမ်းကိုင်လိုက်ပြီး...

 

“ကဲ..လ္ဘက်ရည် သောက်ရင်း စကားစမြည် အေးအေးဆေးဆေး ပြောလို့ရမယ့် တနေရာ ရှာပြီး စမြုံ့ပြန်ကြရအောင်”

 

                                        *************************