D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၄၁)

by Hla Soewai - Mar 17 2022

နျုမန်၏ ထိုသို့ မထင်မှတ်ပဲ လှုပ်ရှားလိုက်မှုကြောင့် ဝက်စ် ဟောကင်လမ်း ရှိ ကွပ်ကဲ‌ရေး စခန်း တွင် ပေါင် တစ်ထောင် အလေးချိန်ရှိ ဗုံးကြီး နှင့် အထုခံလိုက်ရသလို ဖြစ်သွားခဲ့သည်။ ဘက်ဆယ် ဘုသီသည် အခန်းထဲတွင် ခေါက်တုန့် ခေါက်ပြန် လမ်းလျှောက်နေပြီး ညွန်ကြားရေးမှုးချုပ် ဖြစ်သူအားလည်း တယ်လီဖုန်းဖြင့် အရေးတကြီး ဆက်သွယ် ပြောဆိုနေပြန်သည်။ ညွှန်ချုပ်ကလည်း နှစ်ဆယ်ဦး ကော်မတီနှင့်၎င်း၊ မြေအောက် စစ်ရုံးတွင် ရှိနေသည့် ဝန်ကြီးချုပ်ရုံးမှ ဝန်ထမ်းများကိုပါ အကြောင်းကြားလိုက်သည်။

 

ဗီကာရီသည် သူ့ပတ်ပတ်လည် ရှိ အသံဗလံများ မကြားအောင် အာရုံပြောင်းရင်း မေးကို လက်ထောက်ကာ နံရံကိုသာ ငူငူကြီး စိုက်ကြည့်နေသည်။ ဘုသီက ဖုန်းကို ဆောင့်ကြီး အောင့်ကြီး ပစ်ချလိုက်ရင်း “နှစ်ဆယ်ဦး ကော်မတီက သူတို့ကို ပြေးပစေလို့ ပြောနေတယ်”

 

“အဲ့တာကိုတော့ ကျွန်တော် သဘောမကျဘူး” ဟု ဗီကာရီသည် နံရံမှ မျက်လုံး မခွာပဲ ပြောလိုက်သည်။ “သူတို့ နောက်ကို နောက်ယောင်ခံ လိုက်နေတာကို မြင်သွားတာ သေချာတယ်၊ အခုဆို အတူထိုင်ပြီး ဘာဆက်လုပ်ရမလဲ ဆိုတာ တိုင်ပင်နေကြလောက်ပြီ”

 

“ခင်ဗျား အသေအချာ မသိသေးပါဘူး”

 

ဗီကာရီက မော့ကြည့်လိုက်ပြီး “ကျွန်တော်တို့ စောင့်ကြည့်နေတဲ့ တချိန်လုံး ဒီအမျိုးသမီး အခြား အေးဂျင့် တယောက်နဲ့ တခါမှ မတွေ့ခဲ့ဖူးသေးဘူး၊ အခု ရုတ်ခြည်း မေဖဲယားက ကော်ဖီဆိုင်ထဲမှာ ရူဒေါ့ဖ် နဲ့ တောင် လ္ဘက်ရည် အတူ ထိုင်သောက်နေပြီ”

 

“ကျွန်တော်တို့ သူ့ကို စောင့်ကြည့်နေတာ အချိန် ဘယ်လောက်မှ မရှိသေးဘူး၊ ကျွန်တော်တို့ သိထားတာက သူနဲ့ ရူဒေါ့ဖ် တို့ ဒီလို ပုံမှန်တွေ့ဖြစ်နေကြလိမ့်မယ် ဆိုတာပဲ”

 

“တခုခုတော့ မှားနေပြီဗျ၊ ကျွန်တော်အထင်တော့ သူတို့ နောက်ကို လိုက်နေတာ မြင်သွားလို့ပဲ၊ ဒီထက် ပိုပြီး တွေးရရင် ရူဒေါ့ဖ်က အဲ့လို လိုက်နေ မနေ စောင့်ကြည့်နေလို့ပဲ ဖြစ်မယ်၊ ဒါကြောင့်လည်း စထရင်း လမ်း မှာ တွေ့ပြီး ဒီအမျိုးသမီး နောက်ကို လိုက်သွားတာပဲ ဖြစ်မယ်”

 

“နှစ်ဆယ်ဦး ကော်မတီက ဆုံးဖြတ်ပြီးပြီ၊ သူတို့ ပြေးကြပစေတဲ့၊ အဲ့တော့ ကျွန်တော်တို့ဖက်ကလည်း ပြေးတာ စောင့်ကြည့်ယုံပဲ ရှိတော့တာပေါ့”

 

“သူတို့ နောက်ကို လိုက်နေတာ မြင်သွားပြီ ဆိုရင်တော့ အခုလို ပြေးခိုင်းတာ ဘယ်လိုမှ အဓိပ္ပါယ် မရှိတော့ဘူး၊ ရူဒေါ့ဖ်လည်း သူ့လက်ထဲက ဖလင်လိပ်ကို တယောက်ယောက်ကို လွှဲပေးတော့မှာ မဟုတ်တော့ဘူး၊ အခြား အေးဂျင့်တွေနဲ့ မတွေ့အောင် တတ်နိုင်သမျှ ရှောင်တော့မှာပဲ၊ သူတို့နောက်ကို ဆက်လိုက်နေလို့ ကျွန်တော်တို့ အတွက် ဘာမှ အကျိုးထူးလာဖို့ မရှိတော့ဘူး၊ အခု ကိစ္စက အဆုံးသတ်သွားပြီ ဆာ ဘက်ဆယ်”

 

“အဲ့တော့ ခင်ဗျား ဘာလုပ်မယ် စိတ်ကူးလဲ”

 

“အခုပဲ သူတို့ကို ဝင်ဖမ်းလိုက်ယုံ ရှိတော့တယ်၊ ကော်ဖီဆိုင်ထဲက အထွက်မှာ ဆွဲလိုက်ယုံပဲ”

 

ဘုသီသည် ဗီကာရီ ပါးစပ်မှ ဘုရားသခင်ကို အယုံအကြည် မရှိတော့ဟု ပြောလိုက်သည့် စကားကို ကြားရသည့်အလား မယုံနိုင်သည့် အကြည့်မျိုးနှင့် ကြည့်နေသည်။ “ခင်ဗျား အခု တော့ သွေးကြောင်နေပြီ မဟုတ်လား အယ်ဖရက်”

 

“ခင်ဗျား ဘာဆိုလိုတာလဲ”

 

“ဒီလို လုပ်ဖို့ ခင်ဗျားပဲ စပြီး အကြံပေးခဲ့တာလေ၊ ခင်ဗျား ထွင်တဲ့ ဇာတ်၊ ခင်ဗျား ဝန်ကြီးချုပ် သဘောတူလာအောင်လည်း ပြောနိုင်ခဲ့တယ်၊ ညွှန်ချုပ်ကိုယ်တိုင်လည်း ခွင့်ပြုကြောင်း လက်မှတ်ထိုးပေးလိုက်ရတယ်၊ နှစ်ဆယ်ဦး ကော်မတီလည်း အတည်ပြုပေးခဲ့တယ်၊ ရက်သတ္တပေါင်း များစွာ ကြာအောင် အရာရှိတွေ အုပ်စုဖွဲ့ပြီး ဘရိဖ်ကေ့စ်ထဲ ထည့်ပေးနိုင်ဖို့ နေ့ရော ညရော မနားမနေ စာရွက်စာတမ်းတွေ ပြင်ဆင်ပေးခဲ့ရတယ်၊ အခု ခင်ဗျားက ဒီစစ်ဆင်ရေးကို ဒီလိုလုပ်ပြီး ရပ်ပလိုက်ဖို့ ပြောလာပြီ” ဆိုကာ ဆာ ဘက်ဆယ်က လက်ဖျောက်တီးလိုက်သည်။ သူ၏ သန်မာသော လက်ချောင်းကြီးများကြောင့် လက်ဖျောက်တီးသံသည် သေနတ်သံအလား ကျယ်လောင်စွာ ထွက်လာသည်။  “အဲ့တာတွေ ဖြစ်လာတာကလည်း ခင်ဗျားရဲ့ စိတ်အထင်ကြောင့်ပဲ”

 

“ကျွန်တော် စီစဉ်တာက စိတ်အထင် သက်သက် ထက် အများကြီး ပိုတယ် ဆာ ဘက်ဆယ်၊ ခင်ဗျား ဒီမှာ စောင့်ကြည့်နေတဲ့ အစီရင်ခံစာ တွေ ဖတ်ကြည့်၊ အဲ့မှာ အကုန်ပါတယ်”

 

ဘုသီက လက်ကို နောက်ပစ်ပြီး ခေါက်တုံ့ခေါက်ပြန် လျှောက်လာပြန်သည်၊ အဝေးမှ စိတ်အနှောက်အယှက် ဖြစ်စရာ အသံတခုကို နားစွင့်နေသလိုမျိုး ခေါင်းကိုလည်း မသိမသာ မော့ထားသည်။ “သူတို့ ပြောတာက သူက ဝိုင်ယာလက်စ် အသုံးချတဲ့ နေရာမှာ လူတော်တယောက်၊ ဒါပေမယ့် တကယ့် အေးဂျင့်တွေနဲ့ ထိတွေ့ဖို့ကျတော့ သွေးကြောင်တတ်တယ်လို့ ပြောကြတယ်၊ အဲ့တာ သူတို့အားလုံးက ခင်ဗျား ကို ပြောလာမယ့် စကားတွေ၊ ဟာ..ဒီလူက အပျော်ထမ်း ပဲ၊ စစ်ကြီး တုံးက သူနိုင်သလောက် ဝင်လုပ်ခဲ့တဲ့ တက္ကသိုလ်က လူတော်တယောက်၊ ပြီးသွားရင် ဘာမှ ထင်ကျန်ခဲ့မှာ မဟုတ်တော့ဖူး၊ ဒီလူက လူတော် တယောက်၊ ဒါပေမယ့် တကယ် အန္တရာယ် များတဲ့ ပွဲမျိုးကျ ရင် သတ္တိမရှိတော့ဘူး၊ ခင်ဗျားကို အဲ့လို ပြောတာမျိုး ကြားချင်တာလား၊ အဲ့လို ပြောကြလည်း ကိစ္စမရှိဘူး ဆိုရင်၊ အခုပဲ ညွှန်ချုပ်ဆီ ဖုန်းဆက်ပြီး ကျွန်တော်တော့ ပွဲကို အဆုံးသတ်တော့မယ်လို့သာ ပြောလိုက်တော့”

 

ဗီကာရီသည် ဘုသီအား စိုက်ကြည့်၍သာ နေသည်၊ ဘုသီသည် အေးဂျင့်များကို ကိုင်တွယ်နေသူ၊ မီးဟုန်းဟုန်း တောက်နေသည့် အချိန်တွင်ပင် စိတ်ကို တည်ငြိမ်စွာ ထားနိုင်သူ ဖြစ်နေပါပေါ့လားဟု စိတ်ထဲက တွေးလိုက်မိသည်။ မျက်ကန်းတယောက်ပင် သူတို့ကိစ္စ ပေါ်သွားပြီကို သိနိုင်ပါလျှက်နှင့် အဘယ်ကြောင့် သူ့အား အရှက်ရအောင် အတင်း ရှေ့သို့ ဇွတ်တိုးခိုင်းနေရပေသနည်း။

 

“ပြီးသွားပြီပဲဗျာ” ဟု စိတ်ပျက်သံဖြင့်သာ ပြန်ပြောလိုက်သည်၊ “သူတို့နောက်ကို လိုက်နေတာ တွေ့သွားပြီ၊ အခု ရှေ့ဘာဆက်လုပ်ကြမလဲ တိုင်ပင် နေလောက်ပြီ၊ ကက်သရင်း ဘလိတ်က သူအလိမ်ခံနေရပြီ ဆိုတာ သိသွားပြီ၊ ဒီအကြောင်းတွေကို ကပ် ဗိုဂဲလ်ကို ပြောတော့မယ်၊ အဲ့ဒီကျ ကပ် ဗိုဂဲလ်က ကျွန်တော်တို့ ပြောထားတာနဲ့ ပြောင်းပြန်လို့ ယူဆလာမှာပဲ၊ အဲ့ကျ ကျွန်တော်တို့ သေပြီပဲ”

 

                                        **********************

 

“သူတို့တွေ နေရာတိုင်း မှာ ရှိနေကြပြီ၊ မိုးကာနဲ့ လူ၊ ဘတ်စ်ကား ဂိတ်မှာ ကားစောင့်နေတဲ့ မိန်းကလေး၊ ရင်ပြင် နဲ့ မျက်နှာခြင်းဆိုင် ဆေးဆိုင်ထဲ ဝင်လာတဲ့ လူ၊ ပုံစံအမျိုးမျိုး၊ အဝတ်အစားအမျိုးမျိုး နဲ့ လူအမျိုးမျိုး ပြောင်းသုံးလာတယ်၊ ကျွန်တော်တို့ စထရင်းလမ်းက ထွက်လာကတည်းက နောက်က ဝိုင်းလိုက်နေကြတာ”

 

သူတို့ ပြောနေစဉ် စားပွဲထိုး အမျိုးသမီးက လ္ဘက်ရည် လာချပေးသည်၊ သူမ လှည့်ထွက်သွားသည်အထိ ကက်သရင်းက ဘာမှ မပြောပဲ စောင့်နေသည်။ ပြီးမှ “ဗိုဂဲလ်က ရှင့်ကို ကျမနောက်လိုက်ဖို့ ခိုင်းခဲ့တာလား”

 

“ဟုတ်တယ်”

 

“ဘာကြောင့် လိုတော့ မပြောခဲ့ဖူး ထင်တယ်”

 

နျူမန်က ခေါင်းကို ရမ်းပြလိုက်သည်။

 

ကက်သရင်းက လ္ဘက်ရည်ကို ကောက်ကိုင်လိုက်သည်၊ သူမ၏ လက်များက တုန်ရင်နေသည်။ အခြား တဖက်နှင့် ခွက်ကို ငြိမ်အောင်ထိန်းလိုက်ရင်း မော့သောက်လိုက်သည်။

 

“ဒါနဲ့ ရှင့် မျက်နှာက ဘာဖြစ်တာလဲ”

 

“ရွာမှ နဲနဲ ပြဿနာလေး တက်လာလို့၊ ဘာမှ အရေးမကြီးပါဖူး”

 

ကက်သရင်းက သူ့မျက်နှာအား သင်္ကာမကင်းသည့် မျက်လုံးများ နှင့် ကြည့်လိုက်ပြီး “ကျမတို့ကို ဘာလို့ ခုထိ မဖမ်းကြသေးတာလဲ”

 

“အကြောင်းတွေကတော့ ပြောရရင် အများကြီးပဲ၊ ခင်ဗျား အကြောင်း သူတို့ သိထားတာ အတော်လေး ကြာနေပြီလို့ ပြောလို့ရမယ် ထင်တယ်၊ ခင်ဗျား နောက်ကို လိုက်တာလဲ အခုမှ မဟုတ်ဖူး ဟိုးအရင်ကတည်းက ဖြစ်မယ်၊ အဲ့တာသာ အမှန်ပဲ ဆိုရင် ခင်ဗျား ကွန်မန်ဒါ ဂျော်ဒန်ဆီက ရနေတဲ့ သတင်းတွေ အားလုံးက အမှားတွေချည်းပဲ ဖြစ်မယ်၊ ဗြိတိသျှတွေဖက်က လွှင့်ထုတ်လိုက်တဲ့ မီးခိုး တွေ ပေါ့ဗျာ၊ ကျွန်တော်တို့က ဒါတွေကို ဘာလင် ပြန့်ပို့ပေးနေကြရတာပဲ”

 

သူမက ခွက်ကို ပြန်ချလိုက်ပြီး လမ်းဖက်သို့ လှမ်းကြည့်ခဲ့သည်။ ထို့နောက် နျူမန်ဖက် ပြန့်လှည့်ပြီး သူမကိုယ်သူမလည်း နောက်က စောင့်ကြည့်နေသူများကို မကြည့်မိအောင် သတိထားလိုက်သည်။ “ဂျော်ဒန်သာ ဗြိတိသျှ ထောက်လှန်းရေး နဲ့ ပေါင်းနေတယ် ဆိုရင်တော့ သူရဲ့ ဘရိဖ်ကေ့စ်ထဲ ပါလာတာတွေ အားလုံး အမှားတွေချည်းပဲ ဖြစ်မယ်လို့ ယူဆနိုင်တယ်၊ ဥရောပကို ဝင်တိုက်မယ့် အစီအစဉ်တွေ နဲ့ ပတ်သက်ပြီး အပ်ဗဲယားကို လမ်းလွှဲအောင် တမင် ကြံစည်ခဲ့ကြတာပဲ ဖြစ်မယ်။ ဒါတွေကို ဗိုဂဲလ် သိထားဖို့ လိုတယ်”

 

သူမက မချိပြုံး ပြုံးလိုက်ရင်း “ဒီကောင်တွေ ကျမတို့ကို သူတို့ ဘာကြံနေလဲဆိုတဲ့ သတင်း အစစ်အမှန်နေတွေ ပေးလိုက်တာလည်း ဖြစ်နိုင်တာပဲ”

 

“ကျွန်တော်ကတော့ သံသယ ရှိနေတယ်၊ ပြဿနာတခု က ရှိနေသေးတယ်၊ ဗိုဂဲလ်ကို ကျွန်တော်တို့ လူကိုယ်တိုင် ပြောနိုင်မှ ဖြစ်တော့မယ်၊ ပေါ်တူဂီ သံရုံးက တဆင့် သွားတဲ့ လမ်းကြောင်းက စိတ်မချရတော့ဘူး၊ ကျွန်တော်တို့ ရေဒီယိုကို သုံးဖို့ကလည်း စိတ်မချရတော့ဖူး လို့ ယူဆရတော့မှာပဲ၊ အပ်ဗဲယားရဲ့ လျို့ဝှက် သင်္ကေတ တွေအားလုံး ရန်သူဖက်က ဖေါ်နိုင်ပြီလို့ ဗိုဂဲလ်က ထင်နေတယ်၊ အဲ့တာ ကြောင့်လည်း သူက ရေဒီယိုက မဖြစ်မနေကျမှ သုံးတော့တာ။ ကျွန်တော်တို့ အခု သိလာတာတွေကိုသာ ရေဒီယို နဲ့ ဗိုဂဲလ်ကို ပြောလိုက်မယ် ဆိုရင် ဗြိတိသျှတွေ ဖက်က သေချာပေါက်သိသွားမှာပဲ”

 

ကက်သရင်းသည် စီးကရက်တလိပ်ကို ထုတ်ပြီး မီးညှိဖွာရှိုက်လိုက်သည်၊ သူမ၏ လက်များက တုန်နေဆဲပင် ဖြစ်သည်။ ဖြစ်လာခဲ့ရသည်များ အတွက် သူမကိုယ်သူမသာ ဒေါသထွက်နေမိသည်။ နှစ်ပေါင်းများစွာ သူမအဖို့ အပင်ပန်းခံပြီး ရန်သူ၏ စောင့်ကြည့်ခြင်း မခံရအောင် လုပ်ခဲ့ပြီး ဖြစ်သည်။ တကယ်တမ်း ဖြစ်လာချိန်တွင် သူမ သတိမထားမိနိုင်အောင် ဖြစ်သွားခဲ့ရသည်။

 

“ကဲ..အခု ကျမတို့ လန်ဒန်ကနေ ဘယ်လိုနည်းနဲ့ ထွက်လို့ရအောင် လုပ်ကြမလဲ”