D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၄၅)

by Hla Soewai - Mar 21 2022

နျုမန်သည် ပုပ်တို့၏ ဂိုဒေါင်နှင့် မလှမ်းမကမ်းတွင် တက္ကဆီကို ရပ်ခိုင်းလိုက်ပြီး လမ်းဆင်းလျှောက်လာခဲ့သည်။ သူ၏ ခါးကြားတွင် ထိုးထားသော မော်ဆာ ပစ္စတိုကို အပေါ် ကုတ်အင်္ကျီ ရှေ့ အိတ်ထဲသို့ ပြောင်းထည့်ပြီး ကုတ်အင်္ကျီ ကော်လာကို မိုးဒဏ်မှာ လည်ပင်းကို အကာအကွယ် ရလို ရငြား ထောင်လိုက်သည်။


ရထားပေါ်တွင် သူ၏ လှည့်ကွက်သည် မျှော်လင့်ထားသည့် အတိုင်း ကွက်တိဖြစ်ခဲ့သည်။ အူစတန် ဘူတာ မှ ထွက်လာပြီးကတည်းက သူ့နောက်သို့ လိုက်လာသူ မရှိတော့မှန်း သိထားပြီး ဖြစ်သည်။ ရထားပေါ်တွင် ကျန်ခဲ့သော မိုးကာနှင့် လူသည် လီဗာပူးအထိ ဆက်လိုက်သွားရပေတော့မည်။ ထိုလူသည်လည်း အချဉ်တော့မဟုတ်၊ ခဏ အကြာမှာပင် နျူမန်သည် အိမ်သာမှ ပြန်ရောက်မလာတော့သည် ကို သိသွားမည်သာ ဖြစ်သည်။ ထိုအခါတွင် သူ့အား ဒေါင်းတောက်အောင် ရှာပေတော့မည်၊ မေးလားစမ်းလားလည်း လူပ်ဦးမည်၊ ထို့အတွက် ရထားပေါ်မှ သူထွက်ပြေးလာခြင်းကို မသိပဲနေမည်မဟုတ်၊ သူ ခုန်ဆင်းလိုက်သည်ကို ရထားလက်မှတ်စစ် မှ စိတ်မသက်မသာ နှင့် လှမ်းကြည့်နေသည်ကိုလည်း သူ သတိထားမိခဲ့သည်။ စောင့်ကြည့်နေသူ သည် ရှေ့ဘူတာ တွင် ဆင်းပြီး သူ့အထက်အရာရှိများထံ ဖုန်းဆက် အကြောင်းကြားမည်သာ ဖြစ်သည်။ ထို့အတွက် သူလှုပ်ရှားနိုင်မည့် အခွင့်အရေး များများစားစား မကျန်တော့သည့် အဖြစ်ကိုလည်း သိထားပြီး ဖြစ်သည်။ သူ့အဖို့ လုပ်စရာ ရှိသည်ကို ခပ်သွက်သွက် လုပ်နိုင်မှ ဖြစ်တော့မည်။


ဂိုဒေါင်သည် လူသူကင်းမဲ့ကာ မှောင်မဲနေသည်၊ နျုမန်သည် လူခေါ်ခေါင်းလောင်းကို နှိပ်ပြီး စောင့်နေလိုက်သည်။ လှုပ်ရှားသံ မကြားရ၍ နောက်တကြိမ် ထပ်နှိပ်လိုက်သည်။ ဒီတကြိမ်တွင်တော့ တံခါးဆီသို့ လျှောက်လာသော ခြေသံကို ကြားလာရသည်။ တံခါးကို လာဖွင့်ပေးသူသည် သားရေ ကုတ်အင်္ကျီကို ဝတ်ထားသော လူထွားကြီး တဦး ဖြစ်သည်ကို တွေ့လိုက်ရသည်။


"ဘာ ကိစ္စ"


"ကျွန်တော် ကျေးဇူးပြုပြီး မစ္စတာ ပုပ် နဲ့ တွေ့ပါရ‌ စေ၊ ကျွန်တော် လိုနေတဲ့ ပစ္စည်းတွေ ဒီမှာ ရနိုင်တယ်ဆိုပြီး အတိအကျ ညွန်လိုက်လို့ပါ"



"မစ္စတာ ပုပ်လည်း မရှိတော့ဘူး၊ လုပ်ငန်းတွေလည်း ရပ်ထားတယ်၊ ကဲ...မောင်ရင် ဒိုးတော့"



လူထွားကြီးက တံခါးကို ပြန်ပိတ်မည်ဟန် ပြင်နေ၍ နျုမန်က သူ့ခြေတဖက် နှင့် ထိုးခံလိုက်သည်။


"ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် အတွက် အရမ်းကို အရေးကြီးနေလို့ပါ၊ ခင်ဗျား ကူညီကောင်း ကူညီနိုင်မှာပါ"


လူထွားကြီးက နျုမန်အား ကြည့်လိုက်ပြီး သူ့မျက်နှာကလည်း ဇဝေဇဝါ ဖြစ်သွားဟန် ရှိသည်။ သူ့စိတ်ထဲတွင် မျက်နှာတွင် ပတ်တီးနှင့် လောင်းကုတ် အင်္ကျီ အရှည်ကြီး ဝတ်လာသူနှင့် သူ့ နှုတ်မှ ထွက်လာသော အစိုးရ ကျောင်းထွက် အင်္ဂလိပ် လေယူလေသိမ်း မစပ်မအပ် ဖြစ်‌နေသည်ကို သံသယ ရှိနေပုံရသည်။


"မောင်ရင်ကို ဘယ်နှစ်ခါများ ထပ်ပြောနေရဦးမှာလဲ၊ ဘာအလုပ်မှ မလုပ်တော့ပါဘူးလို့ ပြောပြီးပြီ၊ ဂိုဒေါင်လည်း ပိတ်ထားတယ်၊ ကဲ... ညောင်းတော့" ဟု ဆိုကာ နျုမန် ပခုံးကို လှမ်းဆုပ်လိုက်သည်။



နျုမန်က လူထွားကြီး၏ မျက်လုံးတည့်တည့်ကို ချိန်ရွယ်၍ လက်သီးစာ ကျွေးလိုက်သည်။ ချက်ခြင်းလို သူ့အိတ်ထဲမှ မော်ဆာ ပစ္စတိုကို ဆွဲထုတ်ကာ ခြေထောက်ကို ချိန်ရွယ် ပစ်လိုက်သည်။ လူထွားကြီးက နာကျင်လွန်း၍ ကြမ်းပြင်တွင် လူးလိမ့် အော်ဟစ်နေသည်။ နျုမန်သည် အထဲကို ဝင်ကာ တံခါးကို ပြန်ပိတ်လိုက်သည်။



ဂို‌ဒေါင်ထဲတွင် ကက်သရင်း ပြောသလိုပင်၊ ဗင်ကားများ၊ လူစီးကားများ၊ ‌ဆိုင်ကယ်များ၊ မှောင်ခို ဈေးတွင်သာ ရနိုင်သည့် အစားအသောက်များ၊ ဓါတ်ဆီ ပုံးများ တွေ့ရသည်။



နျုမန်က "လှုပ်တာနဲ့ ပစ်ထဲ့လိုက်မယ်နော်၊ ဒီတခါတော့ ခြေထောက် မဟုတ်ဘူး၊ ပြောတာ ကြားလား" ဟု လူထွားကြီးအား ငုံ့ပြောလိုက်သည်။


လူထွားကြီးထံမှ ငြည်းသံသာ ထွက်လာသည်။


နျူမန်က ဗင်ကား အမည်းတစီး၏ တံခါးကို ဆွဲဖွင့်ကာ စက်နှိုးကြည့်သည်။ ဓါတ်ဆီပုံး နှစ်ပုံးကို ဆွဲယူပြီး ကားနောက်ခန်းကို ဖွင့်ထဲ့လိုက်သည်။ သွားရမည့် ခရီးက ဝေးသည်ကို တွေးလိုက်မိ၍ နောက်ထပ် နှစ်ပုံး သွားယူပြီး ထပ်ထဲ့လိုက်သည်။


ကားထဲ ဝင်ထိုင်ပြီး မောင်းထွက်ခဲ့သည်၊ တံခါးနား အရောက်တွင် ကားပေါ်မှ ဆင်းပြီး ဂိတ်တံခါးမကြီးကို ဆွဲ တင်ကာ ဖွင့်လိုက်သည်။


ကားပေါ် ပြန်မတက်မီ လဲနေသော လူထွားကြီး နား လျှောက်သွားပြီး "ကျုပ်သာ ခင်ဗျားနေရာမှာဆို ဆေးရုံကို တန်းသွားမှာပဲ"


လူထွားကြီးက နျူမန်ကို ကြည့်ပြီး "နေပါဦး..မောင်ရင်က ဘယ်သူလဲ"


နျူမန်က တချက် ပြုံးလိုက်ရင်းက သူအမှန်အတိုင်း ပြောလည်း ယုံမှာ မဟုတ်သည့်အတူတူ "MI-5 လက်ကနေ ထွက်ပြေးနေတဲ့ ဂျာမန် စပိုင်တယောက်ပဲ"


"အေး... ဒါဆို အဒေါ့ဖ် 'သောက်' ဟစ်တလာ ဆိုတာ ငါပဲ"


နျုမန်သည် ကားပေါ် ပြန်တက်ပြီး မောင်းထွက်လာခဲ့သည်။


***************

ဟာရီ ဒေါလ်တန်သည် ကားမီးလုံး အား အမှောင်ချထားရန် အတွက် အုပ်ထားသည့် အဝတ်စ ကို ဆွဲခွာပြီး လန်ဒန် အနောက်အရပ်သို့ ဦးတည်ကာ ဒလကြမ်း မောင်းထွက်လာခဲ့သည်။ ဌာနရှိ သယ်ပို့ ဆက်ရှင်မှ ကားကို ကျွမ်းကျင်စွာ အမြန် မောင်းနိုင်သည့် ယာဉ်မောင်းစေလွှတ်ပေးမည်ဟု ပြောသော်လည်း ဟာရီသည် ကိုယ်တိုင် ပဲ မောင်းချင်နေသည်။ ယဉ်ကြောကို ကွေ့ကာဝိုက်ကာနှင့် ဖြတ်ကျော်လာပြီး လက်တဖက်ကလည်း ဟွန်းကို အဆက်မပြတ် တီးလာခဲ့သည်။


ဗီကာရီသည် လည်း သူ့ဘေးတွင် ထိုင်၍ လိုက်လာပြီး ကြောက်လန့်တကြားနှင့် ဒက်ရှ်ဘုတ်ကို ဆုပ်ကိုင်ထားသည်။ ရှေ့မှန်ရှိ ဝိုက်ပါသည် ရေစက်များကို အဆက်မပြတ် ဖယ်ရှားပေးနေသော်လည်း သည်းလွန်းသည့် မိုးကြောင့် အချည်းနှီး ဖြစ်နေရသည်။


ကွန်ဝဲလ် လမ်းထဲသို့ ကားကို ချိုးချလိုက်သည်၊ ဟာရီ ကားသည် အရှိန်မထိန်းနိုင်တော့ပဲ နောက်ဘီးသည် ပလက်ဖေါင်းပေါ် တက်သွားသည်၊ ယာဉ်ကြောထဲသို့ ပြန်ဝင်ပြီး ကားများကို ဖြတ်ကျော်တက်လာသည်၊ ထိုမှတဆင့် တောင်ဖက်ရှိ အားလ်ကုပ်  လမ်းဆီသို့ မောင်းလာခဲ့သည်။ လမ်းကြားလေးတခုထဲသို့ ကွေဝင်လိုက်ပြီး တိုက်နောက်ဖေးလမ်းကြား အတိုင်း မောင်းဝင်လာခဲ့သည်၊ ဟာရီသည် အမှိုက်ပုံးကို တိုက်မည်စိုး၍ ကားကို ကွေ့ရှောင်လိုက်ပြန်သည်။ ကြောင်တကောင်ကိုလည်း ပွတ်ကာသီကာ ရှောင်လိုက်နိုင်သည်။ တိုက်ခန်းတွဲကြီး တခု နောက်တွင် ကားကို ဘရိတ်ဆောင့်အုပ်ကာ ရပ်လိုက်၍ ကားသည် ရှေ့သို့ အနည်းငယ် ဒရွတ်ဆွဲသွားပြီး ထိုးရပ်သွားသည်။



ဟာရီ နှင့် ဗီကာရီတို့လည်း ကားထဲမှ ထွက်ကာ တိုက်ခန်းတွဲများ ရှိသည့် အဆောက်အဦးထဲသို့ နောက်ဖေးတံခါးမှ ဝင်လာခဲ့သည်။ စောင့်ကြည့်နေသည့် သူတို့ အဖွဲ့ရှိရာ ငါးထပ်သို့ ကသောကမျောနှင့် ပြေးတက်လာခဲ့ကြသည်။ ဗီကာရီ၏ ဒူးသည် ဓါးတချောင်း စိုက်ဝင်နေသည့် အလား နာကျင်လာနေသည်ကို အမှု မထားနိုင်တော့၊ ဟာရီကို မှီအောင် လိုက်လာခဲ့သည်။


စိတ်ထဲကလည်း အကယ်၍ စောစောကတည်းက ဘုသီသာ ဖမ်းရန် ခွင့်ပြုခဲ့လျှင် အခုလို အထိ ဖြစ်မလာဟု တွေးနေမိပြန်သည်။


ယခု ကား တကယ်ကို ကျဉ်းထဲကြပ်တည်း ရောက်လာသည့် ပြဿနာကြီးနှင့် ကြုံလာရပြီ ဖြစ်သည်။


ရူဒေါ့ဖ် ဟု လျို့ဝှက် အမည်ပေးထားသည့် အေးဂျင့်သည် အူစတန် ဘူတာ တွင် ရထားပေါ်မှ ခုန်ဆင်းပြီး လန်ဒန် မြို့ကြီးထဲတွင် အစအန ရှာမရအောင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ နိုင်ငံတွင်းမှ ထွက်ပြေးနိုင်ရန် ကြံစည်နေလောက်ပြီ ဖြစ်သည်။ ထို့အတွက် ဗီကာရီသည် ကက်သရင်း ဘလိတ်ကို ဖမ်းယုံမှ လွဲ၍ အခြားနည်းလမ်း မရှိတော့၊ ဖမ်းပြီးလျှင် သူမအား မရမက ခြောက်လှန့် မေးရတော့မည် ဖြစ်သည်။


ထိုအခါကျမှ ရူဒေါ့ဖ် ဘယ်ကို သွားနေသည်၊ ဘယ်လိုနည်းနှင့်  ထွက်‌ ပြေးရန် ကြံနေသည်၊ နောက်ထပ် ပတ်သက်နေသည့် အေးဂျင့်များ ရှိမရှိ နှင့် ရေဒီယို ကို ဘယ်မှာ ဝှက်ထားသည်တို့ကို ထုတ်ပြောလာမည် ဖြစ်သည်။


ဗီကာရီ သည် မျှော်လင့်ချက်တော့ အလွန်အကျွံ မထားမိ၊ ဒီအမျိုးသမီး အကြောင်း သူ လေ့လာထားမိ သလောက် သူတို့ဖက် ပါလာမည့် အလားအလာ မရှိ၊ ကြိုးစင်ပေါ် တက်ရမည့် အရေး နှင့် ကြုံလာရလျှင်ပင် ခေါင်းမာ‌နေဦးမည့် ပုံ ရှိသည်။


သူမအနေဖြင့် ရူး‌ဒေါ့ဖ် လွတ်လွတ်ကျွတ်ကျွတ် ပြေးနိုင်အောင် အချိန်ဆွဲထားမည်သာ ဖြစ်သည်။ ထိုသို့သာ ဆိုကာ အပ်ဗဲယားသည် ၎င်းတို့ အပေါ် မဟာမိတ် တပ်များက အကြီးအကျယ် လှည့်ဖျားနေသည့် သက်သေ အထောက်အထားများ ရရှိသွားကြပေတော့မည်။



ထိုအခါ ဆက်ဖြစ်လာမည့် ဆိုးကျိုးများက တွေးပင် မတွေးရဲတော့၊ သူတို့ ကြံဆောင်ထားသမျှ အလဟသ ဖြစ်ရပေတော့မည်။ မဟာမိတ် တပ်များ နော်မန်ဒီကို ဝင်တိုက်တော့မည်ဟု ဂျာမန်တို့ဖက်က ကောက်ချက်ချလာနိုင်ပေသည်။  ထိုအခါ တိုက်မည့် အစီအစဉ်များကို ရွှေ့ဆိုင်း၊ သို့မဟုတ် အခြားနည်း တခုခု ဖြင့် အစားထိုး ပြန် အစီအစဉ် ဆွဲတာမျိုး များ လုပ်ရမည် ဖြစ်သည်။ သို့မဟုတ်က သွေးပင်လယ်အကြီး အဖြစ် ကူးပြောင်းသွားပေတော့မည်။


ယင်းနှင့်အတူ ဟစ်တလာသည်လည်း ဥရောပ အနောက်ဖက်ခြမ်းကို ပြုတ်တူကြီး နှင့် ညှပ်ထားသည့်အလား ဆက်လက် သိမ်းပိုက် ထားနိုင်ပေတော့မည်၊ လူများလည်း မရည်တွက်နိုင်အောင် သေဆုံးကြရပေဦးမည်။ ဒါတွေအားလုံးသည် သူ၏ စီမံချက်များ တစစီ ပျက်စီးသွားသောကြောင့် ပင် ဖြစ်သည်။



သူတွင် နောက်ဆုံး အခွင့်အရေး တခုသာ ကျန်တော့သည်၊ ကက်သရင်း ဘလိတ်ကို ဖမ်း၊ မပေါ်ပေါ်အောင် စစ်၊ ရူဒေါ့ဖ် နိုင်ငံမှ ထွက်မပြေးမီ သို့မဟုတ် သူ့တွင်ရှိ ရေဒီယို ကို အသုံးမပြုနိုင်မီ လက်ရ ဖမ်းဆီး နိူင်မှ ဖြစ်တော့မည်။