လည်သူ စားစတမ်း

by Hla Soewai - Mar 24 2022

မတ်လ ၂၀ ရက်နေ့၊ အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်ကြီးတွင် အင်းစိန်ရွာမ ဆရာတော် ဦးတိလောကာဘိဝံသကို သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သော အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့ကို မင်းအောင်လှိုင်မှ ပေးအပ်ခဲ့သည်။ ယင်း ဂုဏ်ပြုပွဲတွင် သီတဂူဆရာတော်က အင်းစိန်ရွာမဆရာတော်ဟာ မင်းဆရာ၊ တိုင်းပြည်ရဲ့ဆရာ ဖြစ်သွားပြီလို့လည်း ဂုဏ်ပြုချီးကျူး ပြောဆိုသွားခဲ့သည်။

 

ဗိုလ်သန်းရွှေ ခေတ်တွင် အင်းစိန်ရွာမ ဆရာတော် သည် သံဃာတွေကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တဲ့ သူတွေနဲ့ ဘာသာရေးအရ ဆက်ဆံမှုမလုပ်ဟု ဆိုကာ ပတ္တနိကုဇနကံဆောင်ခဲ့သည့် အတွက် ၁၉၉၀ မှာ ထောင် ၁ နှစ်လောက် ကျခဲ့သော်လည်း ယခုအခါ မင်းအောင်လှိုင်၏ ဘွဲ့ထူး ဂုဏ်ထူးများကို လက်ခံရရှိသူ အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

 

ဧရာဝတီ ၏ အင်္ဂလိပ်ပိုင်း သတင်းတွင် *canny monk ဟု ခေါ်သော သီတဂူ ဆရာတော် သည် မင်းအောင်လှိုင်အား သဒ္ဓါ ပညာ အားကောင်းသည့် မင်းကောင်းမင်းမြတ် ဖြစ်ပေသည်ဟု အဆိုပါ အခမ်းအနား တွင် Live လွှင့်၍ ပြောဆိုလာခဲ့သည့် အချိန်သည် မင်းအောင်လှိုင် ‌ဦးစီးသော စစ်တပ်၏ ရိုဟင်ဂျာ လူနည်းစုများ အပေါ် ကျူးလွန်ခဲ့မှုများကို လေးနှစ်ကြာ စုံစမ်းစစ်‌ ဆေးပြီး အမေရိကန် အစိုးရက လူမျိုး တုံး အောင် ရည်ရွယ်ချက် ဖြင့် သတ်ဖြတ်ကြောင်း တရားဝင် ကြေညာလာသည့် အချိန်နှင့် တိုက် ဆိုင်နေပေသည်။

 

လက်ရှိ နှင့် ယခင်က သတ်ဖြတ်ခဲ့မှုများ၊ မြို့ရွာများကို မီးတင်ရှို့ ဖျက်ဆီးပြစ်နေမှုများ၊ လိမ်ညာ ဝါဒဖြန့်နေမှုများသည် ၎င်းတို့အခေါ် သဒ္ဓါ ပညာ အားကောင်းသည့် မင်းတပါး အနေဖြင့် လုပ် သင့်လုပ်ထိုက်သည့် လုပ်ရပ်များ ဖြစ်သည်ဟု အဆိုပါ ဆရာတော်က သတ်မှတ်ပေးလိုက်သည့် သဘောပင် ဖြစ်သည်။

 

ထိုသို့ ပြောဆိုပြီး မကြာမီမှာပင် ကော့မှူး မြိုနယ် မြို့ကုန်း ရပ်ရှိ ဘုန်းကြီးကျောင်းထဲသို့ အကြမ်းဖက် စစ်တပ်မှ ဝင်ရောက် စီးနင်းပြီး အားမန် ပရဟိတ အသင်း ဥက္ကဌ ကိုသန့်ဇင် အောင်အား ပစ်သတ်ကာ အလောင်းပါ ဆွဲယူသွားသည်ဟူသော သတင်းဆိုးကြီး ထွက် ပေါ်လာပေတော့သည်။

 

သာသနာ အကျိုးဆောင် ဆရာတော်များသည် ဗုဒ္ဓခေတ် ပုံတိုပတ်စများထဲ မှ ရုန်းထွက်ရန် မကြိုးစားဘဲ ၎င်းတို့အမြင်တွင် နယ်စွန်နယ်ဖျား၌ ပုန်ကန် သောင်းကျန်းနေသူများကို နှိမ်နှင်းခြင်း ဖြစ်သည်ဟု အလွယ်တကူ ယူဆနေခြင်းသာ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ထိုသို့ ပါးနပ်စွာဖြင့် သံယာတော်များ နှင့် လူထုအကြား တဆင့်ခံ Proxy war ဖြစ်အောင် ဖန်တီးပေးနိုင်ခဲ့ပြီ ဖြစ်သည်။

 

အမေရိကန် အစိုးရသည် ထိုကဲ့သို့ ဂျီနိုဆိုက် သတ်မှတ်ရန် လေးနှစ်ကျော် အချိန်ယူခဲ့ခြင်းသည် အကြောင်းရင်း နှစ်ရပ် ရှိကြောင်း၊ ပထမ အချက်မှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစု ကြည်၏ မျက်နှာကို ထောက်ထားနေခြင်း၊ တရုတ်၏ ဩဇာလွှမ်းမိုးရန် ကြိုးပမ်းမှု ကို တန် ပြန်ရန် မြန်မာ ရှိ အုပ်ချုပ်ရေး အသိုက်အဝန်း နှင့် ဆက်ဆံရေးအပေါ် ထိန်းသိမ်းထားရန် ဖြစ် သည်ဟု ထရန့် လက်ထက်တွင် ကမ္ဘာ အမျိုးသမီးရေးရာ သံအမတ် ဖြစ်ခဲ့သူ ကယ်လီ ကာရီ မှ ပြောသည်ဟု အတ္တလန်တစ် မဂ္ဂဇင်းကြီးတွင် ရေးသားထားသည်။

 

ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အတွင်း ကိုယ်ပိုင်တရားစီရင်ရေး စနစ် ရှိပြီးဖြစ်၍ ပြစ်မှု ကျူးလွန်သူများကို တရားစီရင် အပြစ်ပေးသွားမည်သာ ဖြစ်သည်ဟု အိုင်စီ‌ ဂျေ တွင် အဓိက ထား လျှောက်လှဲသွားခဲ့သည်။ သို့သော် ယခုအခါ စစ်တပ်သည် နိုင်ငံ အုပ်ချုပ်ရေး ကို ထိန်း ချုပ်ထားပြီ ဖြစ်၍ သူမ၏ လျှောက်လှဲချက်ပေးခဲ့သလို အကောင်အထည် ဖေါ်ရန် မဖြစ် နိုင်တော့ ကြောင်းလည်း ယူဆခဲ့ခြင်း ဖြစ်သည်။

 

အမေရိကန် မှ ယခုလို ဂျီနိုဆိုက် ကျူးလွန်သည်ဟု သတ်မှတ်ပေးခြင်းသည် စစ်တပ်အား ၎င်းတို့ ကျူးလွန်သော ပြစ်မှုများသည် မည်မျှ အထိ ကြီးမားနေပြီ ဆိုသည်ကို မီးမောင်းထိုးပြ သတိပေးလိုက်ခြင်း ဖြစ်သည်ဟု အိမ်ဖြူတော် ပြောခွင့်ရ ဂျန် ဆာကီ က ဆိုသည်။

 

ထို့အပြင် ကုလ၏ မြန်မာပြည်ရေးရာ လွတ်လပ် သော စုံစမ်းရေး လုပ်ငန်း အဖွဲ့ IIMM ကိုလည်း ‌ဒေါ်လာ တသန်း ထည့်ဝင်သွားမည်ဟု သိရသည်။

 

မြန်မာဖက်မှတော့ မျှော်လင့်ထားသည့် အတိုင်းပင် အမေရိကန်၏ ကြေညာချက်ကို အမှန် တရားနှင့် ဝေးကွာမှု အဖြစ် ပြတ်ပြတ်သားသား ငြင်းဆိုသည်ဟု ဝဏ္ဏမောင်လွင် ရုံးမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

အာဆီယံ သံတမန် ဆိုသော ကမ္ဘောဒီယား နိုင်ငံခြားရေး ဝန်ကြီး ၏ မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့မှု ကို စစ်ကောင်စီ ထိန်းချုပ်ထားသော သတင်းစာများက တခမ်းတနား ဖေါ်ပြ ခဲ့သော်လည်း နောက်ပိုင်း မည်သူနှင့် တွေ့ဆုံသည် ဆိုသည့် သတင်းများကို ဖေါ်ပြခြင်း မရှိကြတော့ပေ။

 

စစ်ကောင်စီမှ ၎င်းတို့၏ ‌ကြီးမြတ်သော ခေါင်းဆောင်ကြီးအား ဂါရဝ ပြုရန် အာဆီယံမှ ၎င်းတို့ကိုယ်စား သံတမန် တဦး ရွေးချယ်စေလွှတ်လိုက်ခြင်း အဖြစ် ပုံဖေါ်ခံလိုက်ရခြင်းသာ အဖတ်တင် သွားခဲ့ပေသည်။

 

ယခင် သမ္မတ ဟောင်း ဦးထင်ကျော်၏ ဇနီးဖြစ်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ခေါင်းဆောင် တဦးဖြစ်သူ ဒေါ်စုစုလွင်သည်လည်း အာဆီယံ အထူး သံတမန် နှင့် Park Royal ဟိုတယ်တွင် တွေ့ဆုံရန် ရှိသည်ကို ကျန်းမာရေး အကြောင်းပြကာ ငြင်းပယ်လိုက်ပြီ ဖြစ်သည်။

 

အာဆီယံ ၏ အချက် ငါးချက်သည်လည်း နိုင်ငံတကာ၏ ကြေညာချက်ထဲတွင် အာပဒေါင်းပွ အောင် ထည့်သွင်း ပြောဆိုနေသော်လည်း အကြမ်းဖက် စစ်ကောင်စီကမူ ပေလျကံ ပြုထားဆဲ ဖြစ်သည်။

 

ထို့အတူ အာဆီယံသည်လည်း ယခု အချိန်အထိ မြန်မာပြည်သူများ၏ အသံကို နားထောင်ဖို့ ငြင်းပယ်နေဆဲပင် ဖြစ်သည်။ ပို၍ ဆိုးသည်က ကမ္ဘောဒီယား ဥက္ကဌ တာဝန်ယူ နေချိန်တွင် မည်သို့မျှ ထူးခြားလာစရာ ရှိမလာနိုင်ခြင်းပင် ဖြစ်သည်။

 

လက်ရှိ အနေအထားတွင် စစ်ကောင်စီ မှ စစ်ကိုင်း၊ မကွေးတိုင်း၊ ချင်း နှင့် ကယား ပြည်နယ် များတွင် အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်လာနေခဲ့ခြင်းများ၏ ရလဒ် အဖြစ် အဆိုပါ ဒေသခံ စစ်သားများသည် ပြည်သူများ ဖက်သို့ ပူးပေါင်းလာနေပြီ ဖြစ်သည်။ ထိုအထဲတွင် ပဲခူးတိုင်း ကျောက်ကြီး အရပ်ရှိ ခမရ ၃၅၁ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး တဦးပင် ပါဝင်လာခဲ့ပြီ ဖြစ်သည်။ အဆိုပါ ဒုဗိုလ်မှူးကြီးသည် ဒီပဲယင်း နယ်သား ဖြစ်သည်ဟု သိရသည်။ ယခုအခါ ဒုဗိုလ်မှူးကြီး အဆင့် သုံးဦးအထိ ရှိလာနေပြီ ဖြစ်သည်ဟု မြန်မာနောင်း သတင်းက ဆိုသည်။ ထိုသို့ ဖြစ်ရပ်များက ရှေ့လျှောက်တိုးတက် များပြားလာဖွယ် ရှိနေပြီး မြန်မာတို့၏ ခုခံ တွန်းလှန်စစ်မှာ အရှိန် မြှင့်သည်ထက် မြင့်လာတော့မည် ဖြစ်သည်။

 

အာဆီယံ ၏ ထိုသို့ ဝတ်ကျေတမ်းကျေ ပြုလုပ်နေခြင်းသည် ပြည်ပ အင်အားကြီး နိုင်ငံတခု မှ တိုက်ရိုက် ဝင်ရောက် ပတ်သက်လာပြီး ယူကရိန်းကဲ့သို့ တဆင့်ခံစစ်ပွဲ proxy war အသွင် ကူးပြောင်း သွားရန် ဖိတ်ခေါ်နေသလို ဖြစ်နေပြီဟု ထင်ရှားသော သတင်းစာဆရာ တဦး ဖြစ်သူ ကာဗီ ချောင်ကစ်တာဗွန် က ဘန်ကောက်ပို့စ်တွင် သတိပေး ရေးသားလာခဲ့သည်။

 

၎င်း ဆိုလိုသည်က လက်ရှိတွင် မြန်မာ စစ်တပ်အား တရုတ်၊ ရုရှား ကဲ့သို့ အင်အားကြီး နိုင်ငံများမှ လက်နက်များ ပြောင်ပြောင်တင်းတင်း ထောက်ပံ့လာမည် ဆိုလျှင် တဖက်မှ အမေရိကန် နှင့် အနောက်အုပ်စုမှလည်း ယခုလို လက်ပိုက်ကြည့်နေတော့မည် မဟုတ်ဘဲ ဝင်ရောက်လာတော့မည်ဟူ၍ ဖြစ်သည်။ လက်ရှိ ကမ္ဘာအရေး တွင် အင်အားကြီး နိုင်ငံများ အကြား ဆက်ဆံရေးသည် ရန်စောင်နေသည့် အဆင့်အထိ တိုးမြှင့်ရောက်ရှိလာနေပြီ ဖြစ်သည်။

 

ယခုပင် ထိုင်းနယ်ခြားစောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် လက်နက်ကြီး လက်နက်ငယ် မျိုးစုံ သိမ်းဆည်း ရမိနေပြီ ဖြစ်၍ ပြည်ပ အင်အားစုများ လျို့ဝှက် ပါဝင် ပတ်သက်နေပုံရသည်ဟု စိုးရိမ်မကင်း ဖြစ်လာနေကြောင်းလည်း ဆောင်းပါးရှင်က ဆိုသည်။

 

ထိုင်းနယ်ခြားစောင့် ရဲတပ်ဖွဲ့၏ မျက်စိအောက်၊ မျက်စိကွယ်ရာမှ မည်မျှအထိ ဝင်ရောက် သွားနိူင်သည်ကိုလည်း တွက်ချက်ကြည့်၍ ရနိုင်ပေသည်။

 

*canny – (adj) having or showing shrewdness and good judgment, especially in money or business matters.

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

ဓါတ်ပုံ - ဧရာဝတီ သတင်းစဉ်