ဆန္ဒပြသူများ အား ဖြိုခွင်းရာတွင် မင်းအောင်လှိုင်မှ တိုက်ရိုက်ညွှန်ကြား ဟူသော အစီရင်ခံစာ ထွက်ပေါ်

by Hla Soewai - Mar 26 2022

ယမန်နှစ်က အာဏာသိမ်းပြီးလျှင် ပြီးချင်း ဆန္ဒပြသူများအား စတင်နှိမ်နှင်း နိုင်ရန် မင်းအောင်လှိုင်သည် အထူး ကွပ်ကဲရေး Special Command ကို စတင် ဖွဲ့စည်းလာခဲ့ပြီး မြို့ပြဒေသများတွင် တပ်များ ဖြန့်ကျက်ချထားခြင်း၊ လက်နက်မဲ့ အရပ်သားများကို သေစေသည့် အထိ ပစ်ခတ်ဖြိုခွင်းရန် တို့ကို စီမံလုပ်ဆောင်ခဲ့၍ အဓိက တာဝန် ရှိသူ ဖြစ်ကြောင်း ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာ တွင် မီးမောင်းထိုးပြလာခဲ့သည်။

 

အဆိုပါ အစီရင်ခံစာ ကို Fortify Rights (FR) လူ့အခွင့်အရေး အဖွဲ့ကြီး နှင့် ယေးလ် တက္ကသိုလ် ဥပဒေရေးရာ ဌာနမှ အသေးစိတ် စုံစမ်း စစ်ဆေးပြီး ထုတ်ပြန်လာခဲ့ခြင်းလည်း ဖြစ်သည်။

 

လက်အောက်ခံ အရာရှိ၊ အကြပ် တပ်သားများကို မည်သို့ နှိမ်နှင်းရမည် ဆိုသည့် လက်စွဲစာအုပ် “Fieldcraft” ကို ပင် ဝေငှခဲ့ပြီး ထိုအထဲတွင် အကြောက်တရားများ စိမ့်ဝင်လာစေရန် စနိုက်ပါ များ သုံးစွဲရမည်ဟု ပါရှိခဲ့သည်။ သို့သော် စစ်သည်များ လိုက်နာရမည့် ကျင့်ဝတ်များကတော့ တကြောင်းတပါဒမျှ ပင် မပါရှိခဲ့ဟု သိရသည်။

 

ကြာသပတေးနေ့က ထုတ်ပြန်လိုက်သော ၁၉၃ မျက်နှာ ပါ အစီရင်ခံစာတွင် အာဏာသိမ်းပြီး ၆ လ ကာလ အတွင်း စစ်ကောင်စီ အဖွဲ့ထံမှ ပေါက်ကြားလာသော စာရွက်စာတမ်းများ၊ အခြား သတင်းအရင်း အမြစ်များ၊ ဆန္ဒပြပွဲတွင် အသက်မသေဘဲ ကျန်ရစ်ခဲ့သူများ၊ ဆေးဝန်ထမ်းများ၊ မျက်မြင်သက်သေများ၊ ယခင် ရဲ နှင့် စစ်သား များ၏ ထွက်ဆိုထားချက်ပေါင်း ၁၂၈ ခု ပါရှိခဲ့သည်။

 

ဆန္ဒပြသူများ၊ နိုင်ငံရေး လှုပ်ရှားသူများ နှင့် အာဏာရ ပါတီ အဖွဲ့ဝင်များကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့အား ညွှန်ကြားထားသည့် ဌာနတွင်း အသိပေးစာများ နှင့် ဖမ်းဆီးခံခဲ့ရသူများအား နှိပ်စက်ညှင်းပမ်းခဲ့သည့် သက်သေအထောက်အထားများပါ ရရှိခဲ့သည်။

 

အဆိုပါ ရာဇဝတ်မှု တခုချင်းစီအတွက် ကျူးလွန်ခဲ့သူများ၏ အမည်များပါ ရရှိထားပြီး ဖြစ်၍ တရားစီရင်ရန် အပြစ်ပေးရ မည် ဖြစ်သည်ဟု FR ၏ အကြီးအကဲ နှင့် အစီရင်ခံစာ ပူးတွဲ ပြုစုသူ မက်သယူး စမစ်က ဆိုသည်။

 

ကုလ လူ့အခွင့်အရေး ကောင်စီ၏ အစီရင်ခံစာသည်လည်း ပြီးခဲ့သည့် တပတ်အတွင်းက ထွက်ရှိလာခဲ့ပြီး ဖြစ်၍ အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်များ အပေါ် နိုင်ငံတကာ ဖိအားပေးမှုများ တိုးမြှင့်လာဖို့ ရှိနေသည်။ 

 

ဘယ်နေရာမှ မလုံခြုံ “Nowhere is safe” ခေါင်းစဉ် ဖြင့် ထုတ်ပြန်လိုက်သော အဆိုပါ အစီရင်ခံစာတွင် စစ်ဖက် နှင့် ရဲဖက် မှ ကွပ်ကဲသူ အဆင့် ရှိသူ ၆၁ ဦး ၏ အမည်များပါ ပါရှိလာခဲ့သည်။ ၎င်းတို့အား လူသားများ အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အတွက် ခုံရုံးတင် စစ်ဆေးသင့်သည်ဟုလည်း ဖေါ်ပြထားသည်။ အဆိုပါ သတင်း အချက်အလက်များ ရရှိအောင် လုံခြုံရေး တပ်ဖွဲ့ထဲမှ ၆ ဦး မှ ကူညီပေးခဲ့ကြောင်း ထိုသို့အကူ အညီပေးခဲ့သူများ ထဲတွင် လက်ရှိတာဝန် ထမ်းဆောင်နေသည့် ဗိုလ်မှူးကြီး တဦး နှင့် ဗိုလ်မှူးအဆင့် ရှိသူ နှစ်ဦးလည်း ပါဝင်သည်ဟု ဆိုသည်။

 

ဖြန့်ကျက်ချထားသည့် တပ်ဖွဲ့ ၁,၀၀၀ ကျော်၏ ထိုစဉ်က တာဝန်ကျထားသည့် နေရာအတိအကျပါ ပါရှိသဖြင့် ကျူးလွန်သူများကို ခြေရာခံ ဖို့ လွယ်ကူသွားရသည်ဟု ဆိုသည်။

 

မင်းအောင်လှိုင် ဦးဆောင် ဖွဲ့စည်းထားသော “အထူး ကွပ်ကဲရေး ဌာနချုပ်” ကို ထိပ်တန်း ဗိုလ်ချုပ်ကြီး လေးဦးက တာဝန်ယူ ညွှန်ကြားနေခြင်း ဖြစ်ပြီး ၎င်းတို့ လေးဦး ထံမှ လွဲ၍ အခြား မည်သူ တဦးတယောက်၏ အမိန့်ကိုမှ နာခံစရာ မလိုကြောင်း လည်း အစီရင်ခံစာက ဆိုသည်။

 

ထိုသို့ စစ်ကောင်စီ၏ ရက်စက်စွာ ကျူးလွန်နေသည်များကို ရပ်တန့်အောင် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိလျှင် ဆက်လက်၍ သတ်ဖြတ်နေကြမည်မှာ သံသယ ဖြစ်စရာပင် မလိုဟု ယေးလ်တက္ကသိုလ်မှ အစီရင်ခံစာ ပူးတွဲ ရေးသားသူ ရော်ဂျာ ပိုလက်ခ် က ဖေါ်ပြထားသည်။

 

နိုင်ငံတကာမှ အရေးယူ လာဖို့ အရေး ပြောဆိုနေသည်မှာ စစ်အာဏာသိမ်းပြီးချိန်က စလာခဲ့သော်လည်း လက်တွေ့တွင် မယ်မယ်ရရ ဖြစ်မလာသေးပေ။ ထို့အတွက်ကြောင့် မိမိတို့ အရေးကို မိမိတို့ဖာသာ ဖြေရှင်းရမည် နှင့် စပ်လျှင်း၍ ဧရာဝတီ သတင်း၏ အင်တာဗျူးတွင် ပြည်သူများ၏ လှူဒါန်း ပံ့ပိုးမှုများ ပို များလာလေ တော်လှန်ရေးကြီး ပို၍ လျှင်မြန်စွာ အောင်မြင်လာဖို့ ရှိလေ ဖြစ်သည်ဟု ပြောသွားခဲ့သည်။

 

ပြည်သူများ အနေဖြင့် မိမိတို့ မပါဝင်နိုင်သဖြင့်လည်း တော်လှန်ရေးကြီးမှာ သူ့အလိုလို အောင်မြင်သွား လိမ့်မည်ဟု မယူဆစေလိုကြောင်း၊ ပါဝင်နိုင်သည့် နည်းလမ်းပေါင်းများစွာ ရှိနေသည်ဟု ဆိုသည်။

 

PDF တပ်ဖွဲ့ဝင် လူငယ်များကဲ့သို့ အသက်ကိုရင်း၍ ကိုယ်တိုင်ကိုယ်ကျ တိုက်ရမည်ဟု မဆိုလိုကြောင်း၊ ပြည်သူတို့၏ ခုခံတွန်းလှန်စစ် အတွက် လိုအပ်နေသည့် ဘဏ္ဍာရေး အကူအညီများကို အင်တိုက်အားတိုက် ထည့်ဝင်ဖို့ သာ လိုသည်။ သပိတ်တိုက်ပွဲများ တွင် ပါဝင်ဆင်နွှဲခြင်းဖြင့် အထောက်အကူ ရအောင် လုပ်ပေး ကြရန်၊ ရံပုံငွေ ဆက်လက် လှူဒါန်းကြရန်၊ CDM ကို ဆက်လက်ဆင်နွှဲရန်၊ သပိတ်မှောက်တိုက်ပွဲများ၊ လူမှုရေး ပြစ်ဒဏ်ခတ်မှုများ ပြုလုပ်ပေးရန်သာ လိုသည်ဟု တိုက်တွန်းသွားခဲ့သည်။

 

လွတ်လပ်ခွင့် ဆိုသည်က အလကားပဲတင်း တော့ ရ မလာနိုင်၊ မိမိတို့ တတ်နိုင်သည့် ဖက်မှ ပါဝင်နိုင်မှသာ ရနိုင်မည်ဟု ပြောကြားသွားခဲ့သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!