D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၄၉)

by Hla Soewai - Mar 28 2022

ဗီကာရီသည် လှေကားမှ တဆင့် မှတ်တမ်းရုံးခန်း ရှိရာသို့ ဆင်းလာသည့် အချိန်တွင် လေကြောင်း အန္တရာယ် အချက်ပေး ဥဩသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။ အခန်းများ အားလုံးသည် မီးလုံး တလုံး နှစ်လုံးခန့်သာ ထွန်းထားသဖြင့် တဝက်တပျက် မှောင်မဲနေသည်။ အနံ့အသက်များက ထုံးစံအတိုင်း ဖုံများ၊ စွတ်စိုထိုင်းမှိုင်းသော အနံများ၊ စာရွက်စာတမ်း အဟောင်းများမှ ထွက်လာသော အနံ့များ နှင့် နီကိုလပ် ဂျာဂိုစ်၏ ဆေးပြင်းလိပ် အနံ့များ ဖြင့် ဖုံးလွှမ်းနေသည်။

 

ဂျာဂို၏ မှန်နှင့် ကာရံထားသော ရုံးခန်းဖက် တချက် လှည့်ကြည့်လိုက်ရာ မှောင်မဲနေပြီး တံခါးကိုလည်း ပိတ်ထားသည်။ အမျိုးသမီး စီး ဒေါက်မြင့် ဖိနပ် သံကို ကြားလိုက်ရ၍ တစ္ဆေသူရဲ အလား လှစ်ကနဲ ဖြတ်ကာ ပျောက်ကွယ်သွားသော ဂရေ့စ် ကလာရင်ဒန်၏ ရွှေရောင်ဆံပင်များကိုသာ ရိပ်ကနဲ တွေ့လိုက်ရသည်။ သူမ သွားရာနောက် လိုက်လာခဲ့ရာ ဘေးခန်း တခန်းထဲသို့ ဝင်လာခဲ့သည်။ အနီးမှ ခေါ်လျှင် လန့်သွားမည်စိုး၍ သူမ အမည်ကိုလည်း ခပ်ဝေးဝေး မှ လှမ်း၍ အသံပေးပြီး ခေါ်လိုက်သည်။ သူမက လှည့်ကြည့်ပြီး သူ့ကို မြင်သွားသည့်အခါ သူမ၏ စိမ်းဖန့်ဖန့် မျက်လုံးများက ရန်လိုမှုများ နှင့် အရောင်တောက်လာသည်။ မျက်နှာကို တဖက်သို့ ပြန်လှည့်သွားပြီး ဖိုင်တွဲများကို နေရာတကျ အစီအစဉ်အလိုက် ပြန်စီနေသည်။

 

“ကိစ္စရှိလို့လား ပရော်ဖက်ဆာ ဗီကာရီ၊ ဘာမှ ကိစ္စမရှိရင်တော့ အခန်းထဲက ထွက်သွားပါလို့ ကျမ ပြောပါရစေ။ ပရော်ဖက်ဆာကြောင့် ကျမလည်း ဒုက္ခ ရောက်လှပါပြီ၊ ပရော်ဖက်ဆာနဲ့ ကျမ စကားပြောနေတာ မြင်သွားရင် ကျမ အဖို့ လမ်းပေါ်မှာ အမှောင်ချမချ လိုက်ကြည့်ရတဲ့ ဝါဒင် အလုပ်တောင် ရဖို့ လွယ်မှာ မဟုတ်တော့ဘူး၊ ကျေဇူးပြုပြီး ပြန်ပါတော့”

 

“ကျုပ် ဖိုင် တဖိုင် ကို ကြည့်ချင်လို့ပါ”

 

“ဖိုင် ကြည့်ချင်တယ်ဆိုရင် ဘာတွေ အရင်လုပ်ရမယ် ဆိုတာ ပရော်ဖက်ဆာ သိပြီးသားပါ၊ ကြည့်ချင်တဲ့ ဖိုင် ကို ဖေါင်မှာ အရင်ဖြည့်ပြီး ခွင့်ပြုကြောင်း လက်မှတ် ပါမယ် ဆိုရင် ကြည့်ချင်တာ ကြည့်လို့ရပါတယ်”

 

“ကျုပ် ကြည့်ချင်တဲ့ ဖိုင် အတွက် ခွင့်ပြုချက် ရမှာ မဟုတ်လို့ပါ”

 

“အဲ့တာဆိုလည်း ကြည့်လို့ မရဘူးပေါ့၊ စည်းကမ်းဟာ စည်းကမ်းပဲ” ဟု ပြောလိုက်သော သူမ အသံသည် အလုပ်နှင့် ပတ်သက်လျှင် ဆပ်ဆပ်ထိ မခံသည့် ကျောင်းအုပ်ဆရာမကြီး တယောက်၏ လေသံမျိုး လို အေးတိအေးစက်နှင့် ဖြစ်သည်။

 

မြစ် တဖက်ကမ်းတွင် ဗုံးများ ကျလာ၍ တုန်ခါသွားသည်ကို သိလိုက်သည်၊ ပန်းခြံများထဲရှိ လေယာဉ်ပစ် အမြှောက်များ၏ ပြန်လည် ပစ်ခတ်သံများကိုပါ တဆက်တည်း ကြားလာရသည်၊ ဗီကာရီသည် သူ့ခေါင်းပေါ်တွင် ဂျာမန် ဟင်နီကယ် ဗုံးကြဲလေယာဉ်များ တဝီဝီ ပျံသန်းနေသံကိုလည်း ကြားနေသည်။ ဂရေ့စ်သည် သူမအလုပ်ကို ရပ်လိုက်ပြီး အပေါ်ကို မော့ကြည့်လိုက်သည်။ ဗုံးများသည် အနီးတဝိုက်တွင် ကျလာနေ၍ အဆောက်အဦး တခုလုံး လှုပ်ခါနေပြီး ဖိုင်များလည်း စင်ပေါ်မှ ပြိုလဲကျလာသည်။ ဂရေ့စ်က ကြမ်းပြင်ပေါ် ပျံ့ကျဲနေသော ဖိုင်များကို ကြည့်၍ ပါးစပ်မှ ကျိန်ဆဲသံ ထွက်လာသည်။

 

“ဘုသီက မင်း မလုပ်ချင်တာတွေ အတင်းလုပ်ခိုင်းနေမှန်း ကျုပ်သိတယ်၊ မင်း နဲ့ ဘုသီတို့ ရုံးခန်းထဲမှာ စကားများနေတာကိုလည်း ကြားခဲ့ပြီးပြီ၊ မနေ့ညက နော့သမ်ဘာလန်း ရိပ်သာလမ်းမှာ သူ့ကားပေါ် မင်းတက်သွားတာကိုလည်း မြင်ခဲ့ပြီးပြီ၊ မင်း နဲ့ သူ လူငယ်တွေလို ခိုးကြောင်ခိုးဝှက် ချိန်းတွေကြတာလို့ တော့ ကျုပ်ကို မပြောနဲ့၊ ဘာဖြစ်လို့လည်း ဆိုတော့ မင်း နဲ့ ဟာရီ တို့ ချစ်နေကြတာကို ကျုပ် သိထားလို့ပဲ”

 

သူမ၏ မျက်လုံးစိမ်းများတွင် မျက်ရည်စများကို တွေ့လိုက်ရပြီး ဖိုင်များကို ကိုင်ထားသော သူမ၏ လက်များလည်း တုန်ရီလာနေသည်။

 

“အဲ့လိုတွေ ဖြစ်လာရတာ ရှင့်ကြောင့်၊ ရှင်သာ သူ့ကို ဗိုဂဲလ် ဖိုင် အကြောင်း သွားမပြောခဲ့ရင် ကျမ ဒီလို ဒုက္ခရောက်မှာ မဟုတ်ဘူး”

 

“သူက မင်းကို ဘာတွေ လုပ်ခိုင်းနေလို့လဲ”

 

သူမက ဘာမှ ဆက်မပြောတော့ပဲ “သွားပါတော့ ပရော်ဖက်ဆာရယ်၊ သွားပါတော့...”

 

“ဘုသီက မင်းကို ဘာတွေ လုပ်ခိုင်းနေလဲ ဆိုတာ မပြောမချင်း ကျုပ် ဒီနေရာက တဖဝါးမှ မခွာဘူး”

 

“ဒုက္ခပါပဲ၊ သူက ရှင် ဘာတွေ လုပ်နေတယ်၊ ဘာတွေ လိုချင်နေတယ်ဆိုတာ ကျမကို စပိုင် လုပ်ခိုင်းနေတာ ရှင်းပြီလား၊ ပြီးတော့ ဟာရီ ကိုရောပဲ၊ ဟာရီ ကျမကို အိပ်ယာထဲမှာ ပြောတာတွေပါ ကျမက သူ့ကို အကုန်ပြန်ပြောနေရတယ်”

 

“ဒါဆို မင်း သူ့ကို ဘာတွေ ပြောခဲ့လဲ”

 

“ရှင်တို့ အမှုနဲ့ ပတ်သက်ပြီး ဟာရီ ကျမကို ပြောပြတာတွေ၊ ရှင်တို့ ဘယ်အခြေအနေ တွေ ရောက်နေကြပြီ ဆိုတာတွေ၊ ပြီးတော့ ရှင် ရှာခိုင်းတဲ့ ဖိုင်တွေ အကြောင်းကောပဲ” ဟု အသံကို ကြားနိုင်ယုံ နှိမ့်ပြီး ပြောရင်းက သူမလှည်းထဲမှ ဖိုင်များကို ဆွဲထုတ်ပြီး စင်ပေါ်တွင် နေရာချ နေပြန်သည်။ “အားလ်ကုပ်မှာ ဟာရီ ပါတယ်လို့ ကျမ ကြားရတယ်”

 

“ဟုတ်တယ်၊ သူက အခု အားလ်ကုပ် ဖြစ်ရပ်ကြောင့် သူရဲကောင်း ဖြစ်နေပြီ”

 

“သူကော ဒဏ်ရာတွေ ဘာတွေ ရသွားသေးလား”

 

ဗီကာရီက ခေါင်းငြိမ့်ပြလိုက်ပြီး “အခု အပေါ်ထပ်မှာ ရှိတယ်၊ ဆရာဝန်တွေ က အိပ်ယာထဲ လှဲနေပါလို့ ပြောတာ မရဘူးလေ”

 

“မိုက်ရူးရဲ လုပ်လို့ပဲ ဖြစ်မယ်၊ သူ့ကိုသူ လုပ်နိုင်ကြောင်း သက်သေပြချင်နေတာ၊ ဘုရား..ဘုရား ဟာရီက တခါတခါ ခေါင်းမာတယ်၊ စဉ်းစဉ်းစားစား လုပ်တဲ့ လူမျိုး မဟုတ်ဘူး”

 

“ဂရေ့စ်၊ ကျုပ် ကြည့်ချင်တဲ့ ဖိုင်ကို ကြည့်ဖို့ လိုနေတယ်၊ အခု ကိစ္စတွေ ပြီးသွားရင် ဘုသီက ကျုပ်ကို အလုပ်ဖြုတ်ပစ်မှာ ကြိမ်းသေတယ်၊ အဲ့တာ ဘာကြောင့်လည်း ဆိုတာ ကျုပ် သိဖို့ လိုတယ်”

 

ဂရေ့စ်က သူ့အား စိုက်ကြည့်လိုက်ပြီး သူမ၏ မျက်နှာက လွန်စွာ လေးနက်သော အသွင်ကို ဆောင်နေသည်။ “ကြည့်ရဖို့က အတော်ကို အသည်းအသန် ဖြစ်နေတာပေါ့၊ ဟုတ်တယ် မဟုတ်လား ပရော်ဖက်ဆာ”

 

“စိတ်မကောင်းစွာနဲ့ပဲ ဟုတ်တယ်လို့ ပြောရမှာပဲ”

 

သူမသည် ဘာစကားမှ မပြောပဲ တအောင့်မျှ ကြာအောင် စိုက်ကြည့်နေသည်၊ အဆောက်အဦး တခုလုံးလည်း ဗုံးဒဏ်ကြောင့် သိမ့်သိမ့်ခါ နေသည်။

 

“ဘယ်လို ဖိုင်မျိုးလဲ”

 

“ပါတီပွဲကြီး လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေး ဖိုင်”

 

ဂရေ့စ်က နားမလည်ဟန်ဖြင့် မျက်မှောင်ကြုပ်လိုက်ရင်းက “အဲ့ဒီ စစ်ဆင်ရေး က အခု ရှင်တို့ ပတ်သက်နေတဲ့ ဟာ မဟုတ်လား”

 

“ဟုတ်တယ်”

 

“ခဏလောက် နေပါဦး ရှင်ရဲ့ စစ်ဆင်ရေးဖိုင်ကို ရှင့်ကို ပြန်ပြဖို့ ကျမ အလုပ်နဲ့ ရင်းရဦးမှာလား”

 

“အဲ့လိုမျိုးလို့ ပြောရင်ရပါတယ်၊ တခုတော့ ရှိတဲ့ အဲ့ဒီဖိုင်မှာ အခြား အမှုတွဲ ကိုင်တဲ့ အရာရှိ တယောက် နာမည် ကိုပါ ပြန်ပြီး ရည်ညွှန်းထဲ့ထားလား ဆိုတာ ကြည့်ပေးစေချင်တယ်”

 

“ဘယ်သူလဲ”

 

ဗီကာရီက ဂရေ့စ် ၏ မျက်လုံးစိမ်းများကို စိုက်ကြည့်လိုက်ပြီး ပါးစပ်မှ BB ဟု တိုးတိုး ပြောလိုက်သည်။

 

                                                *****************

 

ငါးမိနစ်လောက် အကြာတွင် သူမ ပြန်ရောက်လာပြီး လက်ထဲတွင် အထဲတွင် ဗလာနတ္ထိ ဖြစ်လာနေသော ဖိုင်တွဲတခုလည်း ပါလာသည်။

 

“ပါတီပွဲ စစ်ဆင်ရေး... ဖျက်သိမ်းပြီး တဲ့”

 

“အထဲက စာရွက်စာတမ်းတွေကော”

 

“ဖျက်ဆီးပစ်လိုက်ပြီလား၊ ဒါမှ မဟုတ်လည်း အမှုတွဲ ကိုင် အရာရှိဆီမှာလား၊ တခုခုပဲ”

 

“ဘယ်တုန်းက ဖိုင် ကို စဖွင့်တာတုန်း”

 

ဂရေ့စ် က ဖိုင် အဖုံးကို တချက်ကြည့်လိုက်ပြီး နောက် ဗီကာရီ အား မော့ကြည့်လိုက်ရင်း “အတော်ကို စဉ်းစားရ ကျပ်စရာ ဖြစ်နေပါ့လား ၊ ဒီဖိုင်ကို ၁၉၄၃ အောက်တိုဘာ ကတည်းက ဖွင့်ထားတာ တဲ့”

                                                ****************************

 

အခန်း (၅၁)

 

CAMBRIDGESHIRE, ENGLAND

 

အယ်ဖရက် ဗီကာရီ ထံမှ လမ်းများ ပိတ်ဆို့ပေးရန် တောင်းဆိုမှု အတွက် စကော့တလန်ယပ်မှ စတင် တုန့်ပြန် ဆောင်ရွက်လာချိန်တွင် ဟော့စ် နျူမန်သည် လန်ဒန်မှ ထွက်ခွာလာခဲ့ပြီး ဖြစ်သည်။ A10 အဝေးပြေး လမ်းမကြီး အတိုင်း မြောက်ဖက်သို့ ဦးတည် မောင်းနှင် လာနေသည်။ သူ ယူလာသော ဗင်ကား သည် အကျအန ပြုပြင် မွမ်းမံထားသည့် ကားဖြစ်မှန်းလည်း မောင်းလာရင်းက သတိထားမိခဲ့သည်။ တနာရီလျှင် အနည်းဆုံး မိုင် ခြောက်ဆယ် နှုန်းဖြင့် အသာလေး မောင်းနှင်နိုင်စွမ်း ရှိနေသည်။

 

ကားတာယာ သည်လည်း အတော်အသင့် ကောင်းမွန်နေဆဲ ဖြစ်ပြီး စိုစွတ်သော လမ်းများ ပေါ်တွင်လည်း အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ကုပ်အား ကောင်းနေသည်၊ ဗင်ကား အမည်းသည် လမ်းပေါ်တွင် အခြားသော လုပ်ငန်းသုံး ကားများနှင့် ရောထွေးလို့ ရနေ၍ သူ့အတွက် နောက်ထပ် အရေးပါသော လိုအပ်ချက်အားလည်း ဖြည့်ဆည်းပေးပြန်သည်။

 

ပုဂ္ဂလိက ပိုင် လူစီးကားများ အားလုံး ဓါတ်ဆီ ခွဲတမ်းနှင့် မောင်းနေရ၍ ထိုသို့ ခရီးဝေး သွားရန် မဖြစ်နိုင်လောက်သည့် အနေအထားတွင် ရှိနေ၍ ထိုသို့ ကားမျိုး ညအချိန် မောင်းနှင်နေမည် ဆိုက ရဲများက ကြိမ်းသေပေါက် ရပ်တန့် စစ်ဆေးကြမည်သာ ဖြစ်သည်။

 

လမ်းသည် တောက်လျှောက်နီးပါး ပျံ့ပြူးနေသည်၊ နျုမန်သည် စတီယာရင် ပေါ် ကိုယ်နှင့် ဖိကပ်ထားပြီး တဝက်တပျက် ဖုံးထားသော ကားရှေ့မီးရောင်မှ ထွက်ပေါ်လာသော အလင်းရောင် တန်းလေး အား မမှိတ်မသုံ စိုက်ကြည့်ရင်း မောင်းလာခဲ့သည်၊ အားမလို အားမရ ဖြစ်လာ၍ ကားမီးလုံးကို ဖုံးထားသော အဝတ်မည်းစ ကို ဆွဲခွာပစ်ချင် စိတ်များ ပေါက်လာသော်လည်း အန္တရာယ်များလွန်း၍ မစွန့်စားရဲပြန်။

 

ပူကာရစ်ချ်၊ ဘန်တင်ဖို့ဒ် ကဲ့သို့ အဆီအငေါ့မတည့် ကြောင်တောင်တောင် အမည်များ ပေးထားသော ရွာများကို ဖြတ်သန်းလာခဲ့ပြီး ဖြစ်သည်။ ရွာများတွင် အလင်းရောင် ဟူ၍ တစွန်းတစမှ မတွေ့ရပဲ လှုပ်ရှားမှုလည်း မရှိပဲ တိတ်ဆိပ် ချောက်ကပ်နေသည်။ နာရီကို နှစ်ပေါင်း နှစ်ထောင်နီးပါး နောက်ပြန်ဆုတ်ထားသလားပင် ထင်ရသည်။ အကယ်၍သာ ကမ် မြစ်ကမ်းပါး တလျှောက် တပ်စခန်း ချထားသော ရောမ စစ်တပ်ကြီးကို တွေ့ရလျှင်ပင် သူ့အနေနှင့် အံ့ဩမိလိမ့်မည် မထင်ပေ။

 

မဲလ်ဘုန်း၊ ဖေါက်စ်တန်၊ နယူတန်၊ ဟော့စတန် ဆိုသော ရွာများကိုလည်း ကျော်ဖြတ်လာခဲ့သည်။ ဘာလင်မြို့ပြင်ရှိ ဗိုဂဲလ်၏ လယ်တောအိမ်တွင် သင်တန်းတက်နေခဲ့ရစဉ်က ဗြိတိန်၏ မြေပုံဟောင်းများကို နာရီပေါင်းများစွာ ကြာအောင် လေ့လာခဲ့ရပြီး လည်း ဖြစ်၍ သူသည် အရှေ့ အင်ဂလီယာရှိ လမ်းများ ကို အင်္ဂလန်တွင် မွေးဖွားကြီးပြင်းခဲ့သူများ ထက်ပင် ပို၍ သိသည်ဟု သူ့ကိုယ်သူ ထင်နေမိသည်။

 

သူ၏ ဗင်ကားသည် ကမ်းဘရစ်ချ် ကို ချည်းကပ်လာနေပြီ ဖြစ်သည်။