D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၅၃)

by Hla Soewai - Apr 01 2022

ဂျာမန် ယူဘုတ် သင်္ဘော၏ ကက်ပတိန် ဖြစ်သူ လက်ဖတင်နင် မက်စ် ဟော့မင်း တယောက် ရေငုပ် သင်္ဘော၏ အနံ့အသက်များ နှင့် ယခုတိုင် ယဉ်ပါးခဲ့ခြင်း မရှိသေးပေ၊ ရေထဲတွင် အချိန်ကြာမြင့်စွာ ငုတ်လျိုး နေရခြင်းကြောင့် လူများ၏ ချွေးနံ့၊ ‌ကျင်ငယ်နံ့များ၊ ဒီဇယ်ဆီ အနံ့များ၊ အာလူးခွံ အနံ့များ အပြင် သုတ်ရည် အနံ့များပါ အမြဲလို ရောပြွမ်း နံဟောင်နေတတ်သည်။  

 

 

ထိုအနံ့ အသက်များက သူ၏ နှာခေါင်းဝကို အမြဲလို တိုက်ခိုက်လာနေသဖြင့်လည်း အထဲတွင် နေရသည်ထက် လေတဟူးဟူး တိုက်နေသော ရေငုပ်သင်္ဘော ထိပ်ဖျား ဖြစ်သည့် တာဝါကြီးပေါ်တွင်သာ နေရမည့် အခွင့်အလန်းကို အမြဲလို ဝမ်းပမ်းတသာ ကြိုဆိုခဲ့သည်ချည်းပင် ဖြစ်သည်။

 

 

ယူဘုတ် အမှတ်  ၅၀၉ ၏ တာဝါ ကြီးထဲရှိ ကွပ်ကဲရေး ရုံးတွင် ရပ်နေရင်း အောက်ပိုင်းရှိ လျပ်စစ်မော်တာ များ၏ တုန်ခါ နေသည်များက သူ၏ ခြေဖဝါးများကို လာရောက်ရိုက်ခတ်နေသည်။ သူ၏ ရေငုပ်သင်္ဘောသည် ဗြိတိသျှ ကမ်းရိုးတန်း နှင့် မိုင် နှစ်ဆယ် ခန့်အကွာ တွင် ပျင်းရိငြည်းငွေ့ဖွယ် ကောင်းလောက်အောင် လှည့်ပတ်ခုတ်မောင်းနေရသည်။ သေးသွယ်သော မြူမှုန်လေးများက သင်္ဘောထဲ ထိုးဖေါက် ဝင်ရောက်လာနေခဲ့၍ အလင်းတန်းများတွင် ရောင်လျံ စက်ဝိုင်းကြီးများ တွေ့လာရသည်။ မျက်နှာပြင်တိုင်း သည် အေးစိမ့်ပြီး စိုစွတ်နေသည်။ နွေဦး နံနက်ခင်းတွင် ယခုလို နှင်းပေါက် နှင်းစက်များ ကျနေသည့် အဖြစ်ကို တွေး၍ ကြည်နူးနေမိသည်။ သို့သော်လည်း သူ့ပတ်ပတ်လည် ကျဉ်းကျဉ်းကျပ်ကျပ် နေ ရသည့် အဖြစ်ကို မျက်စိရောက်သွားသည့် အခါတွင်တော့ စောစောက ကြည်နူးစိတ်များ ချက်ခြင်းလို ပျောက်ကွယ်သွားခဲ့ရသည်။

 

 

အခြား ဘာအလုပ်မျှ မယ်မယ်ရရ မရှိပဲ ဗြိတိသျှ ကမ်းရိုးတန်း တနေရာတွင် အချိန်ဖြုန်းနေရသည် ကပင် ပျင်းရိငြည်းငွေ့ဖယ် ကောင်း‌နေရသည်။ သူတို့ အလုပ်က ဘယ်အချိန် ရောက်လာမည်မှန်း မသိသော ကနယ်ရစ်၏ စပိုင်များကို စောင့်နေရခြင်း ဖြစ်သည်။

 

 

‌ဟော့ဖ်မင်း၏ လူများထဲတွင် ပထမတန်း အရာရှိသာ အကြောင်းရင်းကို သိထားသည်။ ကျန်လူများက တော့ ကင်းလှည့်‌နေရခြင်းမျိုး မဟုတ်၍ အခြား  ဖြစ်နိုင်ချေရှိသည်များကို တွေးရင်း သံသယ ပွားနေကြသည်။ သူတို့စိတ်ထဲတွင်လည်း အခုလို နေရသည်ကိုပင် ကံကောင်းလှပေစွဟု တွေးနေကြမည်သာ ဖြစ်သည်။ ဂျာမန် ယူဘုတ် များ၏ ၉၀ ရာနှုန်း နီးပါး ရန်သူ လက်ချက်ဖြင့် ပျက်စီး ကုန်ပြီဖြစ်၍ ဟော့ဖ်မင်း နှင့် သူ့လူများ ယခုထိ ရှင်သန် နေနိုင်ဆဲ ဖြစ်နေသည်ကပင် ကံကြမ္မာ၏ မျက်နှာသာ ပေးမှု ဟု မသတ်မှတ်က ဘယ်အရာကိုများ သတ်မှတ်၍ ရပေဦးမည်နည်း။

 

 

ပထမတန်း အရာရှိက မျှော်စင်ပေါ်သို့ တက်လာသည်၊ သူ၏ မျက်နှာသည် လေးနက်သော အသွင်ကို ဆောင်နေပြီး လက်ထဲတွင်လည်း စာရွက်တရွက်ကို ကိုင်ထားသည်။ ချိုင့်ဝင်နေသော မျက်လုံး၊ ချောင်ကျနေသော ပါးရိုးများ၊ နေထိ မခံရ၍ ဖြူရော်နေသော အသားအရည်၊ ဖြစ်ကတတ်ဆန်း ရှည်လျားနေသည့် မုတ်ဆိတ် ပသိုင်းမွှေး များနှင့် ဖြစ်နေသော သူ့ မျက်နှာကို ကြည့်၍ ဟော့မင်းသည် စိတ်ဓါတ်များ ကျချင်သလို ဖြစ်သွားခဲ့ရသည်။ မုတ်ဆိတ် ပသိုင်းမွှေးများ က တမင် မရိပ်ပဲ ထားခြင်းမဟုတ်၊ အနည်းငယ်မျှသာ ကျန်ရှိတော့သည့် အဖိုးတန်လှသော ရေချိုများကို ဖြုန်းတီးမပစ်ရန် ညွှန်ကြားထားသော ကြောင့်ပင် ဖြစ်သည်။

 

 

သူ့အနားရောက်သည်နှင့် ပထမတန်း အရာရှိက "ဗြိတိန်မှာ ရှိတဲ့ ကျွန်တော်တို့ လူတော့ ပေါ်တော်မူလာပြီ၊ ဒီညပဲ အိမ်ပြန်ခေါ်ဖို့ ပြောလာတယ်"

 

 

ထိုသတင်းကြောင့် ဟော့ဖ်မင်းမျက်နှာ ပြုံးလာသည်၊ ဒီတိုင်းဆို သူ့ကို ခေါ်တင်ပြီး ပြင်သစ် တွင် စားကောင်းသောက်ဖွယ်များ စားကာ၊ သန့်ရှင်းသော ‌မွှေ့ယာပေါ် တွင် အိပ်စက်အနားယူ ရတော့မည့် အရေး ကို တွေးလိုက်မိ၍လည်း ဖြစ်သည်။ "ဒါနဲ့ ရာသီဉတု နောက်ဆုံး သတင်းကကော"

 

 

"အကောင်းကြီးတော့ မဟုတ်လှဘူး ဟား ကက်ပတိန်၊ မိုးကြီးပြီး လေကလည်း အနောက်‌ မြောက်ကနေ တနာရီ မိုင် သုံးဆယ်နှုန်း တိုက်ဖို့ ရှိနေတယ်"

 

 

"ဘုရားရေ၊ ဒီလူက လှေ လှော်ပြီး ရောက်လာမှာ ဆိုတော့၊ ကံကောင်းမှပဲ ဖြစ်တော့မယ်၊ ကဲ..သူကို ကြိုဖို့သာ ပြင်ထားတော့၊ သင်္ဘောကိုလည်း ရေပေါ်တက်ဖို့ လုပ်တော့ဗျာ၊ ပြီးရင် ရေဒီယို အော်ပရေတာ ကိုလည်း ကျွန်တော်တို့ဖက်က စီစဉ်ထားတာတွေ အကြောင်းကြားခိုင်းတော့၊ သတ်မှတ်ထားတဲ့ နေရာ ကို မောင်းဖို့ လမ်းကြောင်းပါ တခါတည်းဆွဲထား၊ ကျွန်တော် အပေါ်ထပ်တက်ပြီး အခြေအနေကို အကဲခတ်လိုက်ဦးမယ်၊ အောက်က အနံ့‌ တွေ မခံနိုင်တော့ ရာသီဉတု ဘယ်လောက်ဆိုးဆိုး သောက်ဂရုကို မစိုက်နိုင်တော့ဘူးဗျာ" 

 

 

"ကောင်းပါပြီ ဟား ကက်ပတိန်"

 

 

သိတ်မကြာမီမှာပင် ပထမတန်း အရာရှိ မှ သူ့လူများကို အမိန့်ပေးနေသည့် အသံများ ဆက်တိုက် ဆိုသလို ထွက်ပေါ်လာသည်ကို ကြားလာရသည်။ နှစ်မိနစ် ခန့်အကြာတွင်တော့ ယူဘုတ် ၅၀၉ သည် မြောက်ပင်လယ်ရှိ လှိုင်းထန်နေသော ရေပြင်ပေါ်သို့ ထိုးထွက်လာခဲ့ပြီ ဖြစ်သည်။

 

 

************************

 

 

Huff Duff ဟု အမည်ပေးထားသည့် ပရိုဂျက်တွင် ကြိမ်နှုန်းမြင့် လားရာ ရှာဖွေသည့် စနစ် ပါဝင်နေမှန်းကို လုပ်ကိုင်နေကြသူ အားလုံး သိထားကြပြီး ဖြစ်သည်။ ထုတ်လွှင့်သည့် စက်၏ တည်နေရာကို ရှာရန်  တြိဂံဖွဲ့တိုင်းနည်း ကို အသုံးပြုထားသည်။ စကာဘိုရိုရှိ လျပ်စစ် စီးကြောင်းများ မှ တဆင့် ဖမ်းယူထားသော စက်သည် ရေဒီယို လက်ဗွေရာ များကို မှတ်တမ်းတင်ထားနိုင်၍ တဖက်မှ ပေးပို့သည် စက်အမျိုးအစား နှင့် အသုံးပြုသည့် ပါဝါ ဆပ်ပလိုင်းကိုပါ သိရှိနိုင်သည်။

 

 

ဖလားဝါးဒေါင်းနှင့် အိုက်စလန် ရှိ ဝိုင် ဆားဗစ် စခန်းများတွင်လည်း အဆိုပါ ကိရိယာမျိုး တပ်ဆင်ထားပြီး ဖြစ်၍ သုံးခု ပေါင်းကာ cuts ဟု ခေါ်သည့် တည်နေရာ ရပ်ညွှန်းကို သုံး၍ ထုတ်လွှင့်သည့် စက် ရှိနိုင်မည့် နေရာကို အတိအကျ ဖေါ်ထုတ်နိုင်စွမ်း ရှိနေသည်။ တခါတရံတွင် Huff Duff သည် ရေဒီယို တည်ရှိရာကို ဆယ်မိုင်ပတ်လည် အတွင်း ညွှန်ပြနိုင်သည်။ များသော အားဖြင့် တော့ မိုင် သုံးဆယ်မှ မိုင် ငါးဆယ် အကွာအဝေး အတွင်းသာ ထောက်ပြနိုင်စွမ်း ရှိသည်။

 

 

ကွန်မင်ဒါ လိုး သည် ရှားလော့ အင်ဒီကော့ ပြောလာသည်များကို မှားနိုင်သည်ဟု မယူဆခဲ့ပေ၊ သူမသည် အရေးပါသော သတင်းပို့ချက်တခု ကို မမျှော်လင့်ပဲ ရရှိခဲ့ခြင်း ဖြစ်သည်ဟု ယူဆခဲ့သည်။ ညဦးပိုင်းကပင် MI-5 မှ ဗိုလ်မှုး ဗီကာရီသည် ထိုကဲ့သို့သော သတင်းပေးပို့ချက်များကို စောင့်ကြည့်ပေးရန် နှိုးဆော်စာ ပေးပို့ထားခဲ့ပြီး ဖြစ်သည်။

 

 

လိုး သည် ချက်ခြင်းဆိုသလို ဖလားဝါးဒေါင်း နှင့် အိုက်စလန် ရှိ သူ့လိုပင် တာဝန်ရှိသူများထံ ဆက်သွယ်လိုက်ပြီး အသံလွှင့်စက် တည်နေရာကို ရှာဖွေရန် ကြိုးပမ်းလာခဲ့သည်။ ကံဆိုးသွားရသည်က ထုတ်လွှင့်ချက်သည် တိုတောင်းလွန်းလှ၍ နေရာ အတိအကျ ထွက်မလာခဲ့၊ လိုး သည် သူ့ဖက်ခြမ်း ဖြစ်သည့် အင်္ဂလန် အရှေ့ပိုင်း ဒေသများ ဖြစ်သော နောဖေါ့၊ ဆပ်ဖစ်၊ ကမ်းဘရစ်ခ်ျရှိုင်းယား၊ လင်ကွန်းရှိုင်းယား ဒေသများ လောက်တွင် ရှိနိုင်မည် ဆိုသည်ကိုသာ အကြမ်းဖျင်း ပြောနိုင်ခဲ့သဖြင့် အထောက်အကူ မဆိုသလောက်သာ ပေးနိုင်မည်ကို သိသွားခဲ့သည်၊ သို့သော် အနည်းဆုံးတော့ တခုခု အကျိုးရှိလာနိုင်ပေမည် ဟု ဆိုကာ လန်ဒန်ရှိ ဗီကာရီထံ ဖုန်းဆက်ရန် ပေးထားသော ဖုန်းနံပတ်ကို စားပွဲပေါ်ရှိ စာရွက်များကြားတွင် မွှေနှောက် ရှာဖွေလိုက်တော့သည်။ 

 

*******************

 

 

ဥရောပ မြောက်ပိုင်း ရှိ လေထုဖိအား အနေအထားကြောင့် ဗြိတိသျှ ကျွန်းစုများ နှင့် ဘာလင်အကြား လှိုင်းတို ဖြင့် ဆက်သွယ်ရန် မဖြစ်နိုင်‌ သလောက်နီးပါး အခြေအနေ‌များကြောင့်  ဂျာမန် မြို့တော်၏ အနောက်မြောက်ဖက် မိုင် ၁၅၀ အကွာရှိ ဟမ်းဘတ် မြို့ရှိ ကြီးမားလှသော အိမ်ကြီးတအိမ်၏ မြေအောက်ခန်း တွင် အပ်ဗဲယား မှ ရေဒီယို ဆက်သွယ်ရေး စခန်း တည်ဆောက်ထားခဲ့ခြင်းလည်း ဖြစ်သည်။

 

 

ယူဘုတ် အမှတ် ၅၀၉ မှ ရေဒီယို အော်ပရေတာသည် ပြင်သစ် မြောက်ပိုင်းရှိ စခန်းအား သတင်းပေးပို့လာသည့် အခါတွင်တော့ စခန်းတာဝန်ခံသည် ထုံးစံ အတိုင်း ဟမ်းဘတ်သို့ ဆက်လက်ပေးပို့လာခဲ့သည်။

 

 

ထိုအချိန်တွင် ဟမ်းဘတ်တွင် တာဝန်ကျနေသူသည် အ‌တွေ့အကြုံ ရင့်ကျက်နေပြီး ဖြစ်သည့် ဗိုလ်ကြီး ရှမစ် ဆိုသူပင် ဖြစ်သည်။ ရှမစ်သည် သူလက်ခံရရှိခဲ့သော မက်ဆေ့ခ်ျ ကို ဘာလင် ရှိ အပ်ဗဲယား ဌာနချုပ်ရှိ ဝါနာ အူးဘရစ်ခ်ျထံ ကြားဖြတ် ဖမ်းယူ နားထောင်၍ မရသည့် တယ်လီဖုန်း လိုင်းမှတဆင့်အကြောင်းကြားလိုက်သည်။ 

 

 

ပြီးသည်နှင့် ရှမစ်သည် ဘာလင်သို့ နောက်တကြိမ်ထပ် ခေါ်ရန် အနီးအနားရှိ ဟိုတယ် တခုသို့ လမ်းလျှောက်ထွက်လာခဲ့သည်။ ယခု တခါ ခေါ်ရမည့် လူသည် ဘရီးဂိတ်ဖူဟား ဝေါ်လ်တာ ရှလင်းဘတ် ရုံး ဖြစ်နေ၍ အပ်ဗဲယား စခန်းမှ ခေါ်၍ မဖြစ်တော့။

 

 

ရှလင်းဘတ်သည် ရှမစ်အား စည်းရုံးနိုင်ခဲ့ခြင်းမှာလည်း ဟမ်းဘတ်တွင် ဆယ်ခြောက်နှစ် အရွယ် ချာတိတ်တယောက်နှင့် ရှမစ် တယောက် တိတ်တိတ်ပုံး ပေါင်းသင်းနေသည်ကို ကံအားလျှော်စွာ သိလာခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ ထို့အတွက် ရှမစ်လည်း ရှလင်းဘတ် ခိုင်းသမျှ လုပ်ပေးရန် သဘောတူခဲ့ရခြင်း ပင် ဖြစ်သည်။

 

 

ရှလင်းဘတ် ရုံးရှိ များပြားစွာ ရှိနေသော လက်ထောက်များထဲမှ ရှမစ်နှင့် ပြောခွင့်ရခဲ့သူသည် ထိုအချိန်က ညစာ စားပွဲတခုသို့ ရောက်နေသော ရှလင်းဘတ်ခ် အား ကိုယ်တိုင် ကိုယ်ကျ သွားရောက် အကြောင်းကြား ခဲ့သည်။

 

 

ထိုအချိန်တွင် ကပ် ဗိုဂဲလ်သည် သူ့ရုံးရှိရာ နှင့် မနီးမဝေး ရှိ သူ၏ တိုက်ခန်းသို့ ရှားရှားပါးပါး ပြန်ရောက်ကာ အနားယူနေချိန် ဖြစ်သည်။ အူးဘရစ်ခ်ျသည် သူ့တိုက်ခန်းသို့ ချက်ခြင်းဆိုသလို ဖုန်းဆက်ကာ ဟော့စ် နျူမန်သည် ရေငုပ်သင်္ဘောကို ဆက်သွယ်ပြီး သူ ပြန်ထွက်လာတော့မည်ဟု အသိပေးလာသည့်အကြောင်းကို ပြောပြလိုက်သည်။ ငါးမိနစ် ခန့်အကြာတွင် ဗိုဂဲလ်သည် သူ့တိုက်ခန်းမှ ရုံးရှိရာသို့ လမ်းလျှောက် ပြန်လာနေပြီ ဖြစ်သည်။

 

 

တချိန်တည်း မှာပင် ဝေါ်လ်တာ ရှလင်းဘတ်ခ်လည်း သူ့ရုံးသို့ ပြန်ဆက်သွယ်ပြီး တဖက်မှ  ဗြိတိန်တွင် ဖြစ်ပျက်နေသည်များ အကြောင်း အသေးစိတ် အစီရင်ခံသည်များကို နားထောင်နေသည်။ ထို့နောက် သူလည်း ရိုက်ခ်ျ ဖူးဟား ဟင်းနရစ် ဟင်းမလားထံ ဖုန်းဆက် အစီရင်ခံလိုက်၍ ဟင်းမလားက ရုံးချုပ်သို့ အမြန်ပြန်လာရန် ညွှန်ကြားလိုက်သည်၊ ဟင်းမလားသည် ထိုည အဖို့ ရုံးတွင် အချိန်ကုန်ရတော့မည်ကို သိနေ၍ တိုင်ပင်ဖေါ် တိုင်ပင်ဖက် ရရန် ‌ခေါ်လိုက်ခြင်းလည်း ဖြစ်သည်။

 

 

ထို့အတွက် ရှလင်းဘတ်ခ် နှင့် ဗိုဂဲလ်တို့သည် သူတို့ ရုံးခန်းများသို့ တချိန်တည်းလိုလို ပြန်ရောက်လာခဲ့ကြပြီး ထူးခြားလာမည့် အခြေအ‌နေများကို နားစွင့်နေကြသည်။ 

 

 

ဤသည်တို့က ပြင်သစ်ကို မဟာမိတ်တပ်များ ဝင်ရောက် တိုက်ခိုက်လာမည့် နေရာ အတိအကျ။ 

 

ကနယ်ရစ်၏ ကံကြမ္မာ တို့ပင် ဖြစ်သည်။

 

 

ထိုအကြောင်းချင်းရာ နှစ်ခုစလုံးသည် MI-5 လက်မှ အသက်လု ပြေး‌နေကြရပြီ ဖြစ်သည့် စပိုင် နှစ်ယောက် ပြောလာမည့် စကားများ အပေါ် တည်မှီနေရပြီ ဖြစ်သည်။ 

 

******************