D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၅၄)

by Hla Soewai - Apr 03 2022

အခန်း (၅၃)

 

 

HAMPTON SANDS, NORFOLK

 

 

မာတင် ကော်ဗီးလ်သည် လက်က ကိုင်လာသော ပြောင်းရှည်သေနတ်ဖြင့် တံခါးကို တွန်းထိုးကာ ဂိုဒေါင်ထဲ ဝင်လိုက်သည်။ နျူမန် သည် ရေဒီယိုစက်ဘေး တွင် ရပ်နေဆဲ ဖြစ်ပြီး အသံကြားလိုက်ရ၍ သူ၏ မောဆာ သေနတ်ကို လက်လှမ်းလိုက်သည့် အချိန်တွင် ကောဗီးလ်သည် အထဲ ရောက်နေပြီ ဖြစ်သည်။ ကော်ဗီး သည် သေနတ်ကို လှမ်းယူလိုက်သော နျူမန် ကို တွေ့လိုက်၍ ချက်ခြင်းပင် လက်ထဲက သေနတ်နှင့် လှမ်းပစ်လိုက်သည်။ နျူမန်က ဘေးသို့ ခုန်ရှောင်လိုက်နိုင်၍ ကြမ်းပြင်ကိုသာ ထိသွားသည်။ အလုံပိတ်ထားသလို ဖြစ်နေသော ဂိုဒေါင်ထဲတွင် သေနတ်သံသည် နားကွဲလုမတတ် ထွက်ပေါ်လာခဲ့သည်။ ရေဒီယိုစက်သည်လည်း ပြုတ်ကျ၍ တစစီ ကွဲထွက်သွားသည်။

 

ကော်ဗီးက နျူမန်ထံ ချိန်ရွယ်ပြီး နောက်တချက် ပစ်လိုက်ပြန်သည်။ နျူမန်သည် တံထောင်ဆစ်နှင့် ထောက်ကာ လှိမ့်ရှောင်လိုက်ပြန်သည်၊ ရှောင်ရင်းက မော်ဆာသေနတ်သည် သူ့လက်ထဲ ရောက်သွားခဲ့ပြီ ဖြစ်သည်၊ ရှောင် ဒိုရသီက ရှေ့သို့ ထွက်လာပြီး ကော်ဗီးအား အော်ဟစ်ပြီး လှမ်းတားသည်။ ကောဗီးသည် သူ၏ သေနတ်ပြောင်းကို ဒိုရသီထံ လှည့်လိုက်ပြီး မောင်းကို ညှစ်ထဲ့လိုက်သည်၊ ကျည်ဆံသည် ဒိုရသီ၏ ရင်ဘတ်တည့်တည့် ကို ထိမှန်သွားပြီး နောက်ပြန် လဲကျသွားသည်။ ရင်ဘတ်မှ သွေးများ ဒလဟော စီးထွက်လာပြီး ချက်ခြင်းပင် အသက်ပျောက်သွားခဲ့သည်။

 

နျူမန်လည်း လက်ထဲက သေနတ်နှင့် ကော်ဗီးကို ပစ်လိုက်ရာ ပုခုံးကို ထိမှန်သွား၍ တပတ်လည်ထွက်သွားသည်။ ကက်သရင်းလည်း သူမ ၏ မောဆာ သေနတ်ကို ဆွဲထုတ်ပြီး လက်နှစ်ဖက်နှင့် တင်းတင်းဆုပ်ကာ ကောဗီးလ် ခေါင်းတဲ့တဲ့ ချိန်ရွယ်၍ နှစ်ချက် ဆက်တိုက် ပစ်ထဲ့လိုက်သည်။ သေနတ်တွင် ဆိုင်လင်စာ တပ်ထား၍ ခပ်အုပ်အုပ်အသံသာ ထွက်လာခဲ့သည်။ ကောဗီး ၏ ခေါင်းသည် ပွင့်ထွက်သွားပြီး သူ၏ ခန္ဓာကိုယ် နှင့် မြေကြီး မထိမှီမှာပင် အသက်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

 

                                                ************************

 

သေနတ်သံကို ပထမဆုံး ကြားလိုက်ရသည့် အချိန်တွင် မေရီ ဒိုရသီ သည် အိပ်မပျော်တဝက် ပျော်တဝက် ဖြစ်နေဆဲ ရှိသေးသည်။ ငေါက်ကနဲ ထထိုင်လိုက်ပြီး ဒုတိယအကြိမ် သေနတ်သံထွက်လာချိန်တွင်တော့ ခြုံထားသော စောင်ကို ကမန်းကတမ်း ဆွဲဖယ်ကာ ကုတင် ပေါ်မှ ဆင်းလိုက်သည်။

 

တအိမ်လုံးလည်း မှောင်မဲနေသည်။ ဧည့်ခန်း နှင့် မီးဖိုချောင်ထဲတွင်လည်း ဒိုရသီ၏ အရိပ်အယောင် မတွေ့ရ၊  အပြင်သို့ ပြေးထွက်လာခဲ့သဖြင့် မိုးပေါက်များက သူမ မျက်နှာကို ရိုက်ခတ်လာနေသည်။ သူမကိုယ်ပေါ်တွင် ဖလန်နယ်စ နှင့် ချုပ်ထားသော ညဝတ်အင်္ကျီသာ ဝတ်ထားသည်ကို သတိထားမိခဲ့သည်။ သေနတ်သံက တိတ်ဆိတ် သွားခဲ့ပြီ ဖြစ်ပြီး မုန်တိုင်းသံများသာ ကြားလာရတော့သည်။ အိမ်ရှေ့ခြံ တဖက်တွင် တခါမျှ မမြင်ဖူးသည့် ဗင်ကားအမည်းတစီး ရပ်ထားသည်ကို လှမ်းတွေ့လိုက်၍ သူမလည်း အလင်းရောင်များ ထွက်နေသည့် ဂိုဒေါင်ဖက်သို့ ပြေးလာခဲ့သည်။ ပါးစပ်မှလည်း “ရှောင်” ဟု မနားတမ်း အော်ခေါ်နေသည်။

 

မေရီ တွင် ဖိနပ် မပါ၊ မြေပြင်သည် အေးစိမ့်ပြီး ဗွက်ထနေသည်၊ ရှောင် နာမည်ကို တတွတ်တွတ် အော်ခေါ်ရင်း ဆက်ပြေးလာခဲ့သည်။ ဟနေသော ဂိုဒေါင်တံခါးမှ ထွက်ပေါ်လာနေသော ခပ်မှိန်မှိန် အလင်းရောင်အောက်တွင် ပြောင်းရှည် သေနတ်၏ ကျည်များ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။

 

အထဲသို့ ရောက်သည့်အခါ သူမ သည် ဟောဟဲ ဟောဟဲ ဖြစ်နေသည်၊ မြင်လိုက်ရသော မြင်ကွင်းကြောင့် စူးစူးဝါးဝါး အော်ဟစ်လိုက်သော်လည်း အသံက ထွက်မလာ၊ လည်ချောင်းဝတွင် တစ်ဆို့နေသည်။ ပထမဆုံး တွေ့လိုက်ရသည်က သူမနှင့် ပေအနည်းငယ် အကွာတွင် လဲကျနေသော မာတင် ကော်ဗီးလ်၏ အသက်မဲ ခန္ဓာကိုယ်ကြီးပင် ဖြစ်သည်။ ခေါင်းတခြမ်း ပွင့်ထွက်နေပြီ’ သွေးများနှင့် အသားစများက နေရာအနှံ့ ပြန့်ကျဲနေသည်။ သူမ ကိုယ်တွင်းမှ အော်ဂလီ ဆန်လာပြီး ပျို့အန်ချင်သလို ဖြစ်လာသည်။

 

ထို့နောက် သူမ၏ မျက်လုံးက လဲကျနေသော လူ ထံ ရောက်သွားသည်။ အလောင်းက ပက်လက်ကြီး လဲကျနေပြီး လက်နှစ်ဖက်ကလည်း ဘေးသို့ ဆန့်ကားနေသည်၊ ခြေနှစ်ချောင်းကလည်း ကားယားကြီး ဖြစ်နေ၍ ရုတ်တရက်ကြည့် လျှင် ခြေပစ်လက်ပစ် အိပ်နေသလို ထင်ရသည်၊ သွေးများကြောင့် ဘယ်သူဘယ်ဝါမှန်း မသဲကွဲလှ၊ သူ့စိတ်ထဲတွင်လည်း ရှောင် မဖြစ်ပါစေနှင့် ဟု စက္ကန့်ပိုင်းမျှ ဆုတောင်းလိုက်သော်လည်း ခြေထောက်ရှိ ဝဲလင်တန် ဘွတ်ဖိနပ် အဟောင်းကြီး နှင့် ဆီစိမ် အပေါ် လောင်းကုတ်ကို မြင်လိုက်ရ၍ ရှောင် ဖြစ်မှန်း သိသွားခဲ့သည်။

 

ထိုအချိန်တွင်တော့ သူမ၏ လည်ချောင်းထဲတွင် စောစောက တစ်ဆို့နေသော အော်သံကြီး ထွက်လာခဲ့ပြီ ဖြစ်သည်။

 

“အိုး..ရှောင်...အိုး ဘုရား..ဘုရား ရှောင်ပါလား၊ နင်တို့ ငါ့ယောကျ်ားကို ဘာလုပ်ကြတာလဲ”

 

ပြောပြောဆိုဆို နှင့် မေရီသည် မော့ကြည့်လိုက်ရာ ရှောင် ခန္ဓာကိုယ်ပေါ် ခွရပ်နေသော နျူမန် ကို တွေ့လိုက်သည်။ သူ့လက်ထဲတွင် လည်း သေနတ် ကိုင်ထားသည်၊ သူနှင့် မလှမ်းမကမ်းတွင် လက်ထဲတွင် ပစ္စတို ကိုင်ထားသော မိန်းမတယောက်သည် သူမ၏ ဦးခေါင်း တည့်တည့်ကို ချိန်ထားသည်။

 

မေရီက နျူမန်ဖက် ပြန်လှည့်လိုက်ပြီး “ဒါ ..နင့်လက်ချက်လား..ဟဲ့ ငါမေးနေတယ်”

 

“ကောဗီး ပစ်လိုက်တာပါ၊ ဒီထဲကို ဝင်ချလာပြီး သေနတ်နဲ့ စပစ်လာတာ၊ ရှောင် က ကြားထဲက နေ ရောက်သွားလို့ ထိသွားတာ၊ ကျွန်တော် စိတ်မကောင်းပါဘူး မေရီ”

 

“နိုး..ဒီမှာ ဟော့စ်၊ သေနတ်မောင်း ဆွဲတာ မာတင် ဖြစ်ကောင်း ဖြစ်ပေမယ့် ဒီလိုတွေ အထိ ဖြစ်လာရတာ နင့်ကြောင့်၊ အဲ့ဒါကို မြဲမြဲ မှတ်ထားလိုက်ပါ၊ နင် နဲ့ နင့်ရဲ့ ဘာလင်က လူတွေ ကြောင့် ဖြစ်ရတာ”

 

နျူမန်က ဘာတခွန်း မှ ပြန်မပြော၊ ကက်သရင်းကတော့ မေရီကို သေနတ်နှင့် ချိန်ထားဆဲ ဖြစ်ပြီး မလှုပ်မယှက် ရပ်နေသည်။ နျူမန်က သူမအနား ရောက်သွားပြီး သေနတ်ပြောင်းကို အောက်သို့ စိုက်ချပေးလိုက်သည်။

 

                                                **************************

 

ဂျင်နီ ကော်ဗီးလ် သည် ဂိုဒေါင်ဘေးဖက်ရှိရာသို့ အမှောင်ထဲမှ တရွေ့ရွေ့ ကပ်လာခဲ့သည်၊ သူမအားလည်း လှမ်းမမြင်ရအောင် နံရံ အပြင်ဖက် တွင် ပုနေလိုက်သည်၊ မိုးရေများက သူမ ၏ ဆီစိမ် မိုးကာ အင်္ကျီပေါ်သို့ တဖျောက်ဖျောက် နှင့် ကျလာနေသည်။ သူမသည် နံရံနားကပ်ပြီး အထဲက ပြောနေသည်များကို ကြားရအောင် နားစွင့်လိုက်သည်။

 

ဂျိမ်း ပေါ်တာ ဟု သူမသိထားသည့် လူ၏ အသံကို ကြားလိုက်ရသည်။ သူ့အား တခုခု ပြောလိုက်သည့် မေရီ အသံနှင့် အတူ သူ့ထံမှ ကောဗီး၊ ရှောင်က ကြားထဲရောက်လာ၊ ကျွန်တော် စိတ်မကောင်းပါဘူး အစရှိသဖြင့် ပြောနေသံများကို တဝက်တပျက်သာ ကြားနေရသည်။

 

အဲ့ဒီနောက်တွင်တော့ ဒေါသနှင့် အတူ စူးစူးဝါးဝါး ပြောလိုက်သည့် မေရီ အသံကို ကြားလိုက်ရသည်၊ နင့်ကြောင့်..နင်နဲ့ ဘာလင်က လူတွေကြောင့် ဟု ပြောနေသည်။

 

သူမအဖေ ဘာပြောမလဲ ဆိုသည်ကို ကြားရန် ခဏ နားစွင့်လိုက်သော်လည်း ဘာသံမျှမကြား၊ ရှောင် အသံကို နားစွင့်ကြည့်ပြန်သော်လည်း ထိုနည်း၎င်းပင်၊ ထိုအခါကျမှ သူတို့နှစ်ယောက်စလုံး သေနေပြီ ဆိုသည်ကို သိလိုက်ပြီ ဖြစ်သည်။

 

 “နင် နဲ့ နင့်ရဲ့ ဘာလင်က လူတွေ ကြောင့်” ဆိုသော မေရီ စကား ကိုလည်း နားမလည်နိုင် ဖြစ်နေပြန်သည်။

 

ထိုသို့ စဉ်းစားလိုက်မိသည့် အခါတွင်တော့ သူမစိတ်တွင် ပုံချပ်များ ဆက်၍ အဖြေညှိရသည့် ပဟေဠိ တခုလို အားလုံးသည် အစီအစဉ်တကျ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ညတည က ရှောင်အား ကမ်းခြေတွင် တွေ့လိုက်ရခြင်း၊ ဂျိမ်း ပေါ်တာ ဆိုသူအားလည်း မထင်မှတ်ပဲ တွေ့ခဲ့ရခြင်း၊ နေ့ခင်းဖက်က သူမအား “ဒီလူကို အပေါ်ယံ သဘော ကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး၊ သမီး အတွက် သင့်တော်တဲ့ လူမဟုတ်ဘူး” စကားများကို ပြန်ကြားယောင်လာမိသည်။

 

ထိုအချိန်က မေရီ ဘာကို ရည်ရွယ်ပြောမှန်း သူမ နားမလည်နိုင်ခဲ့၊ ယခုမှ သဘောပေါက်လာခဲ့ပြီ ဖြစ်သည်။ သူမ ဂျိမ်း ပေါ်တာ အဖြစ် သိထားသူသည် ဂျာမန် စပိုင်တယောက် ဖြစ်နေသည်။ ဒီအတိုင်းဆို ရှောင် သည်လည်း ဂျာမန်အတွက် သူလျိုလုပ်ပေးနေသူပင် ဖြစ်ရမည်။ သူမ၏ အဖေသည် ထိုအကြောင်းများကို သိသွားခဲ့၍သာ ထိပ်တိုက် ရင်ဆိုင်ရန် ရောက်လာခဲ့ခြင်း ဖြစ်မည်။

 

ဂျင်နီသည် စူးစူးဝါးဝါး အော်ဟစ်ပစ်လိုက်ချင့်သည့် စိတ်များကို မြိုသိပ်လိုက်ရသည်၊ မျက်ရည်များက သူမပါးပြင်ပေါ်သို့ တသွင်သွင် စီးကျလာနေပြီ ဖြစ်သည်။ အသံမထွက်အောင် သူမ၏ လက်နှင့် ပါးစပ်ကို ပိတ်ထားလိုက်သည်။ သူမသည် နျူမန်ကို ချစ်မိသွားခဲ့ပြီ ဖြစ်သော်လည်း သူမအား လိမ်ညာပြီး အသုံးချသွားခဲ့သည်။ သူသည် ဂျာမန် စပိုင် တယောက် ဖြစ်နေ၍ သူမ အဖေကိုလည်း သတ်ခဲ့သူသည် သူပဲ ဖြစ်ဖွယ်ရှိသည်။

 

ဂိုဒေါင်ထဲမှ လှုပ်ရှားသံများ ထွက်လာပြန်သည်။ အချင်းချင်း အသံတိုးတိုး နှင့် အပြန်အလှန် ညွှန်ကြားနေသံများ ထွက်လာသော်လည်း ဂျင်နီ အဖို့ မသဲကွဲလှ။ ဂျာမန် စပိုင်၏ အသံအပြင် မေရီ မဟုတ်သည့် အခြား အမျိုးသမီး တဦး၏ အသံကိုလည်း ကြားနေရသည်။ ထို့နောက်တွင်တော့ စပိုင်သည် ဂိုဒေါင်ထဲမှ ထွက်လာပြီး လက်ထဲတွင် ဓါတ်မီးကို ကိုင်ကာ ကားရှိရာသို့ လျှောက်သွားသည်။ သူမ၏ စက်ဘီးကို တွေ့သွားသည်နှင့်  သူမ ဒီကို ရောက်နေမှန်း သိသွားပေတော့မည်။

 

ထိုသို့ သိသွားသည်နှင့် သူမအား လိုက်ရှာတော့မည် ဖြစ်သည်။

 

ဂျင်နီသည် အသက်ကို ဖြေးဖြေး ရှုလိုက်ရင်းက ခေါင်းအေးအေး ထားပြီး စဉ်းစားလိုက်သည်။

 

သူမသည် တချိန်တည်းလိုလို ခံစားမှု ပေါင်းစုံ ကို တနင့်တပိုးကြီး ခံစားခဲ့ရပြီး ဖြစ်သည်။ ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာပြီး တပြိုင်တည်းလိုလို အဖေ နှင့် ရှောင် ဒိုရသီတို့ သေသွားခဲ့သည့် အဖြစ်ကြောင့် စိတ်ထိခိုက်နေရပြီ ဖြစ်သည်။ ထိုခံစားမှု အားလုံးထဲတွင် ဒေါသ က ထိပ်ဆုံးမှ နေရာယူထားသည်။ သူမသည် အလိမ်အညာ ခံရသည့်အပြင် သစ္စာဖေါက်ခြင်းကိုပါ ခံလိုက်ရပြီ လည်း ဖြစ်သည်။ သူမစိတ်ထဲတွင် တော့ သူတို့အားလုံးကို ဖမ်းပြီး အပြစ်ပေးခံရအောင် လုပ်လိုစိတ်များက တားမနိုင် ဆီးမရ ထွက်ပေါ်လာနေသည်။

 

ဂျာမန်များသာ သူမကို တွေ့သွားလျှင် သူမလည်း ဘာမှ ဆက်လုပ်၍ ရတော့မည် မဟုတ် ဆိုသည့် အတွေး ဝင်လာခဲ့သည်။

 

သူမ ဘာဆက်လုပ်ရမည်နည်း၊ ရွာဖက်သို့ ပြန်ပြေးဖို့ ကြိုးစားရမည်လော။ ရွာရှိ တည်းခိုခန်း နှင့် ယမကာ ဆိုင်တွင် ဖုန်း ရှိသည်။ ထိုဖုန်းဖြင့် ရဲကို ဆက်၍ အကြောင်းကြားနိုင်လျှင် သူတို့အား လာဖမ်းကြတော့မည်သာ ဖြစ်သည်။

 

သို့‌သော် သူမကို ရှာရန် စပိုင်များက ရွာသို့ အရင်ရောက်လာကြမည်မှာ သေချာသည်။ ဒိုရသီ အိမ်မှ ရွာသို့ သွားသည့် လမ်းကလည်း တလမ်းသာ ရှိသည်။ စိန့်ဂျွန်း ဘုရားကျောင်း ဘေးရှိ တံတားကို မဖြစ်မနေ ဖြတ်သွားရဖို့ ရှိနေသည်။ သူမသည် အလွယ်တကူ သူတို့ လက်ထဲ ရောက်သွားနိုင်ပေသည်။

 

နောက်တခု စဉ်းစားမိသည်က သူတို့ ဒီနားတဝိုက်တွင် ကြာကြာနေမည် မဟုတ်၊ လူနှစ်ယောက်ကို သတ်ခဲ့ပြီးလည်း ဖြစ်၍ အမြန်ဆုံး ထွက်သွားကြဖို့သာ ရှိသည်။ သူတို့ ထွက်သွားသည်အထိ ပုန်းနေပြီးမှ ရဲကို အကြောင်းကြားရမည်။

 

မေရီကိုပါ တပါတည်း ခေါ်သွားလျှင်ကော သူမ ဘာဆက်လုပ်ရမည်နည်း။

 

သူတို့ လက်က လွတ်အောင် ရှောင်ပြီး အကူအညီတောင်းနိုင်မှသာ မေရီ အဖို့ သက်သာရာ ရပေတော့မည်။

 

ဂျင်နီသည် ထိုသို့ တွေးနေစဉ်မှာပင် စပိုင်သည် လမ်းနားသို့ ရောက်နေပြီ ဖြစ်သည်ကို လှမ်းတွေ့လိုက်ရသည်။ သူလက်ထဲက ဓါတ်မီး ဖြင့် အနီးအနားကို လိုက်ထိုးကြည့်နေသည်။ ဓါတ်မီး အလင်းတန်းသည် တနေရာတည်းတွင် ခေတ္တမျှ ရပ်တန့်သွားပြီး နောက် သူမရှိရာဖက်သို့ လှမ်းထိုးလာသည်ကို တွေ့လိုက်ရသည်။

 

ဂျင်နီ အသက်ရှု မှားမတတ် ဖြစ်သွားသည်။ သူမ၏ စက်ဘီးကို တွေ့သွားပြီ ကို သိလိုက်၍ ပုန်းနေရာမှ တဟုန်ထိုး ထွက်ပြေးလာခဲ့သည်။