စစ်ဗိုလ်ချုပ်များ၏ စိုးရိမ်နေမှုများ ထွက်ပေါ်လာခဲ့ပြီ

by Hla Soewai - Apr 04 2022

ဝဏ္ဏမောင်လွင်၏ တရုတ်ပြည် သွား တောလား နှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် ထိုခရီးစဉ် အပေါ် ဗြိတိန် ရှိ တရုတ် သံရုံးမှ တာဝန်ခံ၍ သတင်းထုတ်ပြန်လာခဲ့သည်။

ထိုအထဲတွင် ဝဏ္ဏမောင်လွင် မှ ပြောင်းလဲလာနေသော နိုင်ငံတကာ အခြေအနေများကြောင့် တိုင်းပြည် စီးပွားရေး ကို အထူး စိုးရိမ်လာမိသည်ဟု ပါရှိလာခဲ့သည်။ ပြည်တွင်းတွင် ခေါင်းဆောင်ကြီး ဖြစ်သူက လျှပ်စစ်ကား၊ ရထားများ ထုတ်လုပ်ရန် ကြွေးကြော်နေသော်လည်း ဝဏ္ဏမောင်လွင်က ပထမဆုံး အကြိမ် လူသိရှင်ကြား ဝန်ခံလာခြင်း ဖြစ်သည်။

 

တရုတ်မှ ယူကရိန်း အရေးကြောင့် ထိခိုက်လာနိုင်သည်များ၊ တဖက်သတ် စီးပွားရေး ပိတ်ဆို့ ခံထားရမှုများ နှင့် ၎င်းတို့ အခေါ် Long arm Jurisdiction ပြည်ပနိုင်ငံများတွင် မြန်မာအား တရားစွဲဆိုလာမှုများ မှ ရုန်းထွက်နိုင် အောင် အကာအကွယ် ပေးသွားမည်ဟု ဝမ်ယီက ဆိုသည်။ ဝမ်ယီ၏ တရားစွဲဆိုခံရမည့် အရေးမှ ကာကွယ်ပေးမည် ဆိုသည်ကား ၎င်းတို့ အာဏာလက်လွတ်ချိန်အထိ ရည်ရွယ်သည်လား ဆိုသည်ကတော့ မသိနိုင်ပေ။

 

ဤသည်ကို ကြည့်လျှင် အကြမ်းဖက် ဝါဒ ကျင့်သုံးနေသော စစ်ကောင်စီ၏ စိုးရိမ်မကင်း ဖြစ်နေမှုများက အထင်းသား ပေါ်လွင်သွားခဲ့ပြီ ဖြစ်သည်။

 

လက်ရှိ ဗြူနိုအေရိစ် တွင် ရိုဟင်ဂျာများ ကို သတ်ဖြတ်ခဲ့မှုများ အတွက် တရားစွဲခံနေရသည့်အပြင် အာဏာ သိမ်းပြီး နိုင်ငံသားများအား သတ်ဖြတ် နှိပ်စက်ခဲ့မှုများ အတွက် စစ်ဗိုလ်ချုပ်များအပေါ် ၎င်းတို့ လုပ်ရပ်များ အတွက် တာဝန်ခံမှု ဖြစ်ပေါ်‌ရေး အကောင်အထည်ဖေါ်နေသည့် လန်ဒန် အခြေစိုက် Myanmar Accountability Project (MAP) မှ တူရကီ ရှိ အစ္စတန်ဘူလ် တရားရုံးတွင် ယခုအပတ်အတွင်း အမှု ဖွင့်လိုက်ပြီ ဖြစ်သည်။ ရှေ့လျှောက်လည်း ဆက်၍ တရားစွဲဆိုသွားမည်ဟု ဆိုသည်။

 

အစ္စတန်ဘူလ် တရားရုံး မှ အမှုထင်ရှား၍ ဖမ်းဝရမ်း ထုတ်လာမည့် အရေးကို စစ်ကောင်စီ ရှိ ဗိုလ်ချုပ်များ စိုးရိမ်မကင်း ဖြစ်လာနေကြသည်။ ထိုအခါတွင် နိုင်ငံသား များ အပေါ် အကြမ်းဖက် ဖမ်းဆီး နှိပ်စက်ခြင်း မပြုရဟူသော အပြည်ပြည်ဆိုင်ရာ ဥပဒေကို လက်မှတ် ရေးထိုးထားသည့် နိုင်ငံတိုင်း တရားခံများ ၎င်းတို့ မြေပေါ် ချေခြလာပါက ဖမ်းဆီးပေးရန် တာဝန် ရှိလာပြီ ဖြစ်သည်။

 

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီမှ နိုင်ငံတွင်း အခြေအနေများ မည်သို့ပင် ဖြစ်စေ မိမိတို့မှ ချွင်းချက် မရှိ ထောက်ခံမှုပေးသွားမည့် အပြင် တိုင်းပြည်အုပ်ချုပ်ရေး အတွက် အတွေ့အကြုံများ ဖလှယ် သွားမည်ဟု ပွင့်လင်းစွာ ပြောကြားသွားခဲ့သည်။

 

ဝဏ္ဏမောင်လွင်သည် ပြည်တွင်း အခြေအနေများ အဖက်ဖက်မှ ဆိုးရွားလာနေပြီး ၎င်းတို့ အဖို့ နိုင်ငံတကာတွင် မျက်နှာ မပြနိုင် ဖြစ်လာနေသည်။ ပြည်ပရှိ ချေးငွေများတွင် ယခုအခါ တရုတ်ပြည်မှ သာ ရရန် ရှိတော့၍ အကူအညီ တောင်းခံရန် အရေးတကြီး လိုအပ်လာနေပြီ ဖြစ်၍ ဘီဂျင်း ထံ လာပါရစေဟု ခွင့်တောင်းလာခြင်း ဖြစ်နိုင်ပေသည်။ သံတမန် ထုံးတမ်းအရ အိမ်ရှင်နိုင်ငံက ဖိတ်ကြား၍ သွားရသည် ဟု ဖန်တီးပေးခဲ့ခြင်း ဖြစ်ပေမည်။

 

ထိုခရီးစဉ်သည် တရုတ်မှ မြန်မာ စစ်ကောင်စီကို ထောက်ခံကြောင်း ပွင့်လင်းစွာ ထုတ်ဖေါ်ပြောကြားလိုက် ခြင်းပင် ဖြစ်သည်။ သို့သော် အာဆီယံသည်လည်း ၎င်းတို့၏ မူ ငါးချက်အား အာဆီယံနည်း အာဆီယံ စတိုင်ဖြင့် ဖြေရှင်းသင့်သည်ဟု ပြောလာပြန်၍ အမေရိကန် ၏ ဩဇာရိပ်မှ ရုန်းထွက်ရန် သွယ်ဝိုက် သတိပေးလိုက်ခြင်းဟု ယူဆ၍ ရပေသည်။

 

တရုတ်တို့သည် ၎င်းတို့၏ ကျဉ်းမြောင်းသော အကျိုးစီးပွားကိုသာ ကြည့်တတ်သူများ ပီပီ အာဖဂန်နစ္စတန် ရှိ တာလီဘန်များကိုပင် အလားတူ ထောက်ခံမှု ပေးခဲ့ကြပြီ ဖြစ်၍ မည်သူမျှ တအံတဩ ဖြစ်ကြမည် မဟုတ်ပေ။ တရုတ်သည် နိုင်ငံတကာ ဆက်ဆံရေး တွင် ကြီးနိုင်ငယ်ညှင်း ဗိုလ်ကျ စိုးမိုမှု ဆန့်ကျင်ရေး၊ နိုင်ငံတနိုင်ငံ၏ အချုပ်အခြာ အာဏာကို လေးစားရေး အစရှိသည်တို့ကို တသက်လုံး ပြောဆိုလာခဲ့မှုများမှာ ရုရှားကို ထောက်ခံမှု ပေးခဲ့ခြင်းကြောင့် တသက်လုံး ဖုံးသမျှ ကုန်းကာမှ ပေါ် အဖြစ်နှင့် အကျပ်ရိုက်နေပြီ ဖြစ်သည်။

 

ယခုလည်း အလကားပဲတင်းတော့မရ၊ အပြန်အလှန် အ‌နေဖြင့် မြန်မာ ထံမှ ၎င်းတို့ အလိုရှိနေသော ခါးပတ်လမ်း စီမံကိန်း များကို အမြန် အကောင်အထည် ဖေါ်ရန် ကတိတောင်းခံလာပြီ ဖြစ်သည်။

 

စစ်ကောင်စီသည် ပြည်တွင်း အခြေအနေများကို ထိန်းချုပ်နိုင်ပြီ ဟု ဟန်ဆောင် ကြွားဝါနေရသော်လည်း အဆိုပါ စီမံကိန်းများကို အကောင်အထည် ဖေါ်ဖို့နေနေသာသာ သင်္ကြန် ကိုပင် လက်နက်ကိုင် အစောင့်အရှောက်များ ဝိုင်းရံ၍ ပြုလုပ်ရမည့် အနေအထား ရောက်နေသည်ကို ကိုယ့်ဝမ်းနာ ကိုယ်သာ သိနေသူများ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ၎င်းတို့ဖက်မှ လောင်းကြေးထပ်ထားသော တရုတ် အား စိတ်ပျက်လာခြင်း မရှိအောင် ပြည်တွင်းတွင် အခြေအနေများ တည်ငြိမ်နေပါသည်ဟု ထင်မြင်လာစေရန် အိမ်ကြက်များ သုံး၍ ပွဲလမ်း သဘင်များ ဖန်တီးပြနေရခြင်းလည်း ဖြစ်သည်။

 

ပြည်တွင်း တွင် တရုတ် ထောက်လှန်းရေးများ ခြေချင်းလိမ်နေပြီ ဖြစ်၍ တရုတ်တို့ဖက်က အခြေ အနေမှန်ကို မရိပ်စားမိဘဲ နေမည်မဟုတ်၊ သို့သော် တရုတ် သံရုံး နှင့် ထောက်လှန်းရေးများကလည်း ပူတင်ကို လုပ်သလို ဘီဂျင်းရှိ ဆရာသမားများ ကြားချင်သည်များကိုသာ အစီရင်ခံနေမည်ဆိုကလည်း သိနိုင်ဖွယ် မရှိပေ။

 

ထို့အတွက် တရုတ်ခေါင်းဆောင်များ မြန်မာအပေါ် မည်မျှ အတိုင်းအတာ အထိ ဆန်းစစ်နိုင်စွမ်း ရှိမရှိ ဆိုသည်ကို အတိအကျ မသိနိုင်၊ လက်ရှိအတိုင်းဆိုက ၎င်းတို့လည်း ပူတင်ကဲ့သို့ပင် မြေပြင်အခြေအနေနှင့် ကင်းကွာနေပုံရသည်ဟု သာ အကြမ်းဖျင်း ယူဆနိုင်ပေသည်။

 

နောက်ထပ် သတင်းတရပ်အရ ကုလ အထူး သံတမန် နိုလင်း ဟေဇာ မှ သူမသည် မြန်မာ ပြဿနာ ဖြေရှင်းရေး အတွက် အလွှာသုံးလွှာထပ် စက်ဝိုင်း ပုံသဏ္ဌာန် ချဥ်းကပ်သွားမည်ဟု အာဆီယံ ဥက္ကဌ ဖြစ်သူ ဟွန်ဆန် ကို အသိပေးလာခြင်းပင် ဖြစ်သည်။

 

သူမ ၏ ပထမအလွှာ စက်ဝိုင်းတွင် မြန်မာ ပြည်သူများ ၏ ဆန္ဒကို ထင်ဟပ်စေမည့် ဖြေရှင်းချက်မျိုး ရရှိအောင် မျက်နှာစာ ပေါင်းစုံ မှ ဖြေရှင်းရေး၊ ဒုတိယ အလွှာတွင် အာဆီယံ နှင့် မြန်မာ၏ အိမ်နီးချင်း နိုင်ငံများ ဦးဆောင် သည့် လုပ်ငန်းစဉ်များပါ အကြောင်းအရာများကို ထည့်သွင်းသွားရေး နှင့် တတိယ အလွှာတွင် နိုင်ငံတကာ အထူးသဖြင့် အနောက်နိုင်ငံများမှ ဦးဆောင်နေသည့် လုပ်ငန်းစဉ်များ၏ ရှုထောင့်များ အရ ချဥ်းကပ်သွားရေး တို့ ပါဝင်သည်ဟု ဆိုသည်။

 

သူမ၏ ပထမအလွှာနှင့် ပတ်သက်၍ မည်သို့ မည်ပုံ လုပ်သွားမည်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော် အာဆီယံ၏ မူငါးချက်နှင့် သိသာစွာ ကွဲပြားလိမ့်မည် မဟုတ်ဟုလည်း အသိပေးခဲ့သည်။ ဦးစားပေး အဖြစ် လူသားချင်း စာနာထောက်ထားသည့် အကူအညီများပေးရေး၊ ဒုတိယ အဆင့် အဖြစ် ပြည်သူများကို အကာအကွယ်ပေးရေး နှင့် တတိယ အဆင့်အဖြစ် အရပ်သား အုပ်ချုပ်မှု ပြန်လည် ပေါ်ထွန်းရေး တို့ ဖြစ်သည် ကြောင်း ရှင်းပြခဲ့သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

Image Credit – The Economist (Mar 12, 2022 Edition)