D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၅၅)

by Hla Soewai - Apr 04 2022

ဟော့စ် နျူမန် သည် လမ်းဘေးတွင် ဘေးချင်းယှဉ် လှဲထားသော စက်ဘီး နှစ်စီးကို မြင်သွားခဲ့၍ လက်ထဲက ဓါတ်မီး နှင့် အိမ်ဖက် ရှိရာ ကွင်းပြင်ထဲသို့ လှမ်းထိုးကြည့်လိုက်သော်လည်း အားဖျော့သော အလင်းတန်းကြောင့် ဝေးဝေးသို့ မရောက်ပဲ သူ့ရှေ့ ပေအနည်းငယ် ခန့် အကွာသို့ သာ မြင်ရသည်။ ဘိုင်စကယ်များ ကို ထောင်လိုက်ပြီး လက်ကိုင် ကို ကိုင်ကာ အိမ်ဖက်သို့ ပြန်ဆွဲလာသည်။  ဒိုရိုသီ၏ ဂိုဒေါင်ဘေးတွင် လမ်းပေါ်က ကြည့်လျှင် မမြင်ရအောင် ထောင်ထားလိုက်သည်။

 

ဂျင်နီသည် အမှောင်ထုထဲ တနေရာရာတွင် ရှိနေမည်ဟုလည်း သူ့စိတ်က အလိုလို သိနေသည်။ အဖေလုပ်သူက သေနတ်ကို ဆွဲကာ အိမ်က ထွက်သွားသည်ကို မြင်လိုက်ပြီး နောက်က လိုက်လာမည်ဖြစ်၍ လည်း ဖြစ်ခဲ့သမျှ ကို တွေ့သွားလောက်သည်။  သူမ သည် တနေရာရာတွင် ပုန်းနေပြီး သူတို့ ထွက်သွားသည်ကို စောင့်နေမည်သာ ဖြစ်သည်၊ သူမ ဘယ်နေရာတွင် ရှိနေလောက်သည်ကို နျူမန် သိထားခဲ့ပြီး ဖြစ်သည်။

 

ဂျင်နီကို လွှတ်ပေးလိုက်ဖို့ စဉ်းစားမိခဲ့သေးသော်လည်း သူမသည် စဉ်းစားတွေးခေါ်သည့် ညဏ်ရည်နှင့် ပြည့်ဝသူ ဖြစ်မှန်း သိထား၍ ရဲကို ဆက်သွယ် အကြောင်းကြားနိုင်သည်ဟု တွေးမိလိုက်သည်။ ထိုအခါတွင်တော့ ရဲများက ဟမ်တန်ဆင်း တဝိုက် လမ်း တိုင်းကို ပိတ်ဆို့၍ ရှာဖွေလာကြတော့မည် ဖြစ်သည်။ လင်ကွန်ရှိုင်းယားဖက်ရှိ ရေငုပ်သင်္ဘောကို မှီအောင် သွားဖို့ ပို၍ ကြန့်ကြာပေတော့မည်။ ဂျင်နီ အား လွှတ်ပေးလိုက်က သူတို့ ဒုက္ခရောက်ဖို့ ဖန်လာပေတော့မည်။

 

နျူမန်သည် ဂိုဒေါင်ထဲ ပြန်ဝင်လာသည်၊ ကက်သရင်းကတော့ အလောင်းများကို ဂုံနီအိတ်ဟောင်းများ နှင့် ဖုံးနေသည်။ မေရီသည် ကုလားထိုင် တလုံးတွင် ထိုင်နေပြီး သူ့တကိုယ်လုံးလည်း ဒေါသကြောင့် တုန်တုန်ရီရီ ဖြစ်နေသည်။ နျူမန်သည် သူမနှင့် မျက်လုံးချင်း မဆုံမိအောင် လွှဲဖယ်နေလိုက်သည်။

 

“ကျွန်တော်တို့ ပြဿနာတခု ရှိလာနေတယ်” ဟု ပြောရင်း မာတင် ကောဗီး၏ သက်မဲ့ ခန္ဓာကိုယ်ကြီးကို လက်ညိုးထိုးပြလိုက်ရင်း “သူ့သမီးရဲ့ စက်ဘီးကို အပြင်မှာ တွေ့နေတယ်။ ဒီမှာ ဖြစ်ခဲ့တာတွေကို သိသွားလို့ တနေရာရာ မှ ပုန်းနေမယ်လို့ ယူဆရတယ်။ ပြီးရင် အကူအညီ သွားတောင်းနိုင်တယ်လို့ လည်း ယူဆထားမှ ဖြစ်တော့မယ်”

 

“အဲ့ဒါဆိုလည်း တွေ့အောင်ရှာလေ” ဟု ကက်သရင်းက ပြန်ပြောသည်။

 

နျူမန်က ခေါင်းငြိမ့်ပြလိုက်ပြီး “မေရီကို အိမ်ထဲ ပြန်ခေါ်သွားနှင့်၊ ပြီးရင် ပါးစပ်ကို အဝတ်စီးပြီး ကြိုးတုပ်ထား၊ ဂျင်နီ ဘယ်မှာ သွားပုန်းနေမယ် ဆိုတာ ကျွန်တော် သိထားတယ်”

 

နျူမန်သည် အပြင်သို့ ပြန်ထွက်လာခဲ့ပြီး မိုးရေ ထဲ ကို ဖြတ်ကာ ဗင်ကား ရှိရာသို့ အပြေးကလေး ထွက်လာခဲ့သည်။ ကားကို စက်နှိုးလိုက်ပြီး နောက်ပြန်ဆုပ်ကာ ကမ်းခြေဖက်သို့ ဦးတည် မောင်းလာခဲ့သည်။

 

                                                ***************************

 

ကက်သရင်းသည် မေရီအား မီးဖိုချောင်ထဲရှိ သစ်သားကုလားထိုင် တလုံး နှင့် တွဲကာ တုတ်နှောင်ထားလိုက်သည်။ ထို့နောက် လက်သုတ်ပုဝါကို နှစ်ပိုင်း ဖြတ်လိုက်ပြီး တခြမ်းကို လုံးကာ မေရီ ပါးစပ်ထဲ ထိုးထဲ့လိုက်ကာ နောက်ထပ် တခြမ်းဖြင့် ပါးစပ်ကို မျက်နှာနှင့် တွဲကာ ပူးချည်လိုက်ပြန်သည်။ သူမသဘောသာ ဆိုက မေရီကို သတ်ပြီး ‌လောက်ပြီ၊ သူတို့နောက်သို့ လိုက်လာမည့် ရဲများ အတွက် ခြေရာလက်ရာ ချန်မထားလို၍ ဖြစ်သည်။ သို့သော် နျူမန် ကြည့်ရသည်မှာ ဒီအမျိုးသမီး အပေါ် သံယောဇဉ် ရှိနေပုံရသည်။ နောက်တကြောင်းက သူမကို တယောက်ယောက်က လောလောဆယ် မတွေ့နိုင်၊ နာရီပေါင်းများစွာ ကြာမှ တွေ့နိုင်လောက်သဖြင့် အရေးမကြီးလှဟုလည်း ယူဆလိုက်သောကြောင့် ဖြစ်သည်။ လက်ရှိ နေရာသည် ရွာ နှင့် အလှမ်းဝေးပြီး တသီးတခြားလို ဖြစ်နေပြန်၍ ရှောင်၊ မေရီ နှင့် ကောဗီးလ်တို့ကို ပျောက်နေသည်ကို အနည်းဆုံး တရက်နှစ်ရက် အကြာလောက်မှ ရွာက လူများ သတိထားမိနိုင်သည်။

 

အသက်ရှင်သန်ဖို့ မည်သို့မည်ပုံ ကျင့်ကြံရမည်ကို စိတ်က အလိုလို သိနေသော သူမအဖို့က သတ်ပစ်လိုက်သည်သာ အကောင်းဆုံး ဖြစ်မည်ဟု အတွေးက ခေါင်းထဲ ရောက်လာသည်၊ နျူမန်လည်း မည်သို့မျှ သိနိုင်စရာ အကြောင်းမရှိ၊ မေရီအား သူပြောသည့်အတိုင်း အန္တရာယ်မပေးနိုင်အောင် လုပ်ထားခဲ့ပြီဟု လိမ်ပြောလိုက်ယုံသာ။

 

ကက်သရင်းက လက်ကိုင်ပုဝါ အထုံးကို သေချာအောင် စစ်ဆေးလိုက်သည်။ စိတ်ကျေနပ်သွားမှ မောဆာ သေနတ် ပြောင်းကို  လေထဲ မြှောက်လိုက်ပြီး မေရီခေါင်းတည့်တည့် ကို ဆောင့်ချလိုက်သည်။ မေရီသည် ရှေ့သို့ ငိုက်ကျသွားပြီး မေ့မျော့သွားသည်၊ သွေးများက သူမမျက်လုံးထဲ စီးကျလာနေသည်။ ကက်သရင်းသည် မီးတောက် ငြိမ်းလုဆဲဆဲ ဖြစ်နေသော မီးလင်းဖို ရှေ့ရပ်လိုက်ပြီး နျုမန် နှင့် ကောင်မလေး ပြန်အလာကို စောင့်နေသည်။ သူမ စိတ်ထဲတွင်တော့ အိမ်ပြန်ချင်စိတ် များ ပေါ်လာနေသည်။

 

                                                ****************************

 

အခန်း (၅၄)

 

LONDON

 

ထိုအချိန်တွင်တော့ အက်မိုင်ရယ်လတီ အပ်ချ် မုတ်ဦး အောက်ရှိ ဆင်စွယ်ရောင် တိုက်ပုလေးရှေ့တွင် တက္ကဆီကားတစီး ထိုးရပ်လာသည်၊ ကားပေါ်မှ လူကောင်သေးသေး ရုပ်ခပ်ဆိုးဆိုး လူတယောက် ထွက်လာပြီး သူ့လက်ထဲတွင်လည်း လမ်းလျှောက် တုတ်ကောင် တချောင်း ကိုင်ထားသည်။ မိုးရွာနေသော်လည်း ထီးကို ဖွင့်ဆောင်းဖို့ စိတ်ကူးရှိပုံမရ၊ တံခါးဝနှင့် ပေအနည်းငယ်သာ အကွာတွင် မရိမ်း အစောင့် စစ်သား တဦး စောင့်ကြပ်နေသည်။

 

အစောင့်က သူ့အား စမတ်ကျကျ အလေးပြုလိုက်သည်။ ရုပ်ဆိုးဆိုး လူကြီးကတော့ သတိထားမိပုံမရ၊ ပြန်၍ အလေးပြုရအောင်ကလည်း သူ၏ ညာဖက်လက်မှ တုတ် ကို ဘယ်ဖက် သို့ ပြောင်းကိုင်ရမည့် အရေးကြောင့်လည်း ဖြစ်ပုံရသည်။ ဘုရင်ရေတပ်မတော်မှ အရာရှိ တယောက်အဖြစ် အမှုထမ်း ခဲ့သည်မှာ ငါးနှစ်ခန့် ရှိပြီ ဖြစ်သော်လည်း အာသာ ဘရိတ်ဝိတ် သည် ယခုထိ စစ်ထုံးစံ အလေ့အထ များ နှင့် အသားမကျနိုင် ဖြစ်နေဆဲ ပင်။

 

တရားဝင်အားဖြင့် ဘရိတ်ဝိတ် ဂျုတီ ချိန် ရောက်ဖို့ တနာရီခန့် လိုပေသေးသည်။ သို့သော်လည်း လုပ်ငန်းခွင်ဖြစ်သည့် စီတာဒယ်သို့ တနာရီ ခန့် စောရောက်ပြီး လုပ်စရာ ရှိသည်များကို ကြိုတင် ပြင်ဆင်တတ်သည့် အကျင့်က ယခုထိ စွဲမြဲနေဆဲပင် ဖြစ်သည်။ ဘရိတ်ဝိတ်၏ ခြေထောက် တဖက် သည် ငယ်စဉ်ကတည်းက ကျိုးသွားခဲ့၍ သူများနှင့် ယှဉ်လျှင် အောင်မြင်ဖို့က အလုပ်ကို သူများထက် ပို၍ ဂရုတစိုက်နှင့် ပြင်ဆင်ထားနိုင်မှ ဖြစ်မည်ဟု သိထားခဲ့ပြီး ဖြစ်သည်။ ထိုခံယူချက်သည် သူ့အတွက် အကျိုးရှိရာ ရှိကြောင်း ဖြစ်လာခဲ့သည်။

 

ရေငုပ်သင်္ဘော စောင့်ကြည့် ရှာဖွေရေး အခန်းသည် အောက်ထပ်တွင် ရှိ၍ ကျဉ်းမြောင်းပြီး ကွေ့ကာဝိုက်ကာ ဆောက်ထားသည့် လှေကားမှ ဆင်းလာဖို့ဆိုသည်က ဘရိတ်ဝိတ်လို ခြေတဖက် မသန်သည့် လူတယောက် အတွက် အလွယ်တကူတော့ မဟုတ်ပေ။

 

သို့သော် အခန်းထဲ ရောက်သည်နှင့် သူ့အတွက် စိတ်လှုပ်ရှားစရာ များ အမြဲလို ရှိနေ၍ အင်အား များ ချက်ခြင်းလို ပြန်လည် ပြည့်ဖြိုးလာရစမြဲ ဖြစ်သည်။ အခန်းထဲတွင် ပြတင်းပေါက် ဟူ၍ မရှိ။ နို့နှစ်ရောင် သုတ်ထားသော နံရံ လေးဖက်စလုံးတွင် မြေပုံကားချပ်များ၊ ဇယားများ၊ ယူဘုတ် များ၏ ဓါတ်ပုံများ၊ သင်္ဘောသားများ၏ ပုံများကို အပြည့် ချိတ်ဆွဲထားသည်။

 

အခန်း ပတ်ပတ်လည် ရှိ နံရံများ အောက်တွင် ချထားသော စားပွဲများတွင် အရာရှိ ဒါဇင်ပေါင်း များစွာ နှင့် လက်နှိပ်စက် တဖျောက်ဖျောက် ရိုက်နေသူများ က တကုန်းကုန်း နှင့် လုပ်ကိုင်နေကြသည်။ အခန်း အလယ်တွင်တော့ မြောက်အတ္တလန်တိတ် ‌အတွင်း တည်နေရာ အညွှန်းပြရန် ပုံတူ ကြီး တခုက နေရာယူထားသည်။ ထိုပုံတူ ကြီးပေါ်တွင် ဘော်လ်တစ် ပင်လယ်မှ ကော့ဒ် အငူအတွင်း ရှိနေသော စစ်သင်္ဘောများ၊ ကုန်တင် သင်္ဘောများ နှင့် ရေငုပ်သင်္ဘော တည်နေရာများကို ရောင်စုံပင်အပ်များ ထိုးကာ ပြသထားသည်။

 

နံရံ တဖက်တွင် ရှိသော ဂျာမန် ရေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ကားလ် ဒွန်တစ်ဇ် ၏ ကြီးမားသော ဓါတ်ပုံကြီးက အခန်းထဲရှိ လူများကို စိုက်ကြည့်နေသလို ထင်ရသည်။ ဘရိတ်ဝိတ်သည် သူ့ထုံးစံအတိုင်း အခန်းထဲ ဝင်လာသည့် အခိုက် ဓါတ်ပုံကြီး ကို ကြည့်ပြီး “ဂွတ် မောနင်း ဟား ဗိုလ်ချုပ်” ဟု နှုတ်ခွန်းဆက်လိုက်သည်။ ထို့နောက် သူ့အတွက် သတ်မှတ်ပေးထားသော စားပွဲရှိရာ သို့ လျှောက်သွားပြီး ကုတ်အင်္ကျီ ကို ချွတ်ကာ ခုံတွင် ဝင်ထိုင်လိုက်သည်။

 

သူ့စားပွဲပေါ်တွင် မနက်တိုင်းလိုလို တထပ်ကြီး ရောက်နေသော သင်္ကေတ ကုပ်ဒ်များ ပါသည့် စာရွက်တထပ်ကြီးဆီ လက်လှမ်းလိုက်သည်။ ၁၉၃၉ ခုနှစ်က ဒီမျှလောက် အလုပ်များမည်ဟုလည်း ထင်မထားခဲ့။

 

၁၉၃၉ တွင် သူသည် ကင်းဘရစ်ချ် နှင့် ယေးလ်တက္ကသိုလ်များမှ ဥပဒေ နှင့် စိတ်ပညာ ဘွဲ့များ အသီးသီးရရှိခဲ့ပြီး သူတတ်ထားသည့် ပညာကို အသုံးချနိုင်မည့် နယ်ပယ်များကို စူးစမ်းလာခဲ့သည်။ စစ်ကြီး ဖြစ်လာချိန်တွင်တော့ ဂျာမန်လို လည်လည်ပတ်ပတ် ပြောတတ်နေမှုကို အသုံးချနိုင်ရန် ဂျာမန် စစ်သုံ့ပန်းများကို စစ်ဆေးရသည့် နေရာတွင် ဝင်ရောက် အမှုထမ်းခဲ့သည်။ သူ၏ စွမ်းဆောင်ရည်ကို အထက်လူကြီးများက လွန်စွာ သဘောကျလာသဖြင့် သူ့အား စီတာဒယ် သို့ ပြောင်းရွှေ့ပေးခဲ့သောကြောင့် အတ္တလန်တစ် ပင်လယ်ပြင်တွင် တိုက်ပွဲကြီးများ အရှိန် ပြင်းထန်နေချိန်တွင် ရေငုပ်သင်္ဘောများကို ခြေရာခံရသည့် တာဝန်ကို ယူခဲ့ရသည်။

 

ဘရိတ်ဝိတ် ၏ နဂိုရှိပြီးသား ညဏ်ရည်နှင့် အလုပ်ကြိုးစားမှု က သူ့အား လုပ်ငန်းခွင်တွင် သိသိသာသာ ထင်ပေါ်လာစေခဲ့သည်။ ဘရိတ်ဝိတ်သည် အလုပ်ကို အာရုံစိုက်ယုံမက အပိုတာဝန်များပါ ပေးရန် တောင်းဆိုလာခဲ့သည်။ ထို့ပြင် လက်လှမ်းမှီသမျှ ဂျာမန် ရေတပ်သမိုင်း နှင့် နည်းဗျုဟာ များ ရေးသားထားသည့် စာအုပ်မှန်သမျှ ကို ကြောင်ပုဇွန်စား ကျွတ်ကျွတ်ဝါး သကဲ့သို့ စွဲစွဲမြဲမြဲ ဖတ်ရှု့ခဲ့ပြန်သည်။ မှတ်ညဏ်လည်း ကောင်းသူ ဖြစ်သည့် အားလျှော်စွာ ဂျာမန် ယူဘုတ်အားလုံးလိုလို၏ ကက်ပတိန်များ အမည်ကိုပါ အလွတ်ကျက်မှတ်မိလာခဲ့သည်။

 

လအနည်းငယ် အတွင်း မှာပင် ယူဘုတ်များ၏ လှုပ်ရှားမှု တိုင်းကို ကြိုတင် ခန့်မှန်းနိုင်သည့် ထူခြားသော အရည်အသွေးများကို ပိုင်ဆိုင်လာခဲ့သည်။ သူ၏ လုပ်ရည်ကိုင်ရည်ကိုလည်း အသိအမှတ်မပြုပဲ မနေနိုင် အောင် ဖြစ်လာရပြီး ယာယီ တပ်မှုး အဆင့် တိုးမြှင့်ပေးခြင်း ခံခဲ့ရသည်။ ဒါးမောက် ရေတပ် ကောလိပ် ကျောင်းထွက် မဟုတ်သည့် သူ့လို လူတယောက်အား ရေငုပ်သင်္ဘောများ ခြေရာခံသည့် တာဝန်ကို ယူရသည့် အကြီးအကဲ တယောက် ဖြစ်လာရသည်ကပင် နဲနဲနောနော မဟုတ်သည့် အောင်မြင်မှုကြီးပင် ဖြစ်သည်။