အေး ဓါးပြ

by Hla Soewai - Apr 06 2022

တော်လှန်ရေးကြီး အောင်မြင်ဖို့သည် ဆောက်ဖြစ်မှ ကျောင်းဒကာ ဟု သဘောထားကာ စစ်အာဏာရှင်တို့ လက်အောက်တွင် နယူးနော်မယ် ဖြင့် ရသမျှ အပေါက်မှ ဖေါက်ထွက်ကာ စီးပွားရှာဖို့သာ ကြိုးစားတော့မည်ဟု စိတ်တုံးတုံးချလိုက်သော်လည်း ထိုလုပ်ငန်းရှင်များအား ပြင်းထန်စွာ ထိုးနှက်လိုက်သော အကြောင်းအရာ ကြီးက နေ့ချင်းညချင်း ဆိုသလို ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

 

စစ်အုပ်ချုပ်ရေး သမားများက နိုင်ငံခြားငွေ မှန်သမျှကို မြန်မာငွေ ဖြင့် လဲလှယ်ရမည်ဟု ဗဟိုဘဏ် ဥက္ကဌ ဆိုသူ သန်းငြိမ်းမှ တဆင့် အမိန့်ထုတ်လာခြင်း ဖြစ်သည်။ ဘဏ်များတွင် နိုင်ငံခြား ငွေစာရင်း ဖွင့်ထားသူများ ထံဝင် ရောက်လာသော နိုင်ငံခြားငွေ မှန်သမျှ ကို နှစ်ဆယ့်လေးနာရီအတွင်း တဒေါ်လာလျှင် ၁,၈၅၀ ကျပ် ဖြင့် လဲလှယ် ပေးလိုက်ခြင်းပင် ဖြစ်သည်။

 

ပြည်ပငွေကြေး အကျပ်ရိုက်လာသော စစ်အုပ်ချုပ်ရေး သမားများသည် ၎င်းတို့ ရင်ဆိုင်နေရသော ပြဿနာကြီး ကို ဆေးမြီးတိုဖြင့် ကုစားရန် ကြံဆောင်လာခြင်း ဖြစ်၍ အခြေအနေများက ၎င်းတို့ ထင်သလို ဖြစ်မလာဘဲ ပို၍ ဆိုးလာဖို့သာ ရှိနေပေသည်။ အကြမ်းဖျင်း ပြောရလျှင် ပြင်ပ ဒေါ်လာ ပေါက်ဈေးသည် ၂,၀၅၀ ကျပ် ရှိနေပြီး ၁,၈၅၀ နှင့် လဲလှယ်ပေးနေခြင်းဖြင့် လူထုထံမှ တစ်ဒေါ်လာလျှင် ကျပ် ၂၀၀ ခန့် လုယူလိုက်ခြင်းလည်း ဖြစ် သည်။ ထိုသို့ ရုပ်ပျက်ဆင်းပျက် လုပ်လာသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ ရင်ဆိုင်နေရသော အကျပ် အတည်းသည် မည်မျှအထိ ကြီးမားလာနေပြီ ကို သိသာနေပြီ ဖြစ်သည်။

 

ထိုအရေးသည် လုပ်ငန်းအကြီးအသေး အငယ် မှန်သမျှ ပြည်ပရှိ နိုင်ငံတကာ ကုမ္ပဏီကြီးများ နှင့် ဈေးကွက် ရှာနိုင်ဖို့ ဝေးစွ မိမိတို့ ဆက်လက် ရပ်တည်နိုင်ရေး အတွက်ပင် မနည်း ရုန်းကန်ကြရမည့် ကိန်း ဆိုက်လာနေ ကြောင်း ရန်ကုန်ရှိ ဈေးကွက် ကျွမ်းကျင်သူ တဦးက ဆိုသည်။

 

ပုဂ္ဂလိက ငွေစာရင်း တခု မှ တခု သို့ နိုင်ငံခြားငွေ လွှဲပြောင်းခြင်းကို ဥပဒေအရ အရေးယူမည်။ ဒေါ်လာကို ပြည်ပသို့ လွှဲပြောင်းလိုသူများလည်း နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီ ဆိုသည့် အဖွဲ့၏ ခွင့်ပြုချက်ဖြင့် သာ လုပ်ဆောင်ရမည်ဟု ဆိုသည်။

 

စစ်အုပ်ချုပ်ရေးသမားများက ယခင် အမှောင်ခေတ်ကလို FEC ကို ပြန်သုံးရန် ခြေလှမ်းပြင်လာနေသည် ဟုလည်း ယူဆရသည်။ ပြည်ပသို့ နိုင်ငံခြားငွေ လွှဲပြောင်းလိုသူများလည်း လိုင်စင်ရ နိုင်ငံခြား ကုန်သွယ်မှု ဘဏ်မှ တဆင့် လုပ်ကိုင်ရမည် ဖြစ်ပြီး ပြည်ပမှ ကုန်စည်များ တင်သွင်းလိုသူများ အဖို့က တစ်ဒေါ်လာလျှင် ၁,၈၅၀ နှုန်း ဖြင့် ဝယ်ခွင့်ရ၍ အသက်ရှူ ချောင်မည့် အလားအလာတော့ ရှိနေပေသည်။

 

ကုမ္ပဏီများသည် ကျပ်ငွေတန်ဖိုး ကျဆင်းလာနေမှုကြောင့် အဆုံးအရှုံးများ နှင့် ရင်ဆိုင်နေရပြီး အချို့ သည် လုပ်ငန်းများ ရပ်ဆိုင်းကုန်ကြရသည်။ နိုင်ငံတွင်း မြန်မာ ကျပ်ငွေအတုများ တရားဝင်နီးပါး ရောင်းဝယ်လာနေ မှုကိုလည်း မည်သို့မျှ ထိရောက်စွာ ဖြေရှင်း ပေးနိုင်ခြင်းလည်း မရှိပေ။

 

အီရန်မှ ငွေစက္ကူများ ရိုက်နှိပ်ရန် ကုန်ကြမ်း ပစ္စည်းများ လေယာဉ် စီးလုံးတိုက် အပြည့် ရောက်ရှိလာသည် ဆိုသော သတင်းများကလည်း ရင်မအေးဖွယ် ထွက်ပေါ်လာနေသည်။

 

မြန်မာပြည်သည် တဦးတယောက်၏ သဘောဖြင့် အုပ်ချုပ်နေခြင်း ဖြစ်၍ ပေါက်ကရ စိတ်ကူးရလျှင်ရတိုင်း အမိန့်များ ဆက်တိုက်ဆိုသလို ထုတ်ပြန်လာနေခြင်း ဖြစ်သည်။ ထိုအထဲတွင် ပင်စင်ယူရမည့် သက်တမ်းကို ၆၂ နှစ်အထိ ကိုယ့်သဘော ဖြင့် ကိုယ်တိုးမြှင့်လိုက်ခြင်းလည်း ပါဝင်နေပေသည်။

 

၎င်းတို့၏ ၂၀၀၈ ဖွဲ့စည်းပုံအရပင် တိုင်းပြည် ငြိမ်ဝပ်ပိပြားမှု ပျက်ပြားလာပါက ကာကွယ်‌ရေး ဦးစီးချုပ်မှ အရေး ပေါ် အခြေအနေကြေညာပြီး တည်ငြိမ်မှု ရှိအောင် ခေတ္တခဏ ထိန်းချုပ်ခွင့်သာ ပေးထားပြီး ထိုကဲ့သို့ အခြေ အနေများ ကပြောင်းကပြောင်းပြန် ဖြစ်အောင် မိမိသဘောတခုတည်းဖြင့် စီးပွားရေး၊ လူမှုရေး နယ်ပယ်များတွင် အမိန့်အာဏာများ ထုတ်ပြန်ခွင့် လည်း ပေးထားခြင်း မရှိပေ။

 

အဆိုပါ ပုဂ္ဂိုလ်သည် အခြေအနေအမှန်များကို ကောင်းစွာ သုံးသပ်နိုင်စွမ်း သုည နီးပါး ဖြစ်နေပြီး ကိုဗစ် အလွန် တ္ငင် တိုင်းပြည်ကို နိုင်ငံခြားသား ခရီးသည်များ ယခင်အတိုင်း ဝင်ရောက်လာမည်ဟုပင် မျှော်မှန်း နေပြန်သည်။ မြန်မာ တွင် ကိုယ့်ပြည်သူများကိုပင် ဥပဒေမဲ့ သတ်ဖြတ်နေသည်ကို ခွင့်ပြုနေသော တိုင်းပြည်အား မည်သူက လာဝံ့ပေမည်နည်း ဆိုသည့် အတွေး ခေါင်းထဲပင် ရောက်မလာသည်က လွန်စွာ အံ့ဩဖွယ် ကောင်းနေရသည်။

 

အားလုံးမှာ သူ့ပါးစပ်က ထွက်လာသည်များကို ဟုတ်ဟုတ် မဟုတ်ဟုတ် ဝိုင်းလုပ်ပေးနေရခြင်း ဖြစ်ပေသည်။

 

ဧရာဝတီ သတင်းကမူ ထိုအခြေအနေများကြောင့် လုပ်ငန်းများ ရပ်တန့်သွားနိုင်သည့် သဘောရှိပြီး ပို့ကုန် လုပ်ငန်းရှင်များ အပြင် သီးနှံများ စိုက်ပျိုး နေသည့် တောင်သူများ အထိ ကွင်းဆက် အားလုံး ထိခိုက်သွား တော့မည် ဖြစ်သည်ဟု ဆိုသည်။

 

လက်ရှိ အစီအစဉ်မှာ ဝဏ္ဏမောင်လွင်သည် တရုတ်ပြည်မှ ပြန်လာပြီး ထွက်ပေါ်လာခြင်း ဖြစ်၍ မည်သို့သော ကတိကဝတ်မျိုး ရရှိလာ၍လည်းဟူ၍ ဆက်စပ်တွေးတောစရာ ဖြစ်လာနေသည်၊။ စစ်အုပ်ချုပ်ရေး သမား များသည် ရုရှားကို အရေးယူသည့် ပုံစံမျိုး ကြုံလာရဖွယ် ရှိနေသည့် အရေးကို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာနေကြသည်ကတော့ အထင်အရှား တွေ့မြင်လာနေရသည်။

 

တရုတ်သည် ၎င်းတို့ ယွမ်ငွေအား တရားဝင် နိုင်ငံခြား အရံငွေ အဖြစ် လက်ခံရန် အာဖရိက နိုင်ငံ အတော် များများကို ထိုးဖေါက် စည်းရုံး နိုင်ခဲ့ပြီးဖြစ်သည်။ ထိုနိုင်ငံများသည်လည်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ တရဟော ဝင်ရောက်လာမည်ဆိုသော မက်လုံးဖြင့် လက်ခံလာကြခြင်း လည်း ဖြစ်သည်။ ဇင်ဘာဘွေသည် ၂၀၁၅ တည်းကပင် ယွမ် ကို တရားဝင်ငွေကြေး အဖြစ် လက်ခံကျင့်သုံးလာခဲ့သည်။
 

နယ်ခြားကုန်သွယ်ရေး အား ဘတ်ငွေ၊ ရူပီး နှင့် တရုတ် ယွမ်ငွေများ ဖြင့် အရောင်းအဝယ် လုပ်ရန်လည်း ခွင့်ပြုထားခဲ့ပြီး ဖြစ်သည်။

 

တရုတ်သည် ၎င်းတို့ စောင့်မျှော်နေသော အကွက်ထဲသို့ စစ်အုပ်ချုပ်ရေးသမားများ ငုံ့လျှိုးဝင်ရောက်လာပြီဟု တွက်ဆလိုက်ပြီ။ သူတို့၏ ရင်းနှီးမြှုပ်နှံလိုမှုများ ကို အတားအဆီးမရှိ ခွင့်ပြုရတော့မည်၊ ကြွေးမြီများလည်း လိုသလောက် ထုတ်ချေးကာ အကြွေးနွံထဲ လည်ပင်းခိုက်အောင် ဖန်တီးကာ မြန်မာ၏ မဟာဗျူဟာ မြောက် အနေအထား နှင့် မြန်မာဝမ်းဗိုက်ထဲမှ သယံဇာတ များကို နှိုက်ထုတ်ယူနိုင်တော့မည် ဖြစ်သည်ဟု ပီတိ ဖြစ်နေ လောက်ပြီထင်သည်။

 

တရုတ်သည် လက်ရှိ ပြည်တွင်းစစ်တွင် စစ်ကောင်စီကို အနိုင်ရအောင် လုပ်မှ ဖြစ်မည်၊ အမျိုးသား ညီညွတ်ရေး အစိုးရ အာဏာရလာပါက နိုင်ငံတော် အတိုင်ပင်ခံသည် မည်သည့် အနေအထား ဖြစ်လာမည်ဆိုသည်မှာ မရေ မရာ၊ ထိုအခါ တရုတ်တို့ ရင်းနှီးမြှုပ်နှံမှု များ ရေစုံမျောတော့မည်ကို စိုးရိမ်လာ၍ ယခင် ဖာသိဖာသာ အနေ အထားမှ အနောက်အုပ်စု အနေနှင့် ယူကရိန်း အရေး အာရုံထားနေသည်ကို အခွင့်ကောင်းယူကာ စစ်ကောင် စီအား ပွင့်ပွင့်လင်းလင်း ထောက်ခံလာခြင်း ဖြစ်သည်ဟု အမေရိကန် ရှိ တွေးခေါ်မျှော်မြှင်ရေး အဖွဲ့ ဖြစ်သည့် နိုင်ငံခြား ဆက်ဆံရေး ကောင်စီ မှ ရေးသားလာခဲ့သည်။

 

မိမိတို့ အာဏာ ဆုပ်ကိုင်ထားနိုင်ရေး အတွက် တိုင်းပြည်ကို လက်ညိုးထိုး ရောင်းစားဖို့ လိုလျှင် ရောင်းစားရန်ပင် ဝန်မလေးကြသူများအား မြန်မာမြေမှ အပြီးအပိုင် မောင်းထုတ်ရန် တာဝန် ရှိနေပြီ ဆိုသည်ကို သူဌေး သူကြွယ် များမှ အစ လယ်ကွင်းထဲရှိ နွားကျောင်းသားပါ မကျန်အောင် မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!