D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၅၇)

by Hla Soewai - Apr 06 2022

“ခင်ဗျားကြီး ရဲ့ နာမည် အရင်းက ဘာလဲ” ဟု ဒိုရသီ အိမ်ရှိရာသို့ ကားပြန်မောင်းလာစဉ် ဂျင်နီက မေးလိုက်သည်။

 

“ငါ့နာမည် အရင်းက လက်ဖတင်နင် ဟော့စ် နျူမန်ပဲ”

 

“ခင်ဗျားကြီးက အင်္ဂလိပ်လို ဘာကြောင့် ကောင်းကောင်း ပြောနိုင်နေတာလဲ”

 

“ငါ့အဖေက အင်္ဂလိပ်လူမျိုး၊ ငါ့ကို လန်ဒန်မှ မွေးခဲ့တာ၊ သူ ဆုံးသွားမှ အမေနဲ့ ငါ က ဂျာမဏီကို ပြောင်းလာကြတာပဲ”

 

“ဒါဆို ခင်ဗျားကြီးက ဂျာမန် စပိုင်ပေါ့”

 

“အဲ့လိုပဲ ဆိုပါတော့ကွာ”

 

“ရှောင် နဲ့ ကျမ အဖေ ဘာဖြစ်ကုန်ပြီလဲ”

 

“ငါတို့က ရှောင် ရဲ့ ဂိုဒါင်ထဲမှ ရေဒီယို စက်ကို သုံးနေကြတုန်း မင်းရဲ့ အဖေက အတင်းဝင်လာတယ်၊ ရှောင်က တားဖို့ ကြိုးစားခဲ့ပါသေးပေမယ့် မင်းအဖေ လက်ချက်နဲ့ သေသွားတယ်၊ ကက်သရင်း နဲ့ ငါက မင်း အဖေကို သတ်လိုက်ရတယ်၊ ငါ စိတ်မကောင်းပါဘူးကွာ၊ အဖြစ်အပျက်တွေက အတော်ကို မြန်ဆန်လွန်းတယ်”

 

“ခင်ဗျားကြီး ပါးစပ်ပိတ်ထား၊ ကျမ ကို စိတ်မကောင်းပါဘူး ဆိုတဲ့ စကား လာမပြောနဲ့”

 

နျူမန်က ဘာမှ ဆက်မပြောတော့။

 

“ကဲ..အခု ဘာဆက်လုပ် မှာလဲ”

 

“ငါတို့ ကမ်းခြေအတိုင်း ဟမ်ဘား မြစ်အထိ မောင်းသွားမယ်၊ အဲ့ဒီကမှ စက်လှေနဲ့ ပင်လယ်ကို ထွက်ပြီး ယူဘုတ် ရှိတဲ့ နေရာကို သွားမယ်”

 

“ခင်ဗျားကြီးတို့ကို ဖမ်းမိပြီး သတ်ပစ်ကြပါစေ လို့ ဆုတောင်းတယ်”

 

“အဲ့တာမျိုး က ဖြစ်နိုင်ခဲလှသကွယ်”

 

“ခင်ဗျားကြီးက လူယုတ်မာကြီး၊ ကျမနဲ့ ပတ်သက်ပြီး ခင်ဗျားကြီး အဖေ နဲ့ ထိုးတဲ့ ကြိတ်တဲ့ အထိ ဖြစ်ရတာလဲ”

 

“ဘာဖြစ်လို့လည်း ဆိုတော့ မင်းကို ငါ အရမ်းသဘောကျနေမိလို့ပဲ ဂျင်နီ ကောဗီးလ်၊ အခြား ဟာတွေ နဲ့ ပတ်သက်ပြီး ငါ လိမ်ချင်လိမ်မယ်၊ ဒါကိုတော့ ငါမလိမ်ပဲ အမှန်အတိုင်း ပြောတာ၊ ကဲ..အခု မင်း ငါပြောတဲ့ အတိုင်း လုပ်၊ မင်း ဘာမှ မဖြစ်စေရဘူး။ ငါပြောတာ နားလည်တယ် မဟုတ်လား”

 

ဂျင်နီက ခေါင်းငြိမ့်ပြသည်။ နျူမန်သည် ကားကို ဒိုရသီ အိမ်ရှိရာသို့ ကွေ့ချလိုက်သည်။ တံခါးပွင့်လာပြီး ကက်သရင်း အပြင်သို့ ထွက်လာသည်၊ ကားရှိရာသို့ လျှောက်လာပြီး အထဲရှိ ဂျင်နီ ကို ငုံ့ကြည့်လိုက်ပြန်သည်။ ထို့နောက် နျူမန် ဖက် လှည့်ပြီး ဂျာမန် လို “အဲ့ကောင်မလေးကို ကြိုးနဲ့ တုပ်ပြီး ကားနောက်ခန်းထဲ ထည့်ထား၊ သူ့ကို ကျမတို့နဲ့ အပါခေါ်သွားမှ ဖြစ်မယ်၊ ပြောလို့မရဘူး ဓါးစာခံ ခေါ်လာရင် လိုအပ်သလို သုံးလို့ရတယ်”

 

နျူမန်က ခေါင်းကို ခါရမ်းပြလိုက်သည်။ သူကလည်း ဂျာမန်စကားနှင့်ပင် “ဒီမှာပဲ ထားခဲ့လိုက်ပါ၊ ကျွန်တော်တို့ အတွက် အသုံးမဝင်ပါဘူးလေ၊ ပြီး ကောင်မလေး အတွက် အန္တရာယ် ဖြစ်သွားနိုင်တယ်”

 

“ဒီမှာ လက်ဖတင်နင် ကျမက ရှင့်ထက် ရာထူးကြီးတယ် ဆိုတာကို မေ့သွားပြီလား”

 

“မမေ့ပါဘူး ဗိုလ်မှုး” ဟု ပြောလိုက်သော နျုမန် အသံတွင် ထေ့သံ ပေါက်နေသည်။

 

“ကောင်းပြီ၊ အခု ကောင်မလေးကို ကြိုးနဲ့ တုပ်၊ ပြီးရင် ဒီ အစုတ်ပလုပ် နေရာကနေ အမြန်ဆုံး ထွက်မယ်”

 

                                                *****************************

 

နျူမန်က ကြိုးခပ်ရှည်ရှည် တချောင်း ရှာရန် ဂို‌ဒေါင်ဖက် ပြန်လျှောက်သွားခဲ့သည်၊ ကြိုးအချို့ တွေ့ရ၍ ကောက်ယူပြီး မှန်အိမ်ကိုပါ တခါတည်း ယူလာခဲ့သည်၊ မြေကြီးပေါ်တွင် အသက်မဲ့စွာ လဲလျောင်းနေသော ရှောင် ဒိုရသီကို နောက်ဆုံး အနေနှင့် တချက်ကြည့်လိုက်ပြီး ဂုံနီအိတ်စကို တကိုယ်လုံး အုပ်မိအောင် ဖုံးပေးလိုက်သည်။ ရှောင် သေသည်အထိ ဆက်တိုက်ဆိုသလို လျှင်မြန်စွာ ဖြစ်လာခဲ့ရမှု များ အတွက် သူ့တွင် တာဝန်ရှိသည်ဟု မတွေးမိပဲ မနေနိုင်အောင် ဖြစ်ခဲ့ရသည်။ သူသာ မာတင် နဲ့ ထိုးကြိတ်ရသည်အထိ မဖြစ်ခဲ့လျှင် မာတင်သည် သေနတ်ဆွဲပြီး သူတို့ဆီ ရောက်လာစရာ အကြောင်းမရှိ၊ ရှောင်လည်းပဲ ယခုလို ကြမ်းပြင်ပေါ်တွင် ကျည်ဆံရာ ဗလပွ နှင့် ကျန်ခဲ့မည် မဟုတ်ပဲ ဂျာမဏီသို့ သူတို့နှင့် အတူ ပါလာမည်သာ ဖြစ်သည်။

 

မှန်အိမ်မီးကို ငြိမ်းလိုက်ပြီး အလောင်းများကို အမှောင်ထဲတွင် ထားကာ တံခါးကို ပိတ်ပြီး အပြင်သို့ ထွက်လာခဲ့သည်။

 

ဂျင်နီသည် သူလုပ်သမျှ ကို ရုန်းခြင်းကန်ခြင်းလည်း မရှိ၊ စကားလည်း တလုံးမျှ မပြော၊ နျူမန်က ဂျင်နီ နေရထိုင်ရ သက်သာစေရန် သူ့လက်များကို ရှေ့သို့ စုကာ ကြိုးနှင့် တုပ်လိုက်သည်။ ကြိုးထုံးကိုလည်း တင်းတင်းကျပ်ကျပ် ရှိမနေစေရန် ထပ်စစ်ဆေးလိုက်ပြန်သည်။ ပြီးမှ ခြေထောက်များကို တုပ်နှောင်လိုက်သည်။ ပြီးသွားသည့်အခါ သူမအား ပွေ့ချီကာ ကားနောက်ဖုံး ဖွင့်ပြီး ထဲ့ထားခဲ့သည်။

 

နောက်ထပ် ဓါတ်ဆီ တပုံးကို ကားဆီတိုင်ကီထဲ လောင်းထည့် လိုက်ပြီး ပုံးခွံကို ကွင်းပြင်ဖက်သို့ လွှင့်ပြစ်လိုက်သည်။

 

ဒိုရသီ အိမ် ရှိရာ နှင့် ရွာ အကြား တွင် လူရိပ်လူယောင်ဟူ၍ မတွေ့ခဲ့ရပေ။ သေနတ် သံများကို ရွာက လူများ ကြားပုံမရသည်မှာ သေချာသွားသည်။ တံတားကို ဖြတ်လာခဲ့ကြပြီး နောက် စိန့်ဂျွန်း ဘုရားကျောင်း ရှေ့ မှ ဖြတ်မောင်းလာခဲ့သည်၊ လမ်းတလျှောက်လုံးလည်း မဲမှောင်နေသည်။ တိတ်ဆိပ် ငြိမ်သက်လွန်းလှသဖြင့် တရွာလုံး နီးနီး နေရာပြောင်းရွှေ့ခံခဲ့ရသလားဟုပင် ထင်ရသည်။

 

ကက်သရင်းက သူ့ဘေးတွင် ထိုင်လိုက်လာပြီး စကားတလုံးမှ မပြောပဲ သူမ၏ မောဆာ ပစ္စတိုကို ကျည်ဖြည့်နေသည်။

 

နျူမန်က လီဗာကို အသားကုန် နင်းလိုက်ပြီး မကြာခင်မှာပင် ဟမ်တမ်ဆင်းသည် အမှောင်ထုထဲတွင် ကျန်ရစ်ခဲ့ပေတော့သည်။

 

                                                ****************************

 

အခန်း (၅၆)

LONDON

 

အာသာ ဘရိတ်ဝိတ်သည် သူယူခိုင်းထားသည် ယူဘုတ် ၅၀၉ ဖိုင်ကို စောင့်နေစဉ် အတ္တလန်တိတ် သမုဒ္ဒရာ အကွက်ချ ထားသည့် စားပွဲ ကို စူးစိုက်ကြည့်နေသည်။ သူ့အနေနှင့် ထိုယူဘုတ်၏ ကွပ်ကဲရေး အရာရှိ အကြောင်းသာမက ၎င်းတို့ ကင်းလှည့် ရာ ခရီးစဉ် များကိုပါ အလွတ်နီးနီး ပြောပြနိုင်သော်လည်း MI-5 ကို ဖုန်းဆက် အကြောင်းမကြားမီ အတည်ပြုစရာ တခု နှစ်ခု လောက်ရှိနေ၍ ယူခိုင်းလိုက်ခြင်းသာ ဖြစ်သည်။

 

ယူဘုတ် ၅၀၉ ၏ လှုပ်ရှားမှုသည် သူ့အတွက် ရက်သတ္တပတ်ပေါင်းများစွာ ပဟေဠိ ဖြစ်နေခဲ့ရသည်။ ရေငုပ်သင်္ဘောသည် မြောက်ပင်လယ်ထဲတွင် တနေရာတည်းကို ဦးတည်သွားခြင်းမျိုး မဟုတ်ပဲ ရည်ရွယ်ချက်မရှိ သွားလာနေသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ ၎င်းတို့၏ ဌာနချုပ် BdU ထံလည်း ဆက်သွယ်ခြင်း မျိုးလည်း မရှိပေ။ သူတို့ ဆက်သွယ်လာသည့် အချိန်တွင်တော့ စပမ်း ဟက် အနီး ဗြိတိသျှ ကမ်းရိုးတန်း တနေရာတွင် ရောက်နေပြီ ဖြစ်သည်။ ထိုရေငုပ်သင်္ဘောအား နော်ဝေး တောင်ပိုင်းရှိ ရေငုပ်သင်္ဘော သိုလှောင်ရာ စခန်း အား လေကြောင်းမှ ရိုက်ကူးခဲ့သည့် ဓါတ်ပုံများတွင်လည်း တွေ့ခဲ့ရပြီး ဖြစ်သည်။ ရေပြင်ပေါ်သို့ တက်လာခြင်းမျိုးလည်း မရှိ၊ မဟာမိတ် စစ်သင်္ဘောများ နှင့် ကုန်တင်သင်္ဘောများကိုလည်း တိုက်ခိုက်ခြင်းမျိုးလည်း မတွေ့ရပြန်ပေ။

 

အချည်းနှီး သွားလာနေခြင်းမျိုးသာ ဖြစ်မည်ဟု ဘရိတ်ဝိတ်က ထင်ထားခဲ့သော်လည်း သူ့စိတ်ထဲကတော့ ယုံကြည်လက်ခံခဲ့ခြင်း မရှိပေ။

 

ရေတပ် အကြီးအကဲ ဒွန်းတစ်ဇ် ၏ ဓါတ်ပုံကြီးကို မော့ကြည့်လိုက်ပြန်ပြီး “ခင်ဗျား ဘာကြောင့် အကောင်းပကတိ ရှိနေတဲ့ သင်္ဘော ကို အခုလို ဖြုန်းတီးပစ်ချင်ရသလဲ ဟင်” ဟု စိတ်ထဲက မေးလိုက်ပြန်သည်။

 

သူ၏ လက်ထောက်က ဖိုင် ကို ကိုင်ပြီး ပြန်ရောက်လာသည်၊ “ဆရာ ယူခိုင်းတဲ့ ဖိုင်”

 

ဘရိတ်ဝိတ်က သူ့လက်ထဲက ဖိုင်ကို လှမ်းမယူသေးပဲ ဖိုင်ထဲတွင် ပါမည့် အချက်အလက်များကို ရွတ်ပြလိုက်သည်။

 

“ကက်ပတိန် အမည် မက်စ် ဟော့ဖ်မင်း၊ ဟုတ်တယ် မဟုတ်လား”

 

“ဟုတ်ပါတယ် ဆရာ”

 

“၁၉၄၂ မှ နိုက် ကရော့စ် ချီးမြှင့်ခံရတယ်၊ နောက်တနှစ်အကြာမှ အုတ် လိဖ် ဆုတံဆိပ် ထပ်ရတယ်”

 

“ဖူးဟား ကိုယ်တိုင် ယူနီဖောင်းမှာ တပ်ပြီး ပေးခဲ့တာပါ”

 

“ကဲ..အခု အရေးကြီးတဲ့ အပိုင်းက သူဟာ စစ်ကြီး မဖြစ်မီလေးက အပ်ဗဲယား က ကနယ်ရစ် ဆီမှာ လုပ်ခဲ့ဖူးတယ်”

 

လက်ထောက်က ဖိုင်ကို လှန်လှော ကြည့်လိုက်ပြီး “ဟုတ်တယ် ဆရာ၊ ဒီမှာ ရေးထားတယ်၊ ဟော့မင်းအား ၁၉၃၈ မှ ၃၉ အတွင်း ဘာလင်ရှိ အပ်ဗဲယား ဌာနချုပ်တွင် တာဝန် ချထားပေးခဲ့သည်၊ စစ်ကြီး ဖြစ်လာချိန်တွင်တော့ ယူဘုတ် အမှတ် ၅၀၉ တွင် ကွပ်ကဲရေး တာဝန်ကို ပေးခဲ့သည် တဲ့”

 

ဘရိတ်ဝိတ် က စားပွဲ ရှိ မြေပုံ ကြီးကို စူးစိုက် ကြည့်လိုက်ရင်း “ဒီမှာ ပက်ထရစ်၊ မောင်ရင့်အနေနဲ့ အရေးပါတဲ့ ဂျာမန် စပိုင် တယောက်ကို ဗြိတိန် အပြင်ကို ခေါ်ထုတ်ဖို့ လိုမယ်ဆိုရင် ဘယ်သူ့ကို သုံးမလဲ၊ ကိုယ့်ရဲ့ မိတ်ဟောင်း ဆွေဟောင်း တယောက်ကို သုံးချင်မှာပဲ မဟုတ်လား”

 

“အမှန်ပါပဲ ဆရာ”

 

“MI-5 က ဗီကာရီ ဆီ ဖုန်းခေါ်၊ ငါ တို့ သူနဲ့ စကားစမြီ ပြောဖို့ လိုလာပြီ”

 

                                                *********************************