BURMA ACT ကို အမေရိကန် အောက်လွှတ်တော်မှ ယနေ့ အတည်ပြု

by Hla Soewai - Apr 08 2022

ယမန်နှစ် အောက်တိုဘာလ က စတင် တင်သွင်းခဲ့ပြီး အမေရိကန် အောက်လွှတ်တော်ရှိ ရီပတ်ဘလီကင် နှင့် ဒီမိုကရက် အမတ်များ လပေါင်းများစွာ ကြာအောင် ဆွေးနွေးခဲ့ကြပြီးနောက် ယနေ့ အတည်ပြု လိုက်ပြီ ဖြစ်သည်၊ အဆိုပါ BURMA ACT 2021 အား ဆီးနိတ်မှ ဆက်လက် အတည်ပြု ပေးရဦးမည် ဖြစ်သည်။

 

အဆိုပါ ဥပဒေတွင် မြန်မာနိုင်ငံ အတွင်းရှိ ဒီမိုကရေစီ လှုပ်ရှားမှု အား ထောက်ခံမှု ပေးရန်၊ လူသားချင်းစာနာ ထောက်ထားသော အကူအညီများ ငါးနှစ်ကာလ အတွက် ဒေါ်လာ သန်း ၄၅၀ ခွင့်ပြုရန်၊ စစ်တပ်၏ ဝင်ငွေများ အား စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ရန် နှင့် ၎င်းတို့ ကျုးလွန်ခဲ့သော ရက်စက် ကြမ်းကြုပ်သည့် လုပ်ရပ်များ အတွက် တာဝန်ခံမှု ရှိလာအောင် ဆောင်ရွက်ရန် ဆိုသည့် အဓိက အချက်ကြီး လေးချက် ပါဝင်နေသည်။

 

ထို့ပြင် မြန်မာရှိ ရေနံ နှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းအား ဒဏ်ခတ် ပိတ်ဆို့ခြင်းဖြင့် အမေရိကန် ၏ အကျိုးစီးပွား နှင့် မြန်မာပြည်သူတို့၏ အကျိုး ထိခိုက်မှု ရှိမရှိကို အစီရင်ခံစာ အပြည့်အစုံ တင်သွင်းရန် လည်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

 

အဆိုပါ ‌ဥပဒေကို ဆီးနိတ်က အမြန် အတည်ပြုရန်သာ ကျန်ပေတော့သည်။ အဓိက တာဝန် ရှိနေသူသည် အင်‌ဒီရာနား ပြည်နယ်မှအထက်လွှတ်တော် အမတ် Todd Young ဆိုသူ ဖြစ်သည်ဟု သိရသည်။

 

ရီပတ်ဘလီကင် ဆီနိတ်တာ Todd Young သည် ၎င်း၏ ပြည်နယ် ဖြစ်သည့် အင်ဒီယာနားတွင် ရှိသော မြန်မာ ၃၄,၀၀၀ ခန့်နှင့် နွေးထွေးသော ဆက်ဆံမှု ရှိနေသော်လည်း ယခုအခါ ၎င်းမှ အဆိုပါ ဥပဒေကို ထောက်ခံရန် ငြင်းဆန်နေသည်။ ဒီမိုကရက်များသည် ၎င်းတို့ထံမှ အကြံညဏ်များ တောင်းခံခြင်း မရှိပဲ တဖက်သတ် လုပ်၍ဟု အကြောင်းပြခဲ့သည်။ ၎င်းမှ မီးစိမ်းမပြမချင်း ကျန် ရီပတ်ဘလီကင် အမတ်များက တုတ်တုတ်မျှ လှုပ်မည်မဟုတ်ဟု ယူဆရသည်။ အမေရိကန် ဆီးနိတ်တွင် ပါတီအတွင်း ခေါင်းစဉ် အသီးသီး အတွက် အဖွဲ့များ ခွဲထားရာ Young သည် မြန်မာနှင့် ဆိုင်သော အကြောင်းအရာ ကို ဦးဆောင်နေရသူ ဖြစ်သည်။

 

ထို့အတွက် အင်ဒီယာနား ရှိ မြန်မာ ပြည်သားများနှင့် အမျိုးသား ညီညွတ်ရေး အစိုးရသည် Young ၏ ထောက်ခံမှု ရရန် လော်ဘီ လုပ်ရတော့မည် ဖြစ်သည်။

 

ပြည်တွင်း သတင်းများ တွင်တော့ လက်ရှိတွင် ရခိုင် ပြည်နယ် အတွင်း ‌ရခိုင်တပ်တော် နှင့် အကြမ်းဖက် စစ်တပ်အကြား တင်းမာမှုများ ကြီးထွားလာနေသည်ဟု ရခိုင်တပ်တော် အေအေ ၏ ပြောခွင့်ရ ခိုင်သုခမှ အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲတွင် အသိပေးလိုက်သည်ဟု သိရသည်။

 

စစ်တပ်မှ တနိုင်ငံလုံးရှိ တော်လှန်ရေး အင်အားစု များ အား အကျအဆုံး များစွာဖြင့် ရင်ဆိုင်နေရချိန်တွင် အေအေ သည် တရားရေး၊ အခွန်ဌာန၊ လုံခြုံရေး အစရှိသည့် မြို့ပြ အုပ်ချုပ်ရေး ကို အကျအန ထူထောင်ထားပြီး ဖြစ်နေသည်။

 

ထိုကဲ့သို့ ဖြစ်ပေါ်လာမှုများကို စစ်တပ်သည် မရှု့စိမ့်နိုင် ဖြစ်လာကာ ဝင်ရောက်နှောက်ယှက်လာနေသဖြင့် ၎င်းတို့နှင့် အလွတ်သဘော နားလည်မှု ယူထားသည့် ငြိမ်းချမ်းရေး ကို ဆက်လက် အာမခံ နိုင်မည် မဟုတ်ဟု ခြိမ်းချောက်လာပြီ ဖြစ်သည်။

 

အေအေ သည် ဒုတိယ ကမ္ဘာစစ် အတွင်း ဟစ်တလာ နှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့သော စတာလင်၏ အမှားမျိုးမှလည်း သင်ခန်းစာ ရရှိထားပြီး ဖြစ်ဟန် ရှိသည်။

 

လက်ရှိတွင် ကရင်ပြည်နယ် နှင့် ချင်းပြည်နယ် အတွင်း စစ်ကောင်စီ၏ လှုပ်ရှားစစ်ကြောင်းများနှင့်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနေသည်ဟု သတင်းများက ဆိုသည်။၊ ကရင်အမျိုးသား အစည်းအရုံး ကေအင်ယူ လက်အောက်ခံ တပ်မဟာ ၇ ခုစလုံး ပါဝင်လာပြီ ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြည်သူများက တရားမဝင် အစိုးရဟု သတ်မှတ်ထားသော အကြမ်းဖက် စစ်ကောင်စီအား တရုတ်မှ ပွင့်လင်းစွာ ထောက်ခံမှု ပေးလာမှူ အပေါ် သတိပေးချက် ထုတ်ပြန်လာခဲ့သည်။

 

အဆိုပါ သတိပေးချက်ထဲတွင် အကြမ်းဖက် စစ်တပ်အား ထောက်ခံမှု ပေးခြင်းသည် တရုတ် အတွက် နိုင်ငံတကာ ပုံရိပ် ကျဆင်းဖို့သာ ရှိကြောင်း ပါရှိလာခဲ့သည်။ တကယ်တမ်းတွင် ရုရှား၏ ယူကရိန်း အား ကျုးကျော်မှု ကို ထောက်ခံမှု ပေးခဲ့ခြင်းဖြင့် ဗိုလ်ကျ စိုးမိုးမှု ကင်းလွတ်ပြီး ငြိမ်းချမ်းစွာ အတူ ယှ‌ဉ်တွဲနေထိုင်ရေး မူ ငါးချက် ဟု ဆိုကာ တတိယ ကမ္ဘာနိုင်ငံများအကြား ဝါဒဖြန့်ချီနေမှုများသည်လည်း လိမ်ညာမှုများ အဖြစ် ဗူးပေါ်သလို ပေါ်သွားခဲ့ရပြီ ဖြစ်သည်။

 

ဤသည်ကလည်း စစ်ကောင်စီ အဖို့ တရုတ် အပေါ် မလွန်ဆန်ရဲအောင် အဓိက တွန်းအားကြီး ဖြစ်လာခဲ့ရသည်။

 

ဒေါ်လာ ကို ၂၄ နာရီ အတွင်း ကျပ်ငွေသို့ ပြောင်းလဲရမည် ‌ဆိုသည့် ဗဟိုဘဏ်၏ မူဝါဒသည် နိုင်ငံတွင်း ရင်းနှီးမြုပ်နှံနေသော ဂျပန် ကုမ္ပဏီများ အတွက် ကြီးစွာသော အခက်အခဲများ ဖြစ်လာနေ၍ ဂျပန်-မြန်မာ ဆက်ဆံရေးကို ရှေးရှု၍ ကင်းလွတ်ခွင့် ပေးရန် စစ်ကောင်စီအား ရန်ကုန်ရှိ ဂျပန် သံရုံးက တောင်းဆိုလာပြီ ဖြစ်သည်။

 

တကယ်တမ်းတွင် ၎င်းတို့ လုပ်ရပ်သည် ဖြစ်လာနိုင်သည် များကို မစဉ်းစား မဆင်ခြင်ပဲ လုပ်ခဲ့ခြင်းလော၊ သို့တည်းမဟုတ် ပြည်တွင်း တွင် ရင်းနှီးမြုပ်နှံနေဆဲ ဖြစ်သော ဂျပန် အပါအဝင် ပြည်ပ ကုမ္ပဏီများကို ရည်ရွယ်ချက် ရှိရှိ "ရုံခါ" ၍ အိမ်နီးချင်း နိုင်ငံကြီးမှ ကုမ္ပဏီများ နှင့် အစားထိုးမည်လော ဆိုသည်က ဆက်၍ စောင့်ကြည့်ရမည်သာ ဖြစ်သည်။

 

ယခုအခါ ဒေါ်လာ မှ ကျပ်ငွေ လဲလှယ်သည့် ဥပဒေကြောင့် လက်ရှိ ပြည်ပ ကုမ္ပဏီများ အားလုံး လုပ်ငန်းများ လည်ပတ်‌၍ မရတော့လောက်အောင် ကြီးစွာ အကျပ်ရိုက်စရာ ဖြစ်သွားခဲ့ရပေပြီ။

 

စစ်ကောင်စီ အဖို့ ၎င်းတို့၏ ဖိနှိပ် အုပ်ချုပ်ရေး ယန္တရားကြီး လည်ပတ်နိုင်ရေး အတွက် လက်နက်ခဲယမ်းများ၊ စက်သုံးဆီများ အပြင် ရုရှားမှ ကြွေးပူများ ပြန်ဆပ်ရန် ‌ဒေါ်လာများ အပူတပြင်း လိုအပ်‌လာနေပြီ ဖြစ်၍ ကမ္ဘာမီးလောင် သားကောင်ချနင်းသလို ကျင့်ကြံလာခြင်း ဖြစ်မည်ဟု လေ့လာသူများက သုံးသပ်လာကြသည်။ ကမ္ဘာဘဏ်၊ အာရှ ဘဏ်တို့မှ ကို‌ဗစ်ကာလ ဆိုင်းငံပေးထားသော ကာလ အဆုံးသတ်သွားပြီဟု သိရသည်။

 

သွင်းကုန်သမားများလည်း တဒေါ်လာလျှင် ၁,၈၅၀ ကျပ် ဖြင့် ရောင်းပေးမည် ဆိုသော်လည်း လိုသလောက် ရနိုင်ဖို့ မရှိ‌၍ မှောင်ခိုဈေးကွက်မှ ဈေးကြီးပေး ဝယ်ယူရဖို့ ဖြစ်လာသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် အောင်ရမည်!!!