ဩစတေးလျှ သံအမတ် နှင့် မင်းအောင်လှိုင်

by Hla Soewai - Apr 09 2022

ယမန်နေ့က ဩစတေးလျှ သံအမတ် နှင့် စစ်သံမှုးသည် အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် နှင့် သွားရောက် တွေ့ဆုံခဲ့သည်ဟု လန်ဒန် ထုတ် ဂါဒီယန်း သတင်းစာကြီးတွင် ရေးသားထားသည် ကို ဖတ်ရှု့ရသည်။

 

သံအမတ်ကြီး မစ္စက် အင်ဒရီရာ ဖော့ကနာ လာရောက်တွေ့ဆုံသည်ကို မြန်မာ သတင်းစာများကလည်း ဓါတ်ပုံများဖြင့် ဝမ်းသာအားရ ဝေဝေဆာဆာ ‌ဖေါ်ပြခဲ့ကြသည်။

 

တာဝန် ကုန်ဆုံးပြီ ဖြစ်၍ ပြည်တော် ပြန်ကာနီး တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု သိရသော်လည်း အမြဲလို အရာရာ ကို စိုးရိမ်တကြီး ဖြစ်နေသော စစ်ကောင်စီသည် ဩစတေးလျှ ဗီဇာ ကိစ္စ အကြောင်း ကန့်ကွက်လို‌၍ တွေ့ဆုံရန် ဆင့်ခေါ်ခြင်းက ပို၍ ဖြစ်နိုင်စရာ ရှိနေသည်။

 

စစ်ကောင်စီ သတင်းစာများကတော့ နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေးကြသည်ဟု ဆိုသော်လည်း ဩစတေးလျှ နိုင်ငံခြားရေး နှင့် ကုန်သွယ်ရေး ဌာနမှ တာဝန် ရှိသူက ထိုသို့ ဆွေးနွေးခဲ့မှု မျိုး မဟုတ်ပဲ စစ်ခေါင်းဆောင်အား တိုက်ရိုက် တွေ့ဆုံ နိုင်မှု ကို အသုံးချကာ နိုင်ငံအတွင်း အကြမ်းဖက်မှု များ ရပ်တန့်ရန်၊ ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် တို့သာ ပြောခဲ့သည်ဟု အတိုက်အခံ ဂရင်းပါတီမှ မေးခွန်းထုတ်လာသည်ကို လွှတ်တော်တွင် ပြန်လည် ဖြေရှင်းချက် ထုတ်လာခဲ့သည်။ သို့သော် မင်းအောင်လှိုင်မှ ဘာပြောသည် ဆိုသည်ကိုတော့ ရေငုံနှုတ်ပိတ်နေဆဲပင် ဖြစ်သည်ဟု ဆိုသည်။

 

ထိုသို့ ဩစတေးလျှ သံအမတ်ကြီးမှ မင်းအောင်လှိူင်အား သွားရောက် တွေ့ဆုံနေစဉ်တွင် စစ်ကောင်စီ၏ အကြမ်းဖက် လက်ပါးစေများက အလုံမြို့နယ်အတွင်းရှိ အသက် လေးနှစ် အရွယ် ကလေးသူငယ်တဦးအား မူကြိုကျောင်းတွင်း စစ်သား အ‌ယောက် နှစ်ဆယ်ခန့်က သေနတ်များ နှင့် ချိန်ကာ ဝင်ရောက်ပြီး ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည် ဟူသော ထိတ်လန့်ဖွယ် သတင်းကြီးက ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

 

ဩစတေးလျှသည် ၎င်း၏ နိူင်ငံသား စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင် တန်နား အား မတရား ပုဒ်မများ တပ်ကာ အင်းစိန် ထောင်ကြီးထဲ ချုပ်နှောင်ထားဆဲ ကြားမှပင် ထိုသို့ တွေ့ဆုံခဲ့မှုသည် ရှက်ဖွယ်လိလိ ပင် ဖြစ်သည်။

 

နောက်ထပ် အနောက်နိုင်ငံများ စိုးရိမ်သင့်သည်က ထိုသို့ဓါးစာခံများ ဖမ်းကာ ‌အပေးအယူ လုပ်၍ ရသည်ဟု မင်းအောင်လှိုင် ယုံကြည်လာမည့် အရေးပင် ဖြစ်သည်။

 

နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များကလည်း ထိုသို့ တွေ့ဆုံမှုအား "မည်သို့မျှ လက်ခံနိုင်ဖွယ် မရှိ" ဟု တညီတညွတ် တည်း ပြစ်တင် ရှုတ်ချလာခဲ့ကြသည်။

 

မြန်မာပြည်သူတို့၏ တော်လှန်ရေးသည် ‌‌မည်သို့မျှ ထိခိုက်သွားစရာ အကြောင်းမရှိသော်လည်း ‌၎င်းတို့ကဲ့သို့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေးတို့ကို အမြုပ်ထွက်မတတ် ပြောနေသူများသာ သိက္ခာကျပြီးရင်း ကျလာ‌ရပြီ ဖြစ်သည်။ နောက်ပိုင်းတွင် ထိုသို့ အပြောတမျိုး အလုပ်တမျိုး လုပ်နေကြသူများ၏ ဟောပြော ပို့ချနေသည့် လစ်ဘရယ် တန်ဘိုးများအားလည်း မည်သူကမျှ တလေးတစား နေရာပေးကြတော့မည် မဟုတ်ဘဲ ဒီဘက်နားကဝင် ဟိုဘက် နားက ထွက် ဆိုသကဲ့သို့သာ ရှိပေတော့မည်။

 

ပြည်သူ့ ငွေ များ အား မျက်စပစ်လာနေသော တင်းကျပ်သည့် နိုင်ငံခြားငွေကြေး ဥပဒေကို ထုတ်ပြန်ပြီး သုံးရက် အကြာတွင် ဗဟိုဘဏ် ဒုဉက္ကဌ ‌သန်းသန်းဆွေ အား လားပင်စင် ပေးခံခဲ့ရသည်ဟု အေပီ သတင်းတွင် ဖေါ်ပြထားသည်။

 

လက်ရှိတွင် အသက် ၅၅ နှစ်ရှိ သန်းသန်းဆွေ သည် လုပ်ကြံခံခဲ့ရသည့် စစ်ကောင်စီ လက်ပါးစေများထဲတွင် ရာထူး အမြင့်ဆုံး လူ ဖြစ်လာခဲ့သည်။

 

ဗဟန်း မြို့နယ်ရှိ သူမ၏ နေအိမ်တိုက်ခန်းတံခါးကို ဖွင့်၍ ဝင်ရောက်စဉ်တွင် လူနှစ်ဦးက ပစ်ခတ်သွားခြင်း ဖြစ်သည်ဟူသော သတင်းသည် ကမ္ဘာသတင်း စာမျက်နှာများပေါ်တွင် ပျံ့နှံသွားခဲ့ပြီ ဖြစ်သည်။

 

သူမသည် ယခုအခါ ဆေးရုံတွင် ရှိနေပြီး ဒဏ်ရာ ပြင်းထန်ခြင်း မရှိဟု ဇော်မင်းထွန်းက အတည်ပြုခဲ့သည်။ သန်းသန်း‌ဆွေသည် အာဏာသိမ်းပြီး သုံးရက် အကြာတွင် ခန့်အပ်ခြင်းခံရသည့် ဗဟိုဘဏ် ဒုဥက္ကဌ နှစ်ဦး အနက်မှ တဦး ဖြစ်သည်။

 

စစ်ကောင်စီသည်လည်း ၎င်းတို့၏ လက်ပါးစေများမှ မိမိတို့ လုံခြုံရေးကို ကာကွယ်ပေးရန်၊ အစောင့်အကြပ်များ ပို‌‌၍ ချထားပေးရန် နားပူနားဆာ လုပ်ခံလာရသည့် အရေး နှင့် ကြုံလာရပြီ ဖြစ်သည်။

 

စစ်ကောင်စီသည် ၎င်းတို့ လက်ပါးစေများအား သံသယ ရှိသူ မှန်သမျှကို မွေးကာစ ကလေးပင် မကျန် အချိန်မရွေး ဖမ်းဆီး သတ်ဖြတ်နိုင်ခွင့် ကို ခွင့်ပြုထားပြီး ဖြစ်ရာ နေ့မြင်ညပျောက် ဆိုသည့် တုန်လှုပ် ချောက်ခြားဖွယ် အခြေအနေ ဆိုးကြီး နှင့် ပြည်သူများ ကြုံနေကြရပြီ ဖြစ်သည်။

 

နိုင်ငံတွင်းရှိ ကလေးသူငယ် တသိန်းခန့်သည် အကြမ်းဖက် စစ်တပ်၏ ထိုသို့သော လုပ်ရပ်များကြောင့် တသက်တာ ပတ်လုံး အမြစ်တွယ်သွားတော့မည့် စိတ်‌ဒဏ်ရာဒဏ်ချက်များ ခံစားနေကြရပြီ ဖြစ်သည်ဟု ကုလ ကလေးသူငယ် အခွင့်အရေး စောင့်ကြည့် အဖွဲ့ ဥက္ကဋ္ဌ မီကီကို အိုတာနီ က စစ်‌ ဆေး တွေ့ရှိခဲ့မှုများကို အခြေခံ၍ အသိပေးလာခဲ့သည်။

 

ထို့အတွက်လည်း အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်မှ PDF များ ထိန်းချုပ်ထားပြီး ဒေသများတွင် ယာယီ အုပ်ချုပ်ရေး အဖွဲ့များ တည်ထောင်သွားပြီး မြောင်ဒေသတွင် လည်း ကလေးသူငယ်များ၏ ပညာရေး ဖွံဖြိုးမှု အစီအစဉ်များ စတင်နေပြီဟု ထုတ်ဖေါ် ပြောကြားခဲ့သည်။

 

ထို့ပြင် ယာယီ သမ္မတ ဦးဒူးဝါးလရှီလ မှလည်း ပြည်သူများ ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်ရန် လေယာဉ် ရဟတ်ယာဉ် များ နှင့်အတူ ခိုလှုံလာသူများအား အမေရိကန် ဒေါ်လာ ငါးသိန်း ဆုချီးမြှင့်မည် ဖြစ်သည်ဟုလည်း ကြေညာချက် ထုတ်ပြန်လာခဲ့သည်။ အဆိုပါ ငွေကြေး ပမာဏသည် အနောက်နိုင်ငံများတွင် အိမ်ပိုင်ကားပိုင်နှင့် အခြေတကျ နေထိုင်နိုင်သည့် မက်လောက်စရာ ပမဏလည်း ဖြစ်နေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!