"ချီ" ကို သတ်ခဲ့သူ

by Hla Soewai - Apr 10 2022

ဘိုလီဗီယား နိုင်ငံ တောင်ပိုင်းရှိ အိမ်ခြေ နှစ်ဆယ်ခန့်သာ ရှိသော လာ ဟစ်ဂီယာ ဆိုသည့် ရွာကလေးတွင် စခန်းချနေကြသည့်  မင်ချီဂို တပ်ရင်းမှ တပ်ခွဲ A နှင့် တပ်ခွဲ B တို့ တညလုံးအောင်ပွဲခံ ပျော်ပါးနေကြသည်။ ထိုသို့ သောက်စား ပျော်ပါးရန် အတွက်လည်း ခိုင်လုံသော အကြောင်းက ရှိနေပြန်သည်။

 

 

လက်ရှိတွင် အချုပ်ခန်း အဖြစ် သတ်မှတ်ထားသော မူလတန်း ကျောင်းခန်း တခန်းအတွင်း တောင်အမေရိကတိုက်ရှိ အာဏာရှင် အစိုးရ တိုင်းလိုလို အသေရရ အရှင်ရရ အလိုရှိနေသည့် သူပုန်ကြီး ချီဂွေဗာယာ ကို လက်ရ ဖမ်းဆီးချုပ်နှောင်ထားနိုင်ခဲ့သော‌ ကြောင့်ပင် ဖြစ်သည်။

 

 

သို့သော် နောက်တနေ့ မနက် ၁၉၆၇ အောက်တိုဘာ ၉ ရက်နေ့တွင်တော့ ထိုအပျော်များက ကြက်ပျောက် ငှက် ပျောက် ပျောက်သွားခဲ့ကြရပြီ ဖြစ်သည်။ သူတို့ထံသို့ သမ္မတ ဖြစ်သူ ရီနေး ဘာရီရင်တို ကိုယ်တိုင် ရေးသားပေးပို့လာသည့် ညွှန်ကြားလွှာကို လက်ခံရရှိခဲ့ကြသည်။ ထိုညွှန်ကြားလွှာထဲတွင် ချီဂွေဗာယား အား သတ်ပစ်ရန် ပါရှိလာခဲ့သည်။

 

 

မူလက အမေရိကန် ၏ ထောက်ခံမှု ဖြင့် ချီ အား 

ပနားမားတွင် စစ်ခုံရုံးတင် စစ်ဆေးရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။ သို့သော် ဘာရီရင်တိုသည် နိုင်ငံတွင်းရှိ ထားရာနေ၊ ကြွေးတာစား၊ ခိုင်းတာလုပ် ဘဝဖြင့် နေကြရသူများ အကြား တွန်းလှန်ချင်စိတ်များ ပေါ်လာအောင် အဆိပ်အတောက် ဖြစ်စေသည့် အတွေးအခေါ် များ ဖြန့်ဖြူးပေးနေသူ ကို မည်သို့မျှ အရှင်ထား၍ မဖြစ်၊  ချက်ခြင်း လက်ငင်းဆိုသလို ရှင်းပစ်မှ ဖြစ်တော့မည်ဟု ယူဆလာသည်။

 

 

ထိုညွှန်ကြားချက်ကြောင့် မင်ချီဂို တပ်ရင်း တပ်ခွဲ A နှင့် B မှ ချီ နှင့် ဝီလီ ဆိုသူ ပျောက်ကြား တပ်ဖွဲ့ဝင်တဦးကို သတ်မည့်လူ ရွေးထုတ်ရဖို့ ဖြစ်လာသည်။ လူ ခုနှစ်ယောက် ကို ရွေးထုတ်၍ တီးခေါက်ကြည့်ရာတွင်တော့ အားလုံးက လိုလိုလားလားပင် သဘောတူခဲ့ကြသည်။ သို့သော် ညွှန်ကြားလွှာကို သယ်ဆောင်လာသည့် တပ်ရင်းမှုး ဗိုလ်မှုးကြီး ဇင်တင်တို၏ လက်ညိုးက မာရီယို တီယန် ဆိုသူထံ တန်းတန်း မတ်မတ် ရောက်လာပြီး "You do Che" ဟု တခွန်းတည်း အမိန့်ပေးလာခဲ့သည်။

 

 

မာရီယိုသည် အချိန်ရသမျှ ဆွဲနေခဲ့ရာ မိနစ်လေးဆယ်ခန့်ပင် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်၊ သူ့စိတ်ထဲတွင်လည်း ထိုအမိန့်ကို ပယ်ဖျက်ကောင်း ပယ်ဖျက်လာလိမ့်မည်ဟု ထင်နေသောကြောင့် ဖြစ်သည်။

 

 

သို့သော် သူ၏ အချိန်ဆွဲနေမှု ကို ရိပ်စားလာမိသော အကြီးအကဲများက ဒေါသ ထွက်လာကုန်ပြီ ဖြစ်သည်။ သူ့အတွက် အခြား ရွေးစရာ လမ်းမရှိတော့၊ ကျောင်း ရှိရာ ကုန်းမြင့်ကလေး ပေါ်သို့ သေနတ်ကို ဆွဲ၍ တက်လာခဲ့သည်။ ရွာရှိ မူလတန်း ကျောင်း ဆိုသော်လည်း ရွှံများ နှင့် ကာရံပြီး သက်ကယ်မိုးထားသည့် တဲအိမ်လေး သာသာ ဖြစ်သည်။ (ချီ သည် ကွပ်မျက်မခံရမီ မနက်ပိုင်းတွင် သူရှိနေသည့် မူလတန်းကျောင်းမှ ဆရာမလေး ဂျူလီယာ ကောတက်ဇ် နှင့် တွေ့ဆုံခွင် တောင်းခဲ့သည်၊ ဆရာမလေး ရောက်လာသည့် အခါ ယခုလို အခြေအနေမျိုး နှင့် ကလေးများ ပညာသင်ကြားနေရသည်မှာ နည်းလမ်းမကျကြောင်း၊ အစိုးရ အရာရှိကြီးများကတော့ မာစီဒီး ကားကြီးများ တဝီဝီ ဖြင့် သွားလာနေကြကြောင်း၊ ထိုအခြေအနေများကို ပြောင်းလဲပစ်ရန် မိမိတို့ တော်လှန်ရေး ဆင်နွှဲနေခြင်းဖြစ်ကြောင်း ရှင်းပြသွားခဲ့သည်၊ - "In Cold Blood: The Execution of Che by CIA from Rampart Magazine, 1968)

 

 

ကလေးများ မရှိကြတော့၍ ကျောင်းဆောင်တခုလုံး တိတ်ဆိတ်မှုက မင်းမူနေသည်၊ ကျောင်းခန်းထဲတွင်တော့ ကမ္ဘာပေါ်တွင် အထင်ရှားဆုံး ပျောက်ကြား ခေါင်းဆောင်ကြီး ရှိနေသည်။ သူ၏ တော်လှန်သော ဆိုရှယ်လစ် အတွေးအခေါ်များက လက်တင် အမေရိက တခွင်သာ မက အာဖရိက၊ အာရှ တခွင်ရှိ အဖိနှိပ်ခံ ပြည်သူများအကြား ပျံ့နှံ့လျက် ရှိနေပြီ ဖြစ်သည်။

 

 

သူသည် နှစ်ပေါင်းအတော်ကြာအောင် လူမြင်ကွင်းမှ ပျောက်နေပြီး ကွန်ဂို၊ တန်ဇန်နီယား၊ ဗီယက်နမ် နှင့် ဥရောပ ကုန်းမြေကြီးပါ မကျန် လှည့်လည်သွားလာကာ တော်လှန်ရေးများကို ပံ့ပိုးပေးနေခဲ့သည်။ ယခုမှသာ မဖြစ်စလောက် အင်အားမျှသာ ရှိသေးသည့် လူပေါင်းစုံ ဖြင့် ဖွဲ့စည်းလာသည့် ပျောက်ကြားတပ်ဖွဲ့ကို ဦးဆောင်ကာ ဘိုလီဗီယား တွင် ပြန်ပေါ်လာခဲ့သည်။

 

 

ထိုပျောက်ကြား အဖွဲ့နှင့် ယမန်နေ့က သူတို့ တပ်ခွဲ နှင့် ထိတ်တိုက်တိုးခဲ့ပြီး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ တပ်ခွဲ A ကို ဦးဆောင်ခဲ့ရသည့် အသက် ၂၆ နှစ် အရွယ် တပ်ကြပ်ကြီး တီယန်သည် သူ၏ ရဲဘော် နှစ်ဦး မျက်စိရှေ့မှောက်တွင် ကျဆုံးသွားသည်ကို တွေ့လိုက်ရသည်။ သို့သော် ချီ တို့ဖက်က ပို၍ အကျအဆုံး များနေသည်။

 

 

ချီ ကိုယ်တိုင် ဒဏ်ရာရနေပြီး သူ၏ ကာဘိုင် သေနတ် ပြောင်းလည်း အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားသည်။ ချီ အဖို့ လက်နက်ချယုံမှ အပ အခြားနည်းလမ်းမရှိတော့။

 

 

သူပုံစံက သာမန် သူလိုငါလိုပင်၊ ဆံပင် ဖရိုဖရဲ  စုတ်ပြတ်နံစော်နေသော စစ်ယူနီဖောင်း အဟောင်းကြီးကို ဝတ်ထား၍ အိမ်ခြေယာခြေ မရှိ လေလွင့်နေသူ တဦးနှင့်ပင် တူနေသည်၊ အသံကလည်း ပန်းနာရင်ကြပ် သမား ပီပီ လည်ချောင်းသံ ပေါက်နေပြန်သည်။

 

 

သို့သော် သူ၏ ဆေးတံကို ဆေးဖြည့်ပေးလိုက်သည့် အခါတွင်တော့ သူ့အသွင်သည် လန်းဆန်းတက်ကြွလာပြီး အက်စတိုရီယား များ ရနိုင်မလားဟုပင် အရွှန်းဖေါက်ခဲ့သည်၊ (အက်စတိုရီယားသည် ဆေးတံထဲ ထည့်သည့် ဆေးသားများထဲတွင် ကမ္ဘာတဝှမ်း အကျော်ကြားဆုံး တံဆိပ် ဖြစ်သည်)

 

 

ထိုသို့သော လူမျိုးကို သွေးအေးအေး နှင့် သတ်ရမည့် အလုပ်က သူ့အဖို့ ထိတ်လန့်စရာ ကောင်းနေရသည်။ ရဲဆေးတင်သည့် အနေဖြင့် အရက်ပြင်းပြင်း တခွက် သောက်ချင်နေမိသော်လည်း သူ့ထံတွင်  ဘီယာ ဗူး သာ ရှိနေသည်။

 

 

ထို့အတွက် လက်တဖက်က M2 ရိုင်ဖယ်ကို ပုခုံးတတွင် လွယ်ကာ လက်တဖက်စီတွင်  ဘီယာတဗူးဆီ ကိုင်ရင်း ကုန်းလျော အတိုင်း ‌မူလတန်းကျောင်းလေး ရှိရာသို့ တက်လာခဲ့သည်။

 

 

ဒီထက် ကောင်းသည့် ရိုင်ဖယ်ကို ရှာကြည့်ခဲ့သော်လည်း မတွေ့၊ သူ့အဖို့က တနေကုန် ကံဆိုးပြီးရင်း ဆိုးနေရသည်။

 

 

သူ့ကို လူခုနှစ်‌ယောက်ထဲမှ အဘယ်ကြောင့်များ ရွေးခဲ့ရသည် ဆိုသည်က ပဟေဠိ ဖြစ်နေဆဲပင်။ သူ၏ အထက်အရာရှိများကတော့ သူသည် စစ်သားကောင်းတဦး၊ ပေးအပ်သည့် တာဝန်ကို ခေါင်းအေးအေး နှင့် ကျေပြွန်စွာ ထမ်းဆောင်နိုင်သူဟု ပြောကြသည်။

 

 

ဖခင်သည် ကုန်သည် တဦးဖြစ်သော်လည်း သူသည် စစ်သားဘဝကို နှစ်သက်၍ ဆယ်ကျော်သက် အရွယ်ကပင် စစ်မှုထမ်းရန် သူ၏ မွေးရပ်မြေ ဖြစ်သည့် ကိုချာဘမ်ဘာ မြို့ရှိ တပ်ကြပ်ကြီး သင်တန်းကျောင်းသို့ တက်ရောက်ခဲ့သည်။ ထိုသင်တန်းကျောင်းတွင်ပင် သင်တန်း နည်းပြ ဖြစ်လာသည်အထိ တိုးတက်လာခဲ့သည်။ ထို့ထက်ပို၍လည်း အခြားလူများနှင့်စာလျင်  ထူးခြားမှု ရှိသူမဟုတ်၊ သူလိုကိုယ်လိုပင် ဖြစ်သည်။ အခြားသူများလိုလည်း အတင်းကြီး စိတ်ပါလက်ပါ သတ်ပရစေဟု ပြောခဲ့သူလည်း မဟုတ်၊ သို့သော် သူ၏ သူငယ်ချင်းများ တိုက်ပွဲကျသွားခဲ့ရခြင်းနှင့် ဇနီးဖြစ်သူ ဂျူလီယာသည် ကိုယ်ဝန် နေ့စေ့လစေ့ကြီးနှင့် အိမ်တွင် ကျန်ခဲ့သည် ဆိုသော အချက်များကို ပဲ ထည့်စဉ်းစားပြီး သူ့ကို ရွေးလိုက်ခြင်းလော။ မည်သည့် အကြောင်းနှင့် ဗိုလ်မှုးကြီးက ရွေးခဲ့သည် ဖြစ်စေ အရေးမကြီးတော့၊ သူသည် ယခုအခါ ကျောင်းတံခါးဝသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။

 

 

အကယ်၍သာ ထိုအဖြစ်အပျက်သည် သူ့ဘဝတခုလုံး ဗြောင်းဆန်သွားရသည်အထိ ပြောင်းလဲသွားတော့မည်ကို ကြိုတင်သိခွင့်ရခဲ့မည်ဆိုက လက်ထဲက သေနတ်မောင်းကို ဆွဲဖြစ်လိမ့်မည် မဟုတ်ပေ။

 

 

နောက်ပိုင်းတွင် သူ့သည် ပုန်းလျိုးကွယ်လျိုး နှင့် ရှင်သန်ခဲ့ရပြီး အမြဲလို သူ မဟုတ်ကြောင်း ငြင်းဆန်နေခြင်းဖြင့် ကုန်လွန်ခဲ့ရပေသည်။ သူသည် ပြင်မရသော အမှားကြီး တခုကို မထင်မှတ်ပဲ ကျုးလွန်ခဲ့မိ၍ ဖြစ်သည်။ ထိုနှစ် ဒီဇင်ဘာလ အတွင်း ပြင်သစ်ရှိ စာစောင် တခု ဖြစ်သော Paris March မှ သူ့အား ဓါတ်ပုံရိုက်ရန် တောင်းဆိုလာသည်ကို ခွင့်ပြုမိခဲ့သည်။ ထိုစာစောင်မှ ချီ ကို သတ်ခဲ့သူ ဟု စာတမ်းထိုးကာ သူ၏ ဓါတ်ပုံနှင့်တကွ ဖေါိပြလာခဲ့သည်။

 

 

ထိုဓါတ်ပုံ တခုတည်းသာ ယခု အချိန်အထိ ထင်ရှားစွာ ရှိနေခဲ့သည်။ နောက်ပိုင်း သူ ပင်စင်ယူသည့် အချိန်တွင် မှတ်ပုံတင် အတွက် ရိုက်ယူခဲ့သည့် ဓါတ်ပုံသာ ရှိပေတော့သည်။ ထိုကာလ နှစ်ခု အကြားတွင် သူအား ရှာမတွေ့နိုင်အောင် အစဖျောက်နေခဲ့ရသည်။ သူ့ဘဝ အကြောင်းကိုလည်း မည်သူကိုမျှ တစွန်းတစမျှ မပြောမိအောင်လည်း နေခဲ့သည်။ သူ၏ သားသမီး ခြောက်ယောက်နှင့် မြေးများကိုပင် ပြောမပြခဲ့။ 

 

 

"ချီ ၏ ကျိန်စာ" သင့်သည် ဆိုသည် အဖြစ်များကိုလည်း ကြားသိလာခဲ့ရသည်ကလည်း တကြောင်းအပါအဝင် ဖြစ်သည်၊ ချီ အသတ်ခံခဲ့ရမှု တွင် တနည်းမဟုတ် တနည်း ပတ်သက်ခဲ့သူများ အသေဆိုးနှင့် သေခဲ့ကြရပြီး ဖြစ်သည်။ သူ့အားလည်း ထို အဖြစ်မှ ချမ်းသာပေးလိမ့်မည် မဟုတ်ဆိုသည်ကို ယုံကြည်ထားပြီး ဖြစ်သည်။

 

 

၁၉၉၇ တွင် စစ်တပ်မှ အကြီးတန်း အရာခံဗိုလ် ဘဝနှင့် အနားယူခဲ့သည့် အချိန်အထိ စစ်တပ် နှင့် အစိုးရမှ သူ့အား အကာအကွယ် ပေးခဲ့ကြသည်။ ဘိုလီဗီယား၏ အကြီးဆုံး မြို့ကြီး ဖြစ်သည့် ဆန်တာ 

ကရုစ် ဒီ လာ ဆီရာယားတွင် နေထိုင်ခဲ့သည်။ မြို့ကြီး အတွင်း ရှုပ်‌ ထွေးလှစွာ တည်ရှိနေသည့် လမ်း ကြိုလမ်းကြားများ အတွင်း တအိမ်ပြီး တအိမ် ပြောင်းရွှေ့နေလာခဲ့ပြီး သူ၏ လိပ်စာကိုလည်း သက်ကြီး ပင်စင်အတွက် ဖေါင်ဖြည့်မှသာ ဖေါ်ပြခဲ့သည်။

 

 

တခါတရံတွင် သူ၏ အမည်ကိုလည်း "ပီဒရို ဆာလာဇာ" ဟု ပြောခဲ့သည်။ ၂၀၁၄ ခုနှစ်တွင်တော့ စပိန်ရှိ အယ် မွန်ဒို သတင်းစာတိုက်ကြီးမှ သတင်းထောက် နှစ်ဦးက သူ့အား ခြေရာခံနိုင်ခဲ့ကြသည်။

 

 

ထိုသတင်းထောက်များကိုလည်း သူပြောနေကျ အတိုင်း သူသည်  "ချီ" ကို သတ်ခဲ့သူ မဟုတ်ကြောင်း၊ Paris March စာစောင်ထဲက ပုံသည် သူဖြစ်သော်လည်း ဖေါ်ပြပါ ပုံတွင် ပါသည့် "ချီ'" အလောင်းထိပ်တွင် ရပ်နေသော အရာရှိ နှင့် လူချင်း လွန်စွာ ဆင်နေခြင်းသာ ဖြစ်သည်ဟု ငြင်းချက်ထုတ်ခဲ့သည်။

 

 

အထက်အရာရှိ များကို ချီ အား သတ်ခဲ့မှုနှင့် ပတ်သက်သည့် လျို့ဝှက် အစီရင်ခံစာ အရှည်ကြီးတစောင် ရေးခဲ့သည့် လူနှင့်လည်း နာမည်ချင်း တူနေခြင်းသာ ဖြစ်သည်ဟု ဆိုပြန်သည်။ ထိုသူသည် ချီ ၏ အသည်းစွဲ ဆေးတံကို စီအိုင်အေ အရာရှိ ထံမှ ရသွားခဲ့သည်ဟုလည်း ပြောခဲ့သည်။

 

 

ဘိုလီဗီယား စစ်တပ်တွင် မာရီယို တီရန် အမည် နှင့် လူနှစ်ဦးသာ ရှိပြီး မျိုးရိုး အမည်လည်း ကွဲနေသည်။ တဦးသည် မာရီယို တီရန် အော်တူနို ဖြစ်ပြီး ကျန်တဦးသည် မာရီယို တီရန် ရီကေး ဖြစ်သည်။ သူသည် ထိုနှစ်ဦးထဲမှ တဦးသာ ဖြစ်ပေမည်။

 

 

ကျောင်းခန်းထဲ ဝင်လာသည့် အချိန်တွင်တော့ ချီ သည် ခုံတန်းရှည် တခု ပေါ်တွင် ထိုင်နေသည်။ "မောင်ရင်က ကျုပ်ကို သတ်ရအောင် ရောက်လာတာလား" ဟု ချီ က မေးလိုက်သည်။ သူသည် ချီ အမေးကို မဖြေပဲ ခေါင်းကို ငုံ့ထားလိုက်သည်။

 

 

သေနတ်မောင်းကို ဆွဲရန် လက်က အလိုလို တုန့်နှေးလာနေသည်။ ချီ ၏ အရှိန်အဝါသည် ကြီးမားလွန်းလှသည်။ ချီ ၏ မျက်လုံးများသည် သေမင်းနှင့် ရင်ဆိုင်နေရချိန်တွင် ပင် စူးရှ တောက်ပြောင်နေသည်။ ချီ ၏ ခန္ဓာကိုယ်ကြီးသည်လည်း သူ့မျက်စိ ထဲတွင် တဖြေးဖြေး ကြီးထွားလာသလို ထင်မိသည်၊ သူ၏ လက်တဖက် ဖြင့် လှမ်းပုတ်လိုက်လျှင်ပင် သူ့လက်ထဲက M2 သေနတ်သည် လွင့်ထွက်ကောင်း လွင့်ထွက်သွားနိုင်သည်။

 

 

သူ့တကိုယ်လုံးလည်း ချွေးများ နှင့် ရွှဲနစ်နေပြီး ခေါင်းကလည်း မူးနောက်နောက် ဖြစ်လာ၍ တဲထဲ မှ ပြေးထွက်လာခဲ့သည်။ (နောက်ပိုင်းတွင် ချီ အား စောင့်ကြပ်နေသည့် ကင်းသမားများက ထိုသို့ ‌ပြန် လှည့် ပြေးလာသည်ကို တကြိမ်မက မြင်ခဲ့ရသည်ဟု ပြောပြခဲ့သည်။)

 

 

နောက်ဆုံးတွင် ချီ က ပဲ "ကဲ...မောင်ရင် လူတယောက်ကို သတ်ရတော့မှာ ဆိုတော့ စိတ်ကို အေးအေးထားပြီး တည့်အောင်ချိန်" ဟု ပြောလာခဲ့ရသည်။ 

 

 

သို့သော် သူ့အနေနှင့် သေလောက်သည့် နေရာကို တည့်အောင် ချိန်ပစ်၍ မဖြစ်၊ သူ့အား တိုက်ပွဲတွင် ရလာသည့် ဒဏ်ရာများနှင့် သေသွားခဲ့ပြီဟု ပြောနိုင်ရန် ‌လုပ်ရမည်ဟု တိကျစွာ ညွန်ကြားထားခဲ့ပြီး ဖြစ်၍ ခြေထောက်ရှိရာကို ပစ်ထဲ့လိုက်သည်၊ ချီ သည် ထိုင်နေရာမှ ‌ကြမ်းပြင် ပေါ် ပြုတ်ကျသွားပြီး သွေးများလည်း အိုင်ထွန်းသွားခဲ့သည်။ ဒုတိယ ကျည်က ချီ ၏ လက်မောင်း၊ ပုခုံး နှင့် နောက်ဆုံးတွင် မှ ရင်ဘတ်ကို ထုတ်ချင်းပေါက် ထိမှန်အောင် ပစ်ထဲ့လိုက်သည်။ ချီ၏ ကိုယ်ခန္ဓာကြီး ငြိမ်သက်သွားသည်အထိ စောင့်ကြည့်ပြီးမှ သူလည်း တဲထဲမှ လှည့်ထွက်လာခဲ့ပေတော့သည်။

 

 

 

ချီ သေဆုံးသွားခဲ့သည့် လာ ဟစ်ဂီယာ ရွာလေးတွင် ပျောက်ကြား သူရဲကောင်းဟု ကဗ္ဗည်းထိုးကာ ရုပ်ထုကြီး တည်ဆောက်ထားပြီး ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်သည့် နေရာ ဖြစ်လာခဲ့သည်။ (ပုံတွင်ရှု့)

 

 

အသက် ၈၀ ရှိသော တပ်ကြပ်ကြီး မာရီယို တီရန် သည် ၂၀၂၂ မတ်လ ၁၀ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

 

 

(ရည်ညွန်း - "Mario Teran was the man sent to kill Che Guevara" from the Economist, April 9th 2002)