ပြည်သူတို့၏ နှလုံးရည် ထိုးစစ် စပြီ

by Hla Soewai - Apr 14 2022

ယနေ့သည်ကား စစ်ကောင်စီ၏ ဝါဒဖြန့် "အပျော်သင်္ကြန်" အား ပြည်သူတရပ်လုံး၏ "တော်လှန် သင်္ကြန်” ဖြင့် တန်ပြန် ထိုးစစ်ဆင်မည့် တိုက်ပွဲကြီး စတင်ပြီ ဖြစ်သည်။

 

ထိုတိုက်ပွဲသည် မိမိတို့ အသက်ကို စတေးကာ လက်နက်ကိုင် တွန်းလှန်နေကြသော လူငယ်များ အတွက် စိတ်ဓါတ် မိုးထိအောင် မြင့်တက်သွားစေနိုင်‌ပြီး တော်လှန်ရေး အောင်မြင်ရန် လွန်စွာ အရေးပါသော ကာလကြီး ဖြစ်လာနေသည်။

 

ထို့အတွက်လည်း အဖွဲ့အစည်း အားလုံးက ပြည်သူများကို ပေါ့ပေါ့တန်တန် သဘောမထားကြဘဲ ဝိုင်းဝန်း ဒဏ်ခတ်ကြရန် တစာစာ တိုက်တွန်းနေကြခြင်းလည်း ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့အနေနှင့် ပြည်သူများသည် ၎င်းတို့ အုပ်ချုပ်မှု အောက်တွင် ငြိမ်ဝပ် ပိပြား ပျော်ရွှင်စွာ နှစ်သစ်ကူး သင်္ကြန်အား ဝါဒဖြန့် ကိရိယာ ကြီး အဖြစ် အသုံးချရန် ကြံစည်နေသည်။ မင်းအောင်လှိုင် ကိုယ်တိုင်က စည်စည်ကားကား ဖြစ်အောင် လုပ်ရမည်ဟု ညွှန်ကြားထားပြီး ဖြစ်‌၍ မနေ့ညတွင် လင်မယား နှစ်‌ယောက်မှာ တညလုံး အိပ်ပျော်နိုင်စရာ အကြောင်းမရှိပေ။

 

ဤအကြောင်းကို ကောင်းစွာ ရိပ်စားမိနေပြီး ဖြစ်သော ပြည်သူများကလည်း မိမိတို့ အပေါ် စိတ်ရော ကိုယ်ပါ ဆင်းရဲအောင် ၁၅ လ လုံးလုံး စွမ်းဆောင်နိုင်ခဲ့ကြသူများကို အိမ်ထဲက အိမ်ပြင် မထွက်ဘဲ လက်စားချေနိုင်ခွင့် ရပြီ ဆိုကာ ကျေနပ် အားရ နေကြပြီ ဖြစ်သည်။

 

ပထမ နှစ်ရက်တွင် တော်လှန်ရေး အတွင်း ကျဆုံးသွားသူများ၊ အကျဉ်းကျ ခံနေရသူများ နှင့် အကြောင်းမဲ့ အသတ်ခံရသူများ အတွက် ကုသိုလ် ကောင်းမှု အလှူဒါန များ ပြုလုပ်မည် ဖြစ်သည်။

 

‌ကျန် နှစ်ရက် တွင် ပုံပါ အဖွားအိုကဲ့သို့ အိုးအိမ် များ ဖျက်စီး မီးရှို့ လုယက်ခံရ သဖြင့် တောတောင် များထဲတွင် ခိုအောင်းနေထိုင် နေကြရသော တိုင်းရင်းသား ပြည်သူများ အတွက် အထောက်အပံ့ ရရာ ရကြောင်း အလှူဒါန များ ထည့်ဝင်လှူဒါန်းကြမည် ဖြစ်သည်ဟု သိရသည်။

 

နှစ်သစ်ကူးမည့်နေ့ ဧပြီ ၁၇ ရက်နေ့တွင်လည်း "ဖက်ဒရယ် ဒီမိုကရေစီ နှစ်သစ်ကူးမည့်နေ့" အထိမ်း အမှတ် အဖြစ် သံပုံးများတီးကာ မကောင်းဆိုးဝါးများကို မောင်းနှင် ထုတ်ရန် စီစဉ်ထားကြသည်ဟု သိရသည်။

 

စစ်ကောင်စီ တပ်များကလည်း လုံခြုံရေး ကို တင်းကျပ်စွာ ချထားပြီး ကျီးကန်းတောင်းမှောက် မျက် ခြေမပြတ် စောင့်ကြည့်နေပြီး အနည်းငယ်မျှ သင်္ကာ မကင်း ဖြစ်ရုံ နှင့် သေနတ်မောင်းကို ဆွဲဖို့ ဝန်လေးကြမည် မဟုတ်ပေ။

 

၎င်းတို့အဖို့က တာဝန်ယူထားသော နယ်မြေအတွင်း စည်ကား သိုက်မြိုက် အောင်မြင်စွာ ကျင်းပ နိုင် မှသာ ခေါင်းဆောင်ကြီး မင်းအောင်လှိုင်၏ ကျောသပ်ရင်သပ် ခံရဖို့ ရှိနေသည် မဟုတ်လော။

 

အကြမ်းဖက် စစ်တပ်သည် ကြွက်မနိုင် ကျီ မီးနှင့် ရှို့ ဆိုသကဲ့သို့ မကွေး၊ မန္တလေး နှင့် စစ်ကိုင်းတိုင်း ဒေသကြီးများတွင် ကျေးရွာများကို ဆက်တိုက်ဆိုသလို အကြောင်းမဲ့ မီးရှို့ ကာ အကြောက်တရားများ ကိန်းအောင်းလာအောင် terror campaign အား ရက်စက်စွာ ဆင်နွဲလျှက် ရှိနေသော်လည်း ပြည်သူ များကမူ "ရွာကိုပဲ မီးရှို့လို့ ရမယ်၊ ငါတို့စိတ်ဓါတ် နဲ့ ငါတို့ မြေကို မီးရှို့လို့ မရဘူး" ဟု ကြွေးကြော် သံများဖြင့် ရဲရဲတောက် ဆန့်ကျင် အာခံလျှက် ရှိနေပေသည်။

 

နိုင်ငံရေး အကျ‌ဉ်းသားများ အကူအညီ ပေးရေး အဖွဲ့က စစ်တပ်၏ မတရား အာဏာရယူခဲ့မှု ကို ဆန့်ကျင် ကန့်ကွက်ရင်း အသက်ပေးသွားသူ ၁,၇၀၀ ကျော် ရှိနေပြီး အကျဉ်းကျ ခံနေရသူ ၁၃,၂၀၁ ဦး ရှိနေပြီ ဟု ပြည်သူများကို အသိပေး ထုတ်ပြန် လာခဲ့ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

ဓါတ်ပုံ - မြန်မာ နောင်း