ပြည်သူတို့၏ အောင်ပွဲဖြင့် အသက်မဲ့စွာ ပြီးဆုံးသွားသော သင်္ကြန်

by Hla Soewai - Apr 18 2022

ပြည်သူတို့သည် မိမိတို့အား အုပ်ချုပ်နေသည့် အကြမ်းဖက် စစ်တပ်သည် တရားဝင်မှု မရှိ၊ မိမိတို့မှ မလိုလား၊ ထိုသူများကို အသက်စွန့်၍ တော်လှန်နေသူများ နှင့် မိမိတို့ တသွေးတည်း တသားတည်း ရှိသည်ဟု သမိုင်းတွင်မည့် ကြွေးကြော်သံကြီး ကို ကမ္ဘာသိ ဟစ်ကြွေးလိုက်ပြီ ဖြစ်သည်။

 

ဤသည်ကား အလွယ်တကူ ဆုံးဖြတ်၍ရကောင်းသည့် အရာမဟုတ်၊ မြန်မာတို့သည် တနှစ်မှ တခါသာ ကြုံရသည့် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲကြီးကို စွန့်လွှတ်ခဲ့ကြရသည်။ ပြည်သူတို့၏ ညီညွတ်မှု အင်အားသည် သမိုင်း အဆက်ဆက် မှတ်တမ်းတင် ကျန်ရစ်တော့မည့် ဂုဏ်ယူစရာ ဖြစ်ရပ်ကြီးလည်း ဖြစ်သည်။

 

အာဏာရလျှင် လုပ်ချင်တာ လုပ်၍ ရသည်ဟု စည်းစိမ်ယစ်မူးကာ ပြည်သူများကို လူ ဟု ပင် သ‌ဘောမထားတော့ပဲ ရက်စက်စွာ ပြုကျင့်ခဲ့ကြသည့် လုပ်ရပ်များကို မည်သူက မေ့နိုင်အံ့ပေမည်နည်း။

 

ယခင်က ယမ်းမှုန့်ကို ထောင်း၍ သေနတ်ပြောင်းထဲ ထည့်ကာ ပစ်ခတ်ရသည့် တူမီး သေနတ်ဖြင့် စတင်ခဲ့သော တော်လှန်ရေး သည် တနှစ်အတွင်းမှာပင် အမြို့မြို့ အနယ်နယ် တွင် ပျောက်ကြား တပ်ဖွဲ့များကို ညီညွတ်စွာ လျို့ဝှက် ဖွဲ့စည်းနိုင်ခဲ့ကြပြီး အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်လာနေကြသည်မှာ အတော် ခရီးပေါက်လာနေပြီ ဖြစ်သည်။ လက်နက်အင်အား ကောင်းလာသည်နှင့် အမျှ ထိုးစစ်များ ဆင်နွှဲနိုင်တော့မည်လည်း ဖြစ်သည်။

 

ယခုအခါ စစ်တပ်သည် မြို့များနှင့် လမ်းများကိုသာ ထိန်းချုပ်ထားနိုင်တော့ပြီး ကျေးလက်ဒေသများကို ပြည့်သူကာကွယ်‌ရေး တပ်ဖွဲ့များ နှင့် တိုင်းရင်းသား မဟာမိတ် လက်နက်ကိုင် အဖွဲ့များက လက်အောက်ရောက်ရှိနေပြီ ဖြစ်၍ မကြာမီ လွတ်မြောက်နယ်မြေများကို တည်ထောင်နိုင်တော့မည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ၏ ယာယီ သမ္မတကြီး ဒူးဝါ လရှီးလ က နိုင်ငံတော် အခြေပြု မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားလာခဲ့သည်။

 

ငြိမ်းချမ်း ပျော်ရွှင်စွာ နေထိုင်တတ်ပြီး တဖက်သားကို ကူညီပေးလိုစိတ် ရှိကြသည်ဟု ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားခဲ့သည့် မြန်မာ တို့သည် ရရာလက်နက် စွဲကိုင်ကာ အဘယ်ကြောင့် တိုက်ခိုက်ခဲ့ကြသနည်း ဆိုသည်က ဖေါ်ပြပါ ပုံ က အဖြေပေးနေပြီ ဖြစ်သည်။

 

Image Credit – Original Uploader