D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၆၈)

by Hla Soewai - Apr 20 2022

နျုမန် စိတ်ထဲတွင် ပထမတော့ မျက်စိများ အကြည့်မှားလေသလား ဟု ဇဝေဇဝါ ဖြစ်နေသည်၊ သို့သော် သင်္ဘောသည် ချက်ခြင်းလို လှိုင်းအောက် မြုပ်သွားပြန်သဖြင့် ခဏလေးသာ မြင်လိုက်ရသည်။ 

 

လှိုင်းလုံးများ၏ ထိပ်သို့ ပြန်ရောက်လာချိန်တွင်လည်း မိုး‌ရေများ ပြတင်းမှန်ကို ဖုံးလွှမ်းနေပြန်သဖြင့် ရှေ့တူရှုကို မမြင်ရတော့ပြန်။

 

နောက်တကြိမ် လှိုင်းအောက် မြုပ်သွားပြီး ပြန်ပေါ်လာချိန်တွင်တော့ သူ့ မျက်စိ အကြည့်မှားခြင်း မဟုတ်ဆိုသည်ကို ကောင်းစွာ သိရှိလိုက်ပြီ ဖြစ်သည်။ သူ့အနေဖြင့် မည်သို့မျှ မှားနိုင်စရာ မရှိသည့် ဂျာမန် ယူဘုတ် ကြီးကို ဟော့ နျုမန် တ‌ယောက် ထင်ထင်ရှားရှားကြီးကို တွေ့မြင်လိုက်ရပြီ ဖြစ်သည်။ 

 

***************

 

ရီဘက်ကာ ၏ ‌ဦးမော့နေသော သင်္ဘောပဲ့ပိုင်းဖက်တွင် ရှိနေသည့် ပီတာ ဂျော်ဒန် သည် ယူဘုတ်ကို ပထမဦးဆုံး မြင်လိုက်ရသူ ဖြစ်သည်။ သူ့နောက် စက္ကန့် အနည်းငယ် ကြာမှ လော့ဝုဒ်လည်း တွေ့သွားသည်။ တဆက်တည်းလိုလိုပင် ယူဘုတ်၏ ညာဖက် ကိုက် လေးရာ အကွာလောက်တွင် မီးတလက်လက် ဖြင့် အလျင်အမြန် ချည်းကပ်‌လာနေ‌သော ကမ်မီလာ ကို ပါ မြင်သွားခဲ့သည်။

 

လော့ဝုဒ်သည် ချက်ခြင်းလိုပင် ရီဘက်ကာ အား ဘယ်ဖက်သို့ အားကုန် ကွေ့ချလိုက်ပြီး ကမ်မီလာ ဦးတည်လာနေသည့် လမ်းကြောင်းသို့ တည့်တည့် ကြီး ဝင်လိုက်သည်။ စကားပြောခွက်ကို ကောက်ကိုင်ပြီး အယ်ဖရက် ဗီကာရီအား သတင်းပို့လိုက်ပြန်သည်။

 

ဗီကာရီသည် သတင်းရလျင် ရခြင်း ရေငုပ်သင်္ဘော စောင့်ကြည့် ခြေရာခံသည့် စခန်းသို့ တိုက်ရိုက်လိုင်းမှ တဆင့် ဖုန်းခေါ်လိုက်သည်။

 

"ကွန်မန်ဒါ ဘရိတ်ဝိတ်...အကြောင်းပြန်ပါ"

 

"ကွန်မန်ဒါ ဘရိတ်ဝိတ်ပါ၊ ကျွန်တော် ရှိနေပါတယ်၊ ကျွန်တော် ခင်ဗျားတို့ ပြောနေတာတွေ လိုင်းပေါ်ကနေ အကုန် ကြားနေပါတယ်""

 

အဲ့ဒီတော့.."

 

"ပြောရရင်တော့ ကျွန်တော် တို့ ဖက်မှာလည်း ပြဿနာ ရှိနေတယ်ဗျ၊ ကော်ဗက် ၇၄၅ က အခု ယူဘုတ် ရှိတဲ့နေရာ ရဲ့ တောင်ဖက် တမိုင်လောက် အကွာမှာပဲ ရှိနေသေးတယ်၊ အခုပဲ ကက်ပတိန်ကို ရေဒီယို နဲ့ အကြောင်းကြားလိုက်လို့ အမြန်သွားနေပြီ၊ ကမ်မီလာက ခင်ဗျားတို့ ခန့်မှန်းသလို ယူဘုတ် နဲ့ ကိုက်လေးရာ လောက်ပဲ ကွာတော့တယ်ဆိုတာ မှန်ရင်တော့ သူက အရင် ရောက်သွားဖို့ များနေတယ်"

 

"ဒမ်းမစ်"

 

"စိတ်မပျက်ပါနဲ့လေ၊ ခင်ဗျားမှာ ရီဘက်ကာ ကို ကောင်းကောင်း အသုံးချလို့ ရပါသေးတယ်၊ ခင်ဗျား လူ‌ တွေကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ သုံးပါလို့ ပြောပါ၊ ကော်ဗက် ရောက်မလာခင်အထိ သူတို့ သင်္ဘောကို နှေး သွားအောင်တော့ အနည်းဆုံး လုပ်နိုင်သေးတယ်"

 

ဗီကာရီ သည် ဖုန်း ချပြီး ရေဒီယို စကားပြောခွက်ကို ကောက်ယူလိုက်သည်။ 

 

"ရဲမှုးကြီး လော့ဝု‌ဒ်၊ ဂရင်းစ်ဘီး က ခေါ်နေတယ်၊ ကြားလား"

 

"လော့ဝုဒ် ပြောနေတယ်၊ အိုဗာ"

 

"ရဲမှူးကြီး သေချာ နားထောင်ပါ၊ ခင်ဗျားတို့ကို ကူဖို့ လာနေကြပြီ၊ သူတို့ ရောက်မလာခင် အဲ့ဒီ ငါးဖမ်း သင်္ဘောကို ဝင်သာ တိုက်ပစ်လိုက်ဗျာ"

 

********************

 

ဗီကာရီ ပြောလိုက်သည်ကို ရီဘက်ကာ ပေါ်ရှိ လော့ဝုဒ်၊ ဟာရီ၊ ရို့ခ်ျ နှင့် ဂျော်ဒန် တို့ အားလုံး ကြားလိုက်ကြသည်၊ သူတို့အားလုံး မိုးလုံလေလုံ ရှိသည့် စကားပြောစက် အနားတွင် စုပြုံထိုင်နေကြသော ကြောင့်လည်း ဖြစ်သည်။ 

 

လော့ဝုဒ်သည် မိုးသံလေသံ၊ စက်သံတွေကြားမှ အသံကုန် အော်ပြီး "ခင်ဗျားတို့ လူ စိတ်မှ ကောင်းသေးရဲ့လား" ဟု ပြောလိုက်သည်။

 

"မဟုတ်ဘူး၊ အခြေအနေ အရ မဖြစ်မနေ လုပ်ကို လုပ်ရတော့မယ်၊ ကဲ...ခင်ဗျား အဲ့ဒီကို အချိန်မီအောင် သွားနိုင်တယ် မဟုတ်လား"

 

"သိတ်ကို ရတာပေါ့ဗျာ၊ ဒါပေမယ့် ယူဘုတ် က စက်သေနတ် ‌တွေ ကျွန်တော်တို့ကို ချိန်ထားမယ် ဆိုတာ မမေ့နဲ့"

 

သူတို့ အားလုံး ဘာစကားမှ မပြောနိုင်ကြတော့ပဲ တယောက်မျက်နှာ တယောက် ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင်တော့ လော့ဝုဒ်ကပဲ "ခင်ဗျားတို့ နောက်က မတ်တပ်ရပ် ဘီဒို‌ တွေထဲမှာ အသက်ကယ် အင်္ကျီ တွေ ရှိတယ်၊ ရိုင်ဖယ်တွေကိုပါ တခါတည်း ထုတ်ထားကြဗျာ၊ ကျွန်တော်တို့ သုံးရတော့မယ်လို့ စိတ်ထဲမှာ ထင်နေပြီ"

 

လော့ဝုဒ်သည် ပင်လယ်ပြင်ဖက်သို့ လှမ်းကြည့်လိုက်ပြန်ပြီး ကမ်မီလာ ရှိမည့်နေရာကို ကြည့်ရင်းက သွားနေသည့် လမ်းကြောင်းကို အနည်းငယ် ထိန်းညှိလိုက်ရင်း စက်ကုန်ဖွင့်ကာ မောင်းထွက်လာခဲ့သည်။

 

*****************

 

ယူဘုတ် ၅၀၉ ၏ ကွပ်ကဲရေး မျှော်စင် တွင် ရပ်နေရင်းက မက်စ် ဟော့ဖ်မင်းသည် သူတို့ရှိရာဖက်သို့ တဟုန်ထိုး မောင်းလာနေသည့် ရီဘက်ကာ ကို တွေ့သွားသည်။ 

 

"နံပတ်ဝမ်း..ကျွန်တော်တို့မှာ အဖေါ်ရှိလာနေပြီ၊ အရပ်သား သုံး ရေယာဉ် အမျိုးအစားပဲဗျ၊ သင်္ဘောပေါ်မှာ လူ သုံးလေးယောက်လောက် ပါလာတာ တွေ့တယ်"

 

"မြင်တယ် ဟား ကက်ပတိန်"

 

"သူတို့လာနေတဲ့ အမြန်နှုန်း နဲ့ လားရာ ကို ကြည့်ရတာ ရန်သူ‌ ‌တွေ ဖက်ကပဲ ဖြစ်မယ်"

 

"ကြည့်ရတာတော့ လက်နက် တစုံတရာ ပါလာပုံ မရဘူး ဟား ကက်ပတိန်"

 

"မှန်တယ်၊ ဒီတော့ ကျွန်တော်တို့ဖက်က သတိပေးတဲ့ အနေနဲ့ ဦးပိုင်းကို ကျော်ပြီး တချက်ပစ်ထဲ့လိုက်ဗျာ၊ မလိုအပ်ပဲ သွေးထွက်သံယို ဖြစ်တာမျိုး ကျွန်တော် မလိုလားဘူး၊ အဲ့လို ပစ်လို့မှ ဆက်လာနေဦးမယ် ဆိုရင်တော့ သင်္ဘောတည့်တည့်ကိုသာ ချိန်ပစ်ပေတော့၊ ကေဘင်ကို မပစ်နဲ့နော်၊ သင်္ဘော ဝမ်းဗိုက် ရေမှတ်ကိုသာ ပစ်ရမှာနော် နံပတ်ဝမ်း"

 

"ဟုတ်...ဟား ကက်ပတိန်" ဟု ဆိုကာ အလေးပြုပြီး လှည့်ထွက်သွားသည်၊ မကြာခင်မှာပင် သူ့ထံမှ  အော်ဟစ် အမိန့်ပေးသံများ ကြားလာရသည်၊ ထို့နောက် စက္ကန့် သုံးဆယ် လောက် အကြာတွင်တော့ ယူဘုတ် ၅၀၉ ထိပ်ဖျား စင်မြင့်ရှိ လက်နက်ကြီး ကျည်သည် ရီဘက်ကာ၏ သင်္ဘောဦးကို စက်ဝိုင်းကွေး သဏ္ဍန် ကျော်ဖြတ် သွားသည်။

 

***************

 

ယူဘုတ်သည် ထိုသို့ ရေပြင်ပေါ်တက်၍ ပစ်ရ ခဲသော်လည်း ၁၀၅ မမ ကျည်သည် ရီဘက်ကာ ကဲ့သို့ မော်တော်ဘုတ်လေးကို မဆိုထားဘိ သင်္ဘောကြီးများကိုပင် ပျက်စီးသွားအောင်အထိ ထိရောက်မှု ရှိသည်။ ပထမဆုံး ပစ်လိုက်သော ကျည်သည် သင်္ဘောဦးပိုင်းကို ကျော်ပြီး တဖက်သို့ ကျသွားသော်လည်း ဆယ်စက္ကန့် အကြာတွင် ထပ်ပစ်လိုက်သော ကျည်သည် ပို၍ နီးကပ်လာခဲ့သည်။

 

လော့ဝု‌ဒ်သည် ဟာရီ ဖက် လှည့်ကာ "ဒီအတိုင်းဆို အခု ပစ်လိုက်တာ နောက်ဆုံး အကြိမ် ဝမ်နင်ပေးတာပဲ ဖြစ်မယ်၊ နောက်တခါ ဆိုရင်တော့ ကျုပ်တို့ သင်္ဘော ဝမ်းဗိုက် ကွဲထွက်သွားဖို့ပဲ ရှိတယ်၊ ခင်ဗျား အဆုံးအဖြတ် ပေးရတော့မယ့် အချိန်ရောက်ပြီ၊ ကျုပ်တို့ အားလုံး မသာပေါ်သွားရင် ဘာမှ လုပ်ပေးနိုင်တော့မှာ မဟုတ်ဘူး"

 

ဟာရီက "ပြန်လှည့်" ဟု အော်လိုက်သည်။

 

လော့ဝုဒ်လည်း ရီဘက်ကာအား ဝဲဖက်သို့ တအားကုန် ကွေ့ချပြီး၊ တပတ်ပြန်လှည့်လိုက်သည်၊ ဟာရီသည် ယူဘုတ် ရှိရာသို့ လှည့်ကြည့်လိုက်သည်။ ကမ်မီလာသည် ယူဘုတ် နှင့် ကိုက် နှစ်ရာခန့်သာ လိုတော့သည်။ သူတို့ဖက်က ဘာမှ မတတ်နိုင် ဖြစ်နေသည်၊ ဗီကာရီ ပြောသည့် သောက် ကော်ဗက် ဘယ်ရောက်နေပြီလဲဟု ဟာရီက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

 

ချက်ခြင်းပင် ရေဒီယို စကားပြောခွက် ကို ကောက်ကိုင်ပြီး သူတို့ အနေနှင့် ဘာမှ မတတ်နိုင်တော့ကြောင်း ဗီကာရီ အား အသိပေးလိုက်တော့သည်။

 

*****************

 

ဂျင်နီသည် ယူဘုတ် ထိပ်မျှော်စင်မှ ပစ်လိုက်သော အမြှောက်သံကို ကြားလိုက်သည်။ အမြှောက်ကျည်သည် ရေပြင်ပေါ် လျပ်တိုက် ပြေးကာ ဒုတိယ သင်္ဘောရှိရာသို့ ဦးတည်သွားနေသည်ကို လည်း တွေ့လိုက်သည်။ ထိုအခါကျမှ သူမ တယောက်တည်း မဟုတ်ဟု ဆိုသော အတွေးများဖြင့် ဘုရားတလိုက်မိတော့သည်။ သို့သော် သူမ၏ အပျော်များ ကြာကြာမခံ၊ စက္ကန့် အနည်းငယ် အတွင်းမှာပင် သင်္ဘောလေးသည် နောက်ပြန်လှည့်သွားသည်ကို တွေ့လိုက်ရ၍ စိတ်ဓါတ်များ ကျဆင်းသွားခဲ့ရပြန်သည်။

 

သို့သော် ချက်ခြင်းလို သူမ၏ စိတ်များကို ပြန်တင်းပစ်လိုက်သည်၊ ဒီလူတွေက ဂျာမန် သူလျိုတွေ၊ ငါ့အဖေ နဲ့ နောက်ထပ် လူခြောက်ယောက်ကို ဒီတညတည်းမှာတင် သတ်ခဲ့ကြပြီးပြီ၊ သူတို့ အခု လွတ်ရာ ‌ကျွတ်ရာ ကို ပြေးကြတော့မယ်၊ ငါ တခုခု လုပ်မှ ဖြစ်တော့မယ်ဟု တွေးလိုက်သည်။

 

သူမ တယောက်တည်း ဘာလုပ်၍ ရနိုင်ဦးမည်နည်း။လက်နှင့် ခြေထောက်များကိုလည်း ကြိုးတုပ်ခံထားရသည်။ ကြိုးတွေကို ရအောင် ဖြည်ပြီး အပေါ်ထပ်သို့ တက်သွားပြီး သူတို့ကို တခုခု နှင့် ရိုက်ပစ်မည်ဟု တွေးလိုက်ပြန်သည်။ သူမ ကို မြင်သွားလျှင် လက်နှေးနေကြမည်မဟုတ်၊ ပစ်သတ်လိုက်ကြမည်သာ ဖြစ်သည်။ ဒါမှမဟုတ် သင်္ဘောကို မီးရှို့ပစ်ရ ကောင်းလေမလား၊ မီးရှို့ကလည်း သူမ အဖို့ မီးခိုးလုံးများ၊ မီးတောက်များ အကြား ပိတ်မိနေပြီး သူမတဦးတည်း သေဖို့သာ ရှိသည်။

 

"စဉ်းစားစမ်း ဂျင်နီ၊ စဉ်းစား"

 

စက်သံများက တချိန်လုံး ဆူညံနေ၍ ခေါင်းအေးအေးထား စဉ်းစားဖို့ ခက်နေရပြန်သည်။ သူမ လည်း ခေါင်းများ ထူပူလာပြီး ရူးမတတ် ဖြစ်လာသည်။

 

ထို့နောက် အကြံတခု ရလာသည်။ ဒါပဲ လုပ်မှ ဖြစ်မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။