မင်းအောင်လှိုင် ပါးစပ်မှ ငြိမ်းချမ်းရေး ဧယင်ကျူးရင့်

by Hla Soewai - Apr 21 2022

ယခုနှစ်သည် လွတ်လပ်ရေး ရရှိသည့် စိန်ရတု နှစ်ပတ်လည် အကြိုနှစ် ဖြစ်၍ "ငြိမ်းချမ်းမည့် နှစ်" ဟု သူ၏ နှစ်သစ်ကူး အထိမ်းအမှတ် အဖြစ် နေပြည်တော် တွင် ပြောဆိုသွားခဲ့သည်။

 

လွတ်လပ်ရေး၏ အသီးအပွင့် များ၊ ဒီမိုကရေစီ အနှစ်သာရများ ခံစားနိုင်ရန် ကြိုးပမ်းကြရမည်ဟု ဆိုသည်။ ၎င်း တို့မှလည်း တနိုင်ငံလုံး ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှု ရရှိအောင် ပြုလုပ်ပေးမည်ဟု ဆိုပြန်သည်။

 

ပြီးခဲ့သည့် သင်္ကြန်သည် ၎င်း၏ ကြိုးပမ်းမှုဖြင့် လမ်းမများပေါ်တွင် လူသူကင်းရှင်းကာ ငြိမ်းချမ်းနေပြီး လူထုကလည်း သင်္ကြန်ရက်များကို တည်ငြိမ်စွာ ကျော်ဖြတ်ခဲ့ကြပြီး ဖြစ်သည်။ ထိုသို့သော ငြိမ်းချမ်း တည်ငြိမ်မှု ကို ဆိုလိုရင်း ဖြစ်ပုံရသည်။

 

ရန်ကုန် တွင်တော့ ၎င်းအုပ်ချုပ်ရေး၏ အသီးအပွင့်များကို စတင် ခံစားနေရသည့် လက္ခဏာ အဖြစ် ဓါတ်ဆီ တသောင်းဖိုး ဝယ်ယူနိုင်ခွင့်ရရန် စီတန်း စောင့်ဆိုင်းနေသည့် ကားတန်းရှည်ကြီးသည် နေရာအနှံ့တွင် ရုတ်ခြည်းဆိုသလို တွေ့လာရသည်။

 

စစ်ကောင်စီကမူ စက်သုံးစီများ ပြတ်လတ်မှူ ရှိနေသည် ဆိုသည်မှာ ကောလာဟလ ဖြစ်ကြောင်း၊ လှောင်ကန်ကြီးများထဲနှင့် ရန်ကုန် ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော သင်္ဘောကြီး နှစ်စီး အပြည့်ရှိကြောင်း ငြင်းဆိုလာသည်။

 

သို့သော် ဧပြီလ ၅ ရက်နေ့ ထုတ်ပြန်သော နိုင်ငံခြားငွေ အပေါ် အတင်းအကျပ် ကန့်သတ်လာသည့် ဥပဒေသည် ‌ရေနံ၊ ဓါတ်ငွေ့ နှင့် လက်နက်များ ဝယ်ယူရန် ဒေါ်လာကို စုဆောင်းနေရပြီ ဆိုသည် ကို အထင်အရှား တွေ့မြင်လာရ၍ လူထု အကြား အထိတ်တလန့် မဖြစ်ဘဲ မည်သူ ရှိအံ့ပေမည်နည်း။

 

အဆိုပါ ဥပဒေကြောင့် စက်သုံးဆီ ဖြန့်ဖြူးရေး ကုမွဏီများသည် ပြည်ပမှ စက်သုံးဆီများ ဝယ်ယူရန် ခက်ခဲလာ၍ ဆိပ်ကမ်းသို့ ရောက်လာသော ရေနံတင် သင်္ဘောကြီးများနှင့် အပေးအယူ မတည့် ကာ မဝယ်နိုင် ဖြစ်နေ၍ ဆိုက်ကပ်ထားရသည်မှာ တပတ်ရှိနေပြီ ဖြစ်သည်။

 

ဗဟိုဘဏ် မှ ရွှေဉာဏ်တော် စူးရောက်သူများသည်လည်း အထက်က အမိန့်အတိုင်း ကမျောသောပါး ဥပဒေ ဆိုကာ ထုတ်ပြန်ခဲ့ကြရ သော်လည်း အဓိက အရေး ဖြစ်သည့် သွင်းကုန်သမား များအတွက် ဒေါ်လာကို မည်ရွေ့မည်မျှအထိ ခွဲတမ်းချ၍ ရောင်းရမည်ကို ယခုတိုင် မသိဖြစ်နေကြရသည်။

 

ဇော်မင်းထွန်းကမူ ပို့ကုန်သမားများသည် သတ်မှတ်ထားသော နှုန်းဖြင့် ဒေါ်လာများ မဝယ်ချင်၍ ဖြစ်ရသည်ဟု ပြောလာသည်။ ဒေါ်လာများကို ဝယ်ယူရန် "အရည်အချင်း ပြည့်မှီသူများကို" ယနေ့မှ စ၍ ရောင်းချသွားမည်ဟု ဆိုသည်၊ ဒေါ်လာသည် ပြင်ပတွင် ၂,၀၃၀ ကျပ် ဖြစ်နေသော်လည်း ၎င်းတို့ ကမူ ၁,၈၅၀ သာ သတ်မှတ်ပေးထားသည်။ သို့သော် စက်သုံးစီများကို မူ ၎င်းတို့ သတ်မှတ်ထားသည့် ဈေးဖြစ်သည့် ဓါတ်ဆီ တလီတာလျှင် တဒေါ်လာလျှင် ၁,၉၇၅ ကျပ်၊ ဒီဇယ် တလီတာလျှင် ၂,၁၆၀ ကျပ် ဖြင့် ဝယ်ယူကြရမည် ဖြစ်သည်။

 

စစ်အုပ်ချုပ်ရေး သမားများသည် ပြောင်းလဲလာသော အခြေအနေများနှင့် လူထု၏ ခံယူထား ချက် များကို သိရှိနားလည် နိုင်စွမ်း မည်သည် အခါမျှ ရှိခဲ့စိတ်ဆန္ဒများကို သိသူများ မဟုတ်သဖြင့် အာဏာသိမ်းသည့် ကိစ္စကို လုပ်ရိုးလုပ်စဉ်မျှသာ ယူဆခဲ့ကြသည်။

 

၎င်းတို့အဖို့က လူထုအား ပဲ့ကိုင်ထိန်းကျောင်းသွားနိုင်သည့် ညဏ်ကြီးရှင်များဟု ခေတ်အဆက်ဆက် မြှောက်ပေးထားခဲ့သဖြင့် သွေးနားထင် ရောက်နေကြသူများ ဖြစ်နေပြန်သည်။

 

 ထိုသို့ အာဏာကို လက်နက်ပြ သိမ်းယူသွားခဲ့သည့် လုပ်ရပ်သည် ၎င်းတို့ သွေးခွဲ အုပ်ချုပ်သွားရန် ကြံစည်ခဲ့မှု အထမမြောက်သည့်အပြင် ပြည်သူများက တညီတညွတ်တည်း ဆန့်ကျင်တွန်းလှန်မှု နှင့် ရင်ဆိုင်ခဲ့ရသည်။

 

နောက်ထပ် ဗူးလေးရာ ဖရုံဆင့် ဖြစ်လာရသည်က အာဏာသိမ်း ခေါင်းဆောင်သည် အတွေးအခေါ် အယူအဆ နှလုံးရည် လုံးဝချို့တဲ့နေသည့်အပြင် ဘာမဆို လုပ်ရဲသည်ဟု ကြွေးကြော်ထားသည့် တစောက်ကန်းသမား ဖြစ်နေသည့် အရေးပင် ဖြစ်သည်။

 

ပြောသမျှ ဆိုသမျှသည်လည်း လက်တွေ့ ဖြစ်ရပ်များနှင့် ကင်းကွာနေသဖြင့် အ‌ခြေအနေ အမှန်ကို သိရှိ အကဲဖြတ် နိုင်စွမ်း မရှိ ဆိုသည်ကလည်း ထင်ရှားသည်ထက် ထင်ရှားလာနေသည်။

 

ဝါရှင်တန်တွင် ပြုလုပ်မည့် အမေရိကန်-အာဆီယဲ ထိပ်သီး အစည်းအဝေးကိုပင် အဆင့်မြင့် ပုဂ္ဂိုလ် တဦးဦးအား မဖိတ်က တက်ရောက်မည် မဟုတ်ဟုလည်း ပြောခွင့်ရသူက ဂယောင်ချောက်ခြား ပြောဆိုလာပြန်သည်။

 

ယခုအခါ လူထုအား အတင်းအကျပ် ငြိမ်ဝပ်ပိပြားအောင် လုပ်ရသည်ကတဖက်၊ စီးပွားရေးကို လည်း တိုးတက်အောင် လုပ်ဖို့ အသာထားဘိဦး၊ မည်သို့မည်ပုံ ယခင် အတိုင်း ပိုနေမြဲ ကျားနေမြဲ ထိန်းကျောင်းသွားရန်ကိုပင် သိနားလည်နိုင်စွမ်း မရှိသူများ ဖြစ်နေသည်မှာ လူထု အမြင်တွင် လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားလာနေရသည်။

 

နိုင်ငံ အနှံ့တွင် စစ်တပ်ဖက်မှ အကျအဆုံးများနေပြီး စစ်ရေး အခြေအနေ ယိမ်းယိုင်လာသည်နှင့် အမျှ တော်လှန်ရေး အင်အားစုများ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပို၍ ညီညွတ်မှု ရှိလာပြီး ယခုနှစ် အတွင်း အဆုံးသတ် တိုက်ပွဲ ဆင်နွှဲရန် ပြင်ဆင်လာနေကြသည်ကို တွေ့မြင်နေရသည်။

 

ယမန်နေ့က စက်သုံးဆီ များ ပြတ်လတ်သွားသည့် အရေးကို လတ်တ‌လော လက်ပူတိုက် ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်မည် ဖြစ်သော်လည်း ရှေ့လျောက် မရှုနိုင် မကယ်နိုင် ဖြစ်လာမည်ကား ကြိမ်းသေနေပေသည်။

 

မိမိတို့ လုပ်ရပ်သည် ဓမ္မလား အဓမ္မလားဟူ၍ပင် ခွဲခြားသိမြင်နိုင်စွမ်းမရှိ၊ လူလူချင်း စာနာထောက်ထားရမည်ဟူသော အခြေခံ အသိတရားပင် မရှိသူများ ပါးစပ်က အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်နေသူများဟု ပါးစပ်က မချ တတွတ်တွတ် ရေရွတ်နေခြင်းများကို လူထုကြီး တရပ်လုံးက ပို‌၍ပင် ရွံရှာ မုန်းတီးလာနေကြသည်။

 

ထို့အတွက် လက်ရှိ အနေအထားသည် ၎င်းတို့အဖို့ ရှေ့ဆက်သွားက ဂျောက်၊ နောက်တွင် သေမင်း ဆိုသလို စုပ်လဲစူး စားလည်းရူး ဖြစ်လာနေချေပြီ၊ အကယ်၍သာ တန်ခိုးရှင် တဦးဦးက ‌၎င်းတို့အား ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်ကို ပြန်ရောက်အောင် ပို့ဆောင်ပေးမည်ဟု ကမ်းလှမ်းလာမည် ဆိုက မင်းအောင်လှိုင် နှင့် မိသားစုကို ထားခဲ့ပြီး အကုန် ပြန်လိုက်သွားကြ‌ တော့ မည်သာ ဖြစ်သည်။

 

ပြည်သူများ အဖို့ ၎င်းတို့ ဘယ်လောက်ကြာကြာ ခံနိုင်ကြမလဲ ဟု စောင့်ကြည့်နေယုံ ဖြင့် မပြီးတော့ တချီလောက် ထပ်ပြီး ရုန်းထွက်ကြမည်ဆိုလျှင် အောင်မြင် နိုင်မည်ဟု ယူဆရပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!