"ကြောက်စရာ" မှ "ရွံရှာစရာ" အဖြစ်သို့

by Hla Soewai - Apr 23 2022

မင်းအောင်လှိုင်သည် ပိုနေမြဲ ကျားနေမြဲ ဟု ညံ့ဖျင်းစွာ တွက်ဆပြီး အာဏာသိမ်းခဲ့ရာမှ တိုင်းပြည်ကို တိုးတက် အောင် မည်သို့မျှ စွမ်းဆောင်နိုင်ခြင်း မရှိသည့်အပြင် စစ်တပ်ကို ယခင်က “ကြောက်စရာ” အဖြစ် ယူဆထား သည့် အဆင့်မှ ယခုအခါ “ရွံစရာ” အဖြစ် လူထုကြီး တရပ်လုံး ခံယူလာအောင် ပြောင်းလဲ ပြစ်ခဲ့ပြီ ဖြစ်ကြောင်း ဂျပန်ရှိ The Diplomat စာစောင်တွင် အမေရိကန် မင်နီဆိုတာ ကောလိပ်၏ တွဲဖက် ပါမောက္ခ နှင့် နိုင်ငံရေး သိပ္ပံဌာနမှူး ဦးထွန်းမြင့်က ရေးသားထားသည်။

 

ယခုအခါ တပ်တွင်း စိတ်ဓါတ်များ ပျက်ပြားလာမှု နှင့် အတူ စစ်အင်အား အဆပေါင်းများစွာ သို့မဟုတ် တန်ဖိုး ကြီးလှသော လေကြောင်းပစ်ကူ မပါဘဲ မည်သို့မျှ နိုင်ခြေမရှိတော့ သည့် အနေအထားသို့ ရောက်လာခဲ့သည်။ ဆိုလိုသည်မှာ လူ အယောက် နှစ်ဆယ်ခန့် ရှိသော စခန်းငယ် လေး တခုအား သိမ်းနိုင်ရန် အင်အား ၁၀၀ ခန့် ထုတ်နှုတ် အသုံးပြုမှသာ ဖြစ်နိုင်တော့သည်။

 

၎င်းအဖို့က တိုင်းပြည်စီးပွားရေး ကို လောလောဆယ် အရေးမထားနိုင်၊ ၎င်းတို့ သက်ဆိုးရှည် ရေး အတွက်သာ ရည်ရွယ်လုပ်ဆောင်နေရဆဲ ဖြစ်သည်။ ဤသည်ကိုလည်း ဒေါ်လာများ ထိန်းချုပ်လိုက်သည့် ဥပဒေ ထုတ်ပြန် လိုက်ခြင်းက သက်သေခံနေသည်။ 

 

ထိုသို့သော အခြေအနေများ ရင်ဆိုင်လာရ၍ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းလာနေသော မင်းအောင်လှိုင် သည် ဗိုလ်သန်းရွှေ ထံ သို့ သွား‌ရောက် အခစားဝင်လာရပြီကို ဧရာဝတီ သတင်းတွင် ဖေါ်ပြလာခဲ့သည်။ ယမန် နှစ် နှစ်လည်ပိုင်းမှ စ၍ တနှစ်နီးပါး တခါမျှ မသွားခဲ့သော်လည်း ယခုအခါ မဖြစ်မနေ သွားခဲ့ရပြီ ဟုဆိုသည်။

 

ထွက်ပေါ်လာသော သတင်းများအရ “အရေးပေါ် တပ်လှန့်” သည့် အမိန့် ထုတ်ပြန်လာခဲ့ခြင်းကလည်း ထိုသတင်း နှင့် ဆက်စပ်နေနိုင်ပေသည်။ ဤအမိန့်အရ တပ်များ ရွှေ့ပြောင်းမှု ကို ကန့်သတ်ရန် နှင့် စခန်းလုံခြုံရေးကို သတိ ရှိရန် တို့ ပါရှိသည်။ အများစုက မင်းအောင်လှိုင်သည် ခံစစ်အသွင် ပြောင်းလာခြင်းဟု သုံးသပ်ကြသည်။ မိမိတို့ အခြေအနေကို မည်သည့်အခါမျှ အမှန်အတိုင်း မမြင်တတ်သော စစ်ဗိုလ်ချုပ်များကြောင့် ထိုအမိန့်သာ မှန်သည် ဟု ယူဆရပါလျှင် ဗိုလ်သန်းရွှေမှ ယခုလို တိုက်ပွဲတွင် အရေးနိမ့်လာရခြင်းသည် စစ်သားများ ပင်ပန်းလွန်းနေ၍ ခဏမျှ အနားပေးသင့်သည်ဟု လမ်းညွှန် လိုက်ခြင်းကြောင့်သာ ဖြစ်ဖို့များပေသည်။

 

မည်သို့သော အကြောင်းနှင့်ဖြစ်စေ ရန်သူ၏ အားပျော့လာမှုကို အခွင့်ကောင်း ယူကာ အသုံးချ ရတော့မည် ဖြစ်ပေသည်။

 

မြန်မာနောင်း သတင်းအရ မူ စစ်ဖက် အရာရှိများ၏ မိသားစုများသည် ရန်ကုန်မှ နေပြည်တော်သို့ ရွှေ့ပြောင်း လာနေကြပြီ ဖြစ်၍ အိမ်ခြံမြေဈေးများ မြင့်တက်လာသည်ဟု ဖေါ်ပြထားသည်။

 

စင်္ကာပူရှိ အစိုးရ အာဘော် တပိုင်း ဖြစ်သည့် စထရိတ်တိုင်း သတင်းစာတွင် စင်္ကာပူကို အခြေပြု၍ စစ်အာဏာ သိမ်း အဖွဲ့အား တွန်းလှန်ရန် ဒေါ်လာ သန်းပေါင်းများစွာ စုဆောင်းနိုင်ခဲ့ကြသည်ဟု တခမ်းတနား ဖေါ်ပြလာ ခဲ့သည်။ ပုံမှန်အားဖြင့် စင်္ကာပူသည် ထိုကဲ့သို့သော လုပ်ရပ်များကို မသိကျိုးကျွန် ပြုလေ့ရှိသော်လည်း ယခုအခါ သတင်းစာမှနေ၍ တရားဝင် ဖေါ်ပြလာခဲ့ခြင်းကပင် ၎င်းတို့ အပေါ် စိတ်ကုန်နေပြီဆိုသည်က ထင်ရှားနေ ပေသည်။ 

 

အထူးသဖြင့် အဆင်ခြင်မဲ့ ထုတ်ပြန်လာသော နိုင်ငံခြားငွေ ထိန်းချုပ်ရေး ဥပဒေသည် မြန်မာပြည်တွင် အများဆုံး ရင်းနှီးမြှုပ်နှံနေသော စင်္ကာပူကို အကြီးအကျယ် ထိခိုက်သွားခဲ့ရခြင်းကြောင့်လည်း ဖြစ်မည်ထင်သည်။

 

ထို့အတွက် ယခုအခါ အတည်ပြုထားပြီးသော ပြည်ပရင်းနှီးမြှုပ်နှံမှုများ၊ အထူး စီးပွားရေး ဇုံများ၊ နိုင်ငံတကာမှ အင်ဂျီအို အဖွဲ့အစည်းများ၊ ကုလ နှင့် ပြည်ပ သံတမန်များ၊ လေကြောင်းလိုင်းများ မပါဝင်ဟု မနေ့က ကမန်း ကတန်း ပြန်လည် ကြေညာလာခဲ့သည်။

 

သူ၏လက်အောက်ရှိ စီးပွားရေး အကြံပေးများကလည်း ထိုသို့ ဖြစ်လာမည်ကို သိရှိပြီး ဖြစ်ပေလိမ့်မည်၊ သို့သော် အရာရာကို အာဏာ ဆုပ်ကိုင်ရေး ပေတံကြီးနှင့်သာ တိုင်းတာတတ်လေ့ ရှိသူများ ကတော့ ထိုသို့ လုပ်ရန်သာ ဆုံးဖြတ်ကြပေလိမ့်မည်။

 

စောစောက ပြောခဲ့သည့် ဦးထွန်းမြင့်၏ ဆောင်းပါးကို ပြန်ဆက်ရမည် ဆိုလျှင် “ကြောက်စရာ” အဖြစ် ယူဆခဲ့ ခြင်းမှာ ထိုစဉ်က စစ်တပ်သည် မူလ အရည်အသွေးများ ရှိနေဆဲ ဖြစ်ပြီး၊ လက်ရှိတွင် ၎င်းတို့ လုပ်ရပ်သည် မနှစ်မြို့စရာ၊ မတရားဟု ယူဆနေသော်လည်း ပြုပြင်ပြောင်းလဲ၍ ရနိုင်သေးသည်ဟု ယုံကြည်နေကြဆဲ ဖြစ် သော ကြောင့်ဟု ဆိုသည်။

 

ထိုအယူအဆကို မင်းအောင်လှိုင်သည် သူ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် စတင်ရောက်ရှိလာပြီး နောက်ပိုင်း လက်ပံတောင်းကြေးနီတောင် တွင် သံဃာတော်များကို မီးလောင်ဗုံး ဆက်ကပ်လှူဒါန်းခြင်း ဖြင့် တပ်မတော်၏ ပုံရိပ်ကို ထိထိ ရောက်ရောက် ပြောင်းလဲ ပြစ်ခဲ့ပြီး ပို၍ အမြစ်တွယ်လာအောင် ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာ လူမျိုး စုများ အပေါ် ရက်စက်ကြမ်းကြုပ်စွာ နှိပ်ကွပ်လာခဲ့မှုကြီး ကြောင့်ပင် ဖြစ်သည်ဟု ဆောင်းပါးတွင် ဖေါ်ပြ ထားသည်။

 

 ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်၊ နံနက် ၃ နာရီ အချိန် အာဏာသိမ်းလိုက်ပြီးနောက်တွင်မူ “ကြောက်စရာ” အဖြစ်မှ ဆက်လက်ရှိနေရန်ပင် မလိုလားတော့သည့် ပြည်သူ အားလုံး ၏ “ရွံစရာ” ဘဝသို့ သက်ဆင်းသွားခဲ့ ရပေ တော့သည်။ “ရွံစရာ” အဖြစ် သတ်မှတ်ခံရသည့် အရာ သို့မဟုတ် လူပုဂ္ဂိုလ် အား ချစ်သည် မုန်းသည်ဟုပင် မသတ်မှတ်ကြတော့ဘဲ လေးစားထိုက်လောက်သည့် ကိုယ်ကျင့် သိက္ခာ အရ တန်ဖိုး မရှိ သဖြင့် ပေယျာလကန် ပြုလိုက်ခြင်းဟု ဆိုသည်။ ရွံစရာ ဆိုသည့် စကားကို ပို၍ လေးနက်စေရန် မြန်မာတို့က “လောက်ကောင်” နှင့် နှိုင်းယှဉ် ပြောဆိုလေ့ ရှိသည်။ လက်ရှိ စစ်တပ်သည် လောက်ကောင်ထက်ပင် အဆပေါင်း တထောင်ခန့် ဆိုးဝါးနေသည်ဟု အူထဲ အသည်းထဲက ခံယူလာကြကြောင်း ပြတ်သားစွာ နှိုင်းယှဉ်ပြခဲ့သည်။

 

ဗမာတို့၏ စိတ်တွင် ထိုသို့ ရွံစရာ အဆင့်အတန်းအဖြစ် ယခုမှသာ သွတ်သွင်းခဲ့ကြသော်လည်း တိုင်းရင်းသား လူမျိုး စုများကမူ ဆယ်စုနှစ်ပေါင်း များစွာ ကပင် ထိုသို့ သတ်မှတ်ထားခဲ့ကြပြီး ဖြစ်သည်ဟု ဆိုသည်။

 

ထို့အတွက် လူငယ် ဂျင်ဇီးများ၏ စိတ်ထဲတွင် စစ်တပ်အား ကြောက်စရာဟူ၍ပင် မသတ်မှတ်တော့ဘဲ မိမိတို့ လူ့အဖွဲ့အစည်းအတွင်း ရွံစရာ၊ မသတီစရာ အဖြစ် ရှင်းလင်းပြစ်မှ ဖြစ်တော့မည်ကို ခံယူလာခဲ့ကြခြင်းကြောင့် ကမ္ဘာက အံ့အားတသင့် ဖြစ်ခဲ့ရလောက်အောင် ရဲဝန့်စွာ တွန်းလှန်ရဲ ကြခြင်းပင် ဖြစ်သည်ဟု ဆောင်းပါးရှင်က ရေးသားထားသည်။

 

အချုပ်အားဖြင့် ဆိုရလျှင် မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာချိန်မှစ၍ တပ်မတော်အား လူထုတရပ်လုံး၏ စိတ်တွင် ထိုသို့ ခံယူလာအောင် ပြောင်းလဲနိုင်ခဲ့သူ ဟု ဆိုရမည် ဖြစ်သည်။

 

ဆောင်းပါးရှင်က ကုလနှင့် နိုင်ငံတကာမှ မြန်မာ အရေးကို အမှန်တကယ် ဖြေရှင်းပေးလိုသူများ အနေဖြင့် ပထမ ဆုံး လက်ကိုင်ပြုထားရမည့် အချက်မှာ အနာဂတ် မြန်မာ နိုင်ငံရေးအပေါ် ပြည်သူများ ယုံကြည်လာစေရန် နှင့် ပြည်တွင်းစစ် အဆုံးသတ်ပြီး ငြိမ်းချမ်းရေး တံခါးကို စတင်ဖွင့်လှစ်နိုင်ရန် စစ်တပ်ကို နိုင်ငံရေး နယ်ပယ်မှ အပြီး အပိုင် ထွက်ခွာသွားမည့် နည်းလမ်း ရှာကြံပေးရေးပင် ဖြစ်သည်ဟု ဆိုသည်။

 

မြန်မာပြည်သူများက ရွံစရာ အဖြစ် သတ်မှတ်ထားသည့် စစ်တပ်အား ၎င်းတို့၏ နိုင်ငံရေး အနာဂတ်ကို အဆုံး အဖြတ်ပေးလာမည့် မည်သို့သော အခန်းကဏ္ဍမျိုးတွင်မှ ပါဝင်ရန် ခွင့်ပြုတော့မည် မဟုတ်၊ လက်ရှိ တွင်ပင် ကမ္ဘာပေါ်တွင် အဆင့် (၃၉) ရှိသည့် စစ်တပ်ကို ကမ္ဘာပေါ်ရှိ မည်သည့် နိုင်ငံ၏ အကူအညီ တခုတလေမျှ မပါဘဲ နှင့် လှုပ်မရအောင် ဝိုင်းဝန်း ဆန့်ကျင်နိုင်ခဲ့ကြသည်မှာလည်း ထိုသို့ ခါးသီးစွာ ရွံ့မုန်းလာခဲ့မှုကြောင့်ပင် ဖြစ် သည်ဟု ဆိုသည်။

 

ဤကဲ့သို့သော မြန်မာတို့၏ စိတ်ခံစားမှု နှင့် သံန္နိဋ္ဌာန်အား မြန်မာအရေး ဖြေရှင်းပေးလိုသူများ၏ ခေါင်းထဲတွင် ပထမဦးဆုံး ထည့်သွင်းထားရမည်၊ မြန်မာတို့၏ စွမ်းဆောင်နိုင်မှုကို သံသယ ဖြစ်ကာ နိုင်ငံကို လက်ရှိ အုပ်ချုပ် နေသူများသာ အခြေအနေကို ပြောင်းလဲနိုင်သည်ဆိုသော State-centric အယူအဆကို စွန့်လွှတ်မှ ဖြစ်မည် ဆိုသည်ကို ထောက်ပြခဲ့သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

Image - Original Cartoonist