D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၇၁)

by Hla Soewai - Apr 24 2022

အပိုင်း (၅)

 

အခန်း (၆၁)

 

BERLIN: APRIL 1944

 

ကပ် ဗိုဂဲလ်သည် ဝေါ်လ်တာ ရှလင်းဘတ်က သူ၏ ရုံးခန်း ရှေ့ ဧည့်ခန်းတွင် စောင့်ခိုင်းထားစဉ်အတွင်း ရုံးခန်းထဲ ဝင်လိုက်ထွက်လိုက် နှင့် လက်ထောက် များ ပျားပန်းခပ်မျှ လှုပ်ရှားနေကြသည်ကို စောင့်ကြည့်နေမိသည်။ ရွှေဝါရောင်ဆံပင်များ၊ မျက်လုံးပြာလဲ့လဲ့များ နှင့် သူတို့ကို ကြည့်ရသည်မှာ နာဇီ တို့၏ ဝါဒဖြန့် ပိုစတာများ ထဲက ခုန်ပျံထွက်လာသူများလားဟု ပင် ထင်ရလောက်သည်။

 

ရှလင်းဘတ်က “ဗြိတိန်တွင် ဖြစ်ပွားခဲ့သော ကံဆိုးမိုးမှောင် ကျခဲ့မှု” နှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်စရာရှိ၍ ဆိုကာ သူ့ကို ဆင့်ခေါ်ခဲ့သည်မှာ သုံးနာရီခန့် ရှိသွားခဲ့ပြီ ဖြစ်သည်။ ရှလင်းဘတ် သည် ဗိုဂဲလ်၏ စစ်ဆင်ရေး ပျက်ပြားသွားရပုံကို ထိုသို့ အမြဲ ရည်ညွှန်း ပြောဆိုလေ့ရှိသည်။

 

ဗိုဂဲလ်သည် ထိုသို့ စောင့်နေရသည်ကို မည်သို့မျှ သဘောမထား၊ သူ့တွင်လည်း အခြား လုပ်စရာ ကိုင်စရာများလည်း မရှိတော့၍ ဖြစ်သည်။ ကနယ်ရစ်အားလည်း ရာထူးမှ ထုတ်ပယ်လိုက်ကြပြီး အပ်ဗဲယားသည် SS တို့၏ ထိန်းချုပ်မှု အောက်သို့ ရောက်ရှိသွားရပြီ ဖြစ်သည်။ ထို့အတွက် ဂျာမန် စစ်ထောက်လှမ်းရေး အဖွဲ့ကြီးသည် ဟစ်တလာက အရေးတကြီး သုံးရန် မလိုသည့် အချိန်မျိုးတွင် တက်ကိုင်သူ မရှိ မျောချင်ရာ မျောနေသည့် သင်္ဘောတစင်းလို ဖြစ်လာရသည်။ စိတ်ဓါတ်များလည်း ကျဆင်းလာကုန်ကြ၍ အရာရှိ အတော်များများသည် ရုရှား ရှေ့တန်း စစ်မျက်နှာသို့ လိုက်ရန် ဗော်လံတီယာ လုပ်လာကြသည် အထိ ဖြစ်လာကုန်သည်။

 

ဗိုဂဲလ် အဖို့ သူ့တွင် အခြား စီစဉ်ထားသည်များ ရှိနေသည်။

 

ရှလင်းဘတ်၏ လက်ထောက်တယောက် ရုံးခန်းထဲမှ ထွက်လာပြီး သူ့အား လက်ညိုး တထိုးထိုး ဖြင့် အထဲ ဝင်သွားရန် လက်ဟန်ခြေဟန်ဖြင့် ပြလိုက်သည်။ ရုံးခန်းကြီးက ဂိုသေ့ ဘုရားကျောင်း ခမ်းမကြီး အလား ကျယ်ဝန်းလှသည်၊ နံရံတလျောက်တွင် ဆီဆေးပန်ချီကားများ၊ ရောင်စုံချည်ဖြင့် ထိုးထားသော ပန်းချီကားများ ချိတ်ဆွဲထားသည်။ ကနယ်ရစ် ၏ တီယာပစ် အူဖာ ရှိ ဌာနချုပ်နှင့်တော့ ကွာခြားချင်တိုင်း ကွာခြားနေသည်။ ရှည်လျားသော မတ်တပ်ပြတင်းပေါက်ကြီးများမှ တဆင့် နေရောင်က ခပ်စွေစွေ ဝင်ရောက်လာနေသည်။ နံနက်စောစော လေကြောင်းတိုက်ခိုက်မှုကြောင့် မီးခိုးလုံးများက အန်တာ ဒင် လင်ဒင် လမ်းတလျှောက် တငွေ့ငွေ့ ထွက်လာနေဆဲ ဖြစ်သည်။

 

ရှလင်းဘတ်က လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်ပြီး ဗိုဂဲလ်၏ ပိန်လှီနေသော လက်ချောင်းများကို ဆုပ်ကိုင်ကာ ထိုင်ဖို့ လက်ဟန်ခြေဟန် ပြလိုက်သည်။ ရှလင်းဘတ်၏ စားပွဲအောက်တွင် မရှင်းဂန်း တလက် တပ်ထားသည်ကို ဗိုဂဲလ်က သိထားပြီး ဖြစ်သည်။ ထို့အတွက်လည်း လက်ကို သူမြင်ရသည့် နေရာတွင် ထားပြီး ခန္ဓာကိုယ်အားလည်း တတ်နိုင်သမျှ မလှုပ်မယှက် နေနိုင်မှ ဖြစ်မည်။ တံခါးကို အပြင်က တယောက်ယောက် က ပိတ်လိုက်၍ ရုံးခန်းထဲတွင် သူတို့ နှစ်ဦးသာ ရှိတော့သည်။ ရှလင်းဘတ်က သူ့အား အကဲခတ်ကြည့်နေကြောင်း ဗိုဂဲလ် သိနေသည်။

 

ရှလင်းဘတ် နှင့် ဟင်းမလား နှစ်ယောက်ပေါင်းပြီး ကနယ်ရစ် ပြုတ်ကျရေး အတွက် နှစ်ပေါင်းများစွာ ကြံစည်နေခဲ့ကြသော်လည်း လက်ရှိ ကံဆိုးမိုးမှောင် ကျမှုများက ဆက်တိုက်ဆိုသလို သူ့သဘော သူဆောင်ပြီး ဖြစ်လာခဲ့၍သာ မြေခွေးအိုကြီး ဖယ်ရှားခံခဲ့ရခြင်း ဖြစ်သည်။ ကနယ်ရစ်သည် ဂျာမဏီ နှင့် သံတမန် အဆက်အသွယ် ဖြတ်ရန် အာဂျင်တီနား၏ ဆုံးဖြတ်ချက်ကို ကြိုတင် မသိနိုင်ခဲ့ခြင်း၊ စပိန်ပိုင် မော်ရိုကိုရှိ လွန်စွာ အရေးပါသော အပ်ဗဲယား၏ ထောက်လှန်းရေး ဌာနချုပ် လက်လွှတ်ဆုံးရှုံးခဲ့ရခြင်း၊ တူရကီ၊ ကာဆာဘလန်ကာ၊ လစ်စဘွန်း နှင့် စတော့ဟုမ်းရှိ အရေးပါသော အပ်ဗဲယား အရာရှိများ ရန်သူဖက်သို့ ခိုလှုံသွားမှုများ အစရှိသည်တို့ကြောင့်သာ ဖြစ်သည်။

 

ကနယ်ရစ် အတွက် နောက်ဆုံး ကောက်ရိုးမျှင် ဖြစ်သော ဗိုဂဲလ်၏ လန်ဒန် ရှိ အော်ပရေးရှင်း အပျက်ပျက်နှင့် နှာခေါင်းသွေး ထွက်ခဲ့ရပြီး အပ်ဗဲယား၏ အေးဂျင့်နှစ်ဦး ဖြစ်သော ဟော့ နျုမန် နှင့် ကက်သရင်း ဘလိတ်တို့ နှစ်ဦးစလုံး ယူဘုတ် သင်္ဘော အရာရှိများ မျက်စိ‌ရှေ့မှောက်တွင် အသတ်ခံခဲ့ရသည်။

 

သူတို့နှစ်ဦးထံမှ အင်္ဂလန်ကနေ အဘယ်ကြောင့် ထွက်ပြေးရန် လိုသည်ကို ရှင်းလင်းချက် တစုံတရာ မရရှိလိုက်၊ ထို့အတွက် ဗိုဂဲလ်သည် ကက်သရင်း ဘလိတ် ခိုးယူနိုင်ခဲ့သော ပိုးစာပင် စစ်ဆင်ရေး နှင့် ပတ်သက်သော သတင်းများ အစစ်အမှန် ဟုတ်မဟုတ်ကို မည်သို့မျှ ဆန်းစစ်နိုင်စွမ်း မရှိခဲ့ပေ။ ထိုသတင်းကို သိလျှင် သိခြင်း ဟစ်တလာသည် ယမ်းပုံမီးကျ ဖြစ်သွားခဲ့သည်၊ ချက်ခြင်းလို ကနယ်ရစ်အား ရာထူးမှ ထုတ်ပစ်လိုက်ပြီး အပ်ဗဲယား ဌာနကြီး တခုလုံး နှင့် ၁၆,၀၀၀ ခန့် ရှိသော စစ်ထောက်လှန်းရေး အရာရှိများကို ရှလင်းဘတ် လက်ထဲ ထဲ့ပစ်ခဲ့လေတော့သည်။

ထိုအထဲတွင် အဘယ်အတွက်ကြောင့်ရယ်မသိ ဗိုဂဲလ် ကင်းလွတ်သွားခဲ့သည်၊ ရှလင်းဘတ်နှင့် ဟင်းမလားတို့က ကနယ်ရစ်ကြောင့်သာ အခုလို သတင်းပေါက်ကြားသွားသည်ဟု သံသယ ရှိနေခဲ့သည်။ ထို့အတွက် ဗိုဂဲလ်သည်လည်း ဟော့စ် နျုမန် နှင့် ကက်သရင်း ဘလိတ်တို့ကဲ့သို့ မြေခွေးအိုကြီး၏ သစ္စာဖေါက်မှုကြောင့် အပြစ်မဲ့စွာ ဓါးစာခံ ဖြစ်သွားခဲ့ရသူများဟု ထင်မြင်လာသည်။

 

သို့သော် ဗိုဂဲလ်တွင် အခြား သီအိုရီတခုက ရှိနေပြီး ဖြစ်သည်။ သူ့စိတ်ထဲတွင် ကက်သရင်း ဘလိတ် ခိုးယူခဲ့သော သတင်းများ အားလုံးကို ဗြိတိသျှ ထောက်လှန်းရေးက လုပ်ကြံ ဖန်တီး ထားခဲ့ခြင်းဟု သံသယ ရှိနေသည်။ ထိုသို့ သံသယ ရှိလာခြင်းမှာလည်း သူတို့အား ရန်သူက စောင့်ကြည့်နေပြီ ဆိုသည်ကို နျူမန်က သိသွားခဲ့သောကြောင့် ထွက်ပြေးကြခြင်း ဖြစ်မည်ဟု တွက်ဆခဲ့ခြင်းကြောင့် လည်း ဖြစ်သည်။ ပိုးစာပင် အော်ပရေးရှင်းသည် ပတ် ကလေ့စ် တွင်ထားမည့် လေယာဉ် ပြစ် အမြှောက်များ အတွက် ရည်ရွယ် တည်ဆောက်နေခြင်း မဟုတ်ပဲ နော်မန်ဒီ ကမ်းတက် ထိုးစစ်ကြီး အတွက် ဆိပ်ကမ်း အတု သာ ဖြစ်မည်။ ထို့အပြင် ဗြိတိန်သို့ သူတို့ စေလွှတ်ခဲ့သော အခြား အေးဂျင့်များ အားလုံး အခြေအနေကောင်းနိုင်ဖွယ် မရှိ၊ အားလုံး အဖမ်းခံခဲ့ကြရပြီး ဗြိတိသျှ ထောက်လှန်းရေး ၏ အကြပ်ကိုင် ခံရပြီး ပူးပေါင်းဆောင်ရွက်နေရခြင်း ဖြစ်မည်၊ ထိုအနေအထားသည် စစ်ပွဲ အစကတည်း က ဖြစ်ကောင်း ဖြစ်နေမည် ဖြစ်သည်။

 

သို့သော် ထိုသို့ ပြောနိုင်ရန်လည်း သူ့တွင် သက်သေအထောက်အထား အခိုင်အမာ ပြစရာ မရှိ၊ ရှေ့နေကောင်း တယောက် ဖြစ်ခဲ့၍လည်း သက်သေမပြနိုင်ပဲ စွဲချက် မတင်လိုသည့် ဝသီကလည်း သူ့တွင် ရှိနေပြန်သည်။ နောက်တချက်က သူ့တွင် သက်သေပြစရာ အခိုင်အမာ ရှိနေသည် ဆိုဦး ရှလင်းဘတ် နှင့် ဟင်းမလား တို့လို လူမျိုး လက်ထဲသို့ ထည့်ပေးဖို့က သူ့ဖက်က မရေမရာ ဖြစ်နေသည်။

 

ရှလင်းဘတ်ခ် ၏ စားပွဲပေါ်က တယ်လီဖုန်း မြည်လာသည်။ ရှလင်းဘတ် အဖို့ မဖြစ်မနေ လက်ခံပြောရမည့် ဖုန်းမျိုး ဖြစ်နေသည်၊ ရှလင်းဘတ်သည် ပါးစပ်မှ တစုံတခု ညည်းငြူလိုက်ပြီး ငါးမိနစ်ခန့် လျို့ဝှက် သင်္ကေတများသုံးပြီး ပြောနေခဲ့သည်၊ အပြင်တွင်တော့ နှင်းများလို အုံခဲကျနေသော မီးခိုးမှိုင်းများက လျော့ပါးစပြုလာပြီ ဖြစ်သည်။ ဘာလင်၏ အပျက်အစီး ပုံများက ဧပြီလ၏ နေရောင်အောက်တွင် အတိုင်းသား မြင်လာရသည်။ လမ်းပေါ်ရှိ ကွဲကြေနေသော မှန်စများက ရေခဲ တုံးများအလား တလက်လက် တောက်နေသည်။

 

အပ်ဗဲယား တွင် ဆက်နေပြီး အုပ်ချုပ်ရေး အဖွဲ့သစ်နှင့် ပူးပေါင်း လုပ်ဆောင်နေခြင်းက သူ့အတွက် အကျိုးရှိနေသည်။ ဗိုဂဲလ်သည် ဇနီးဖြစ်သူ ဂါးထရုဒ် နှင့် သမီးများ ဖြစ်သော နီကိုးလ်၊ လစ်ဘက်တို့အား ဘာဗေရီယား မှ ဆွစ်ဇာလန်သို့ တိတ်တဆိတ် ပြောင်းရွှေ့ပေးခဲ့ပြီး ဖြစ်သည်။ သူ့လို အေးဂျင့်များစွာကို ထိန်းချုပ် စီမံပေးနေရသူ အဖို့ အပ်ဗဲယား ၏ လျို့ဝှက် ငွေစာရင်း မှ ငွေများကို ဂါးထရုဒ် ငွေစာရင်းထဲသို့ အသေအချာ စီမံဖန်တီးထားသော အယောင်ပြ ကုမ္ပဏီ များမှ တဆင့် လွှဲပြောင်းပေးထားနိုင်ဖို့ လွယ်ကူနေသည်။ စစ်ပွဲ ပြီးဆုံးသွားပြီးနောက် ပြည်ပတွင် နှစ်ပေါင်းများစွာ သက်တောင့်သက်သာ နေနိုင်အောင်လည်း ငွေအတော်များများကို ရွှေ့ပြောင်းထားခဲ့ပြီး ဖြစ်သည်။

 

သူ့တွင် နောက်ထပ် သုံးလို့ရနေသည့် အကြောင်းတခုကလည်း ရှိနေပြန်သည်။ ဤသည်က သူ့၏ ဦးနှောက်ထဲရှိ သတင်းအချက်အလက်များပင် ဖြစ်သည်။ ထိုသတင်းများ ရဖို့ ဗြိတိသျှ နှင့် အမေရိကန် တို့သည် ငွေကြေး ရက်ရက်ရောရော ပေးမည်သာမက အကာအကွယ်လည်း ပေးထားမည် ဖြစ်မှန်းကို သေချာပေါက် သိထားပြီး ဖြစ်သည်။

 

“ဒီလိုဗျ..ခင်ဗျားကို ဒီနေ့ခေါ်ရတဲ့ အကြောင်းက လန်ဒန်ကနေ အတော်ကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ သတင်းမျိုး ရလာလို့ပဲ ကက်ပတိန် ဗိုဂဲလ်”

 

“အိုး..ဟုတ်လား”

 

“ဟုတ်ပါ့ဗျာ၊ MI-5 မှာ ရှိတဲ့ ကျွန်တော်တို့လူမှာ အတော်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ သတင်းမျိုးတွေ ရှိနေလေရဲ့”

 

ရှလင်းဘတ်က ပြောပြောဆိုဆို နှင့် ကောက်ကောက်ကွေးကွေး လက်ရေးများ နှင့် အဓိပ္ပါယ် ဖေါ်ထားသည့် စာရွက်တရွက်ကို ဗိုဂဲလ်အား လှမ်းပေးလိုက်သည်။ စာကို ဖတ်ပြီးသည်နှင့် အတော်လေး ပါးနပ်စွာ လှည့်စားထားချက် တခုမှန်း ရိပ်စားမိလိုက်သည်၊ ဗိုဂဲလ်က စာကို ရှလင်းဘတ်ထံ ပြန်ပေးလိုက်သည်။
 

“MI-5 က အခုဆို ဝင်စတန် ချာချီ ရဲ့ ပုဂ္ဂိုလ်ရေးအရ သိကျွမ်းခဲ့တဲ့ မိတ်ဆွေဟောင်းကြီးလည်း ဖြစ်၊ အတွင်းလူ လည်း ဖြစ်တဲ့ လူတယောက်ကို စည်းကမ်းနဲ့ အညီ အရေးယူဖို့ လုပ်နေပြီဆိုတာ အတော်ကို ထူးခြားတယ်ဗျ၊ ကျွန်တော် ရထားတဲ့ သတင်းကလည်း အပြစ်ဆိုစရာ မရှိလောက်အောင် ခိုင်မာတဲ့ နေရာကနေ ရထားတာ၊ ကျွန်တော်ကိုယ်တိုင်ပဲ သူ့ကို စည်းရုံးသိမ်းသွင်းထားခဲ့တဲ့ လူတယောက်လို့ ဆိုပါတော့၊ ကနယ်ရစ် နဲ့ ပတ်သက်တဲ့ ကပ်ပါးရပ်ပါး တကောင်လည်း မဟုတ်ဘူး၊ ဒီတော့ ပြောချင်တာက ခင်ဗျား အေးဂျင့် ခိုးလို့ ရလာတဲ့ သတင်းတွေက အစစ်အမှန်တွေ ချည်းပဲ ကက်ပတိန် ဗိုဂဲလ်”

 

“ဟုတ်ပါတယ်၊ ဟား ဘရီးဂိတ်ဖူးဟား ပြောတာ အမှန်ပဲလို့ ကျွန်တော်လည်း ယုံကြည်ထားပါတယ်”

 

“ဖူးဟားကိုတော့ ဒီအကြောင်းကို အခုချက်ခြင်းပဲ ပြောမှကို ဖြစ်မယ်၊ ဒီည သူက ဘာတစ်ဂါဒင်းမှာ ဂျပန် သံအမတ်ကြီး နဲ့ တွေ့ပြီး မဟာမိတ်တွေ ကျုးကျော်လာမှာကို ကျွန်တော်တို့ဖက်က ပြင်ဆင်ထားပုံတွေကို ရှင်းပြဖို့ ရှိနေတယ်။ အဲ့ဒီအကြောင်း ကို သူတခါတည်း ထဲ့ပြောလိုက်ချင်မှာပဲ”

 

ဗိုဂဲလ်က ခေါင်းငြိမ့်ပြလိုက်သည်။

 

“ကျွန်တော်လည်း နောက်တနာရီလောက်ဆို တမ်ပဲဟော့ဖ်ကနေ လေယာဉ်နဲ့ သွားဖို့ ရှိနေတော့ ခင်ဗျားကို ကျွန်တော်နဲ့ အတူ လိုက်ပြီး ဖူဟားကို ကိုယ်တိုင်ကိုယ်ကျ ရှင်းပြစေချင်တယ်၊ ပြီးတော့ ဒီအော်ပရေးရှင်းကလည်း ခင်ဗျား စခဲ့တာလည်း ဖြစ်နေတော့လေ၊ ကျွန်တော့် စိတ်ထင် ပြောရရင် ဖူဟား ကြည့်ရတာ ခင်ဗျားကို သဘောကျပုံရတယ်၊ ခင်ဗျားမှာ အခုဆို တောက်ပတဲ့ အနာဂတ် ရှိနေပြီဆိုတာကိုကော သိရဲ့လား ကက်ပတိန် ဗိုဂဲလ်”

 

“အခုလို ပြောတာ ကျေးဇူး တင်ပါတယ် ဟား ဘရီးဂိတ်ဖူဟား၊ ဒါပေမယ့် ဟား ဘရီးဂိတ် ဖူဟား ကိုယ်တိုင် ဒီလို သတင်းမျိုး ပြောသင့်တယ်လို့ ကျွန်တော် ထင်တာပဲ”

 

“ခင်ဗျား သေချာရဲ့လား ကက်ပတိန် ဗိုဂဲလ်”

 

“သိတ်ကို သေချာပါတယ် ဟား ဘရီးဂိတ်ဖူဟား”

 

                                        *************************