မင်းအောင်လှိုင် တို့ အဖွဲ့ အကြံကုန်၍ ဂဠုန် ဆားချက် ပြီ

by Hla Soewai - Apr 24 2022

ပြည်သူတို့၏ ခုခံ တွန်းလှန်မှုကို မကြုံစဖူး ဘက်ပေါင်းစုံမှ ရင်ဆိုင်လာနေရကာ ပြည်ပတွင်လည်း ဝိုင်းပြီးကြဉ် ခံနေရပြီ ဖြစ်သော မင်းအောင်လှိုင်သည် သွေးရိုးသားရိုးဖြင့် စစ်ကို နိုင်အောင် မတိုက်နိုင်သည်ကို ယခုမှ ရိပ်စားမိလာ၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ငွေ၊ အာဏာ လုပ်ပိုင်ခွင့်များ ပေးပြီး ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များကို ထောက်ခံခြင်း ဖြင့် မပြုရန် အတွက် လောလောဆယ်တွင် အချိုသတ်ထားရန် ကြံစည် လာနေပြီ ဖြစ်သည်။

ထို့အတွက် မင်းအောင်လှိုင်ကိုယ်တိုင် အဆိုပါ အဖွဲ့များ နှင့် လူချင်းတွေ့ဆုံ ဆွေးနွေးလို၍ မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး တွေ့ဆုံခွင့်ရရေး မှတ်ပုံ တင်ကြရန် ပြောဆိုလာသည်။

မင်းအောင်လှိုင်တို့ အဖွဲ့မှာ ရည်ရွယ်ချက် သုံးခု ရှိနေသည်။ ပထမ ရည်ရွယ်ချက်က တိုင်းရင်းသား ခေါင်းဆောင် များကို အချိုသတ်နိုင်လျှင် PDF များ မျောက်သစ်ကိုင်းလွတ် ဖြစ်မည်။ ထိုအခါကျမှ အပြီးအပြတ် နှိမ်နှင်း ပြစ် မည်၊ ပြီးသည်နှင့် အရင်က အချိုသတ်ထားသော တိုင်းရင်းသား လက်နက်ကိုင်များ ဖက် ပြန်လှည့်ပြီး ပိုနေမြဲ ကျားနေမြဲ ပြည်တွင်းစစ်ကို ဆွဲဆန့်မည်။ ပဏာမ ခြေလှမ်း အဖြစ် တိုင်းရင်းသား ခေါင်းဆောင်များကို ဘွဲ့ထူး ဂုဏ်ထူးများ ပေးအပ်လာခဲ့လေသည်။ ခေါင်းဆောင်ပိုင်း နှင့် လက်အောက် ငယ်သားများအကြား သပ်လျှိုသွေးခွဲ လာခြင်းပင် ဖြစ်သည်။

နောက်တချက်မှာ မိမိတို့သည် ငြိမ်းချမ်းရေး လိုလားသူများ ဖြစ်၍ တွေ့ဆုံဆွေးနွေးဖို့ အမြဲတမ်း လက်ကမ်း ကြိုဆိုနေကြောင်းကို ကမ္ဘာကို လိမ်လည် လှည့်ဖျားနိုင်ရန်ပင် ဖြစ်သည်။

နောက်တချက်ကလည်း တရုတ်တို့ ၏ စီးပွားရေး လုပ်ငန်းများ ကို စတင် ခြိမ်းခြောက်ခံနေရပြီ ဖြစ်၍ မင်းအောင်လှိုင် တို့ နေပြည်တော် တွင် အစောင့်အကြပ် ထူထပ်စွာ ဖြင့် စိတ်အေးလက်အေး နေ၍ မရတော့ဘဲ တခုခု လုပ်ပြမှ ရပေတော့မည်။

အဆိုပါ အချက် သုံးချက်ကို မရလျှင်လည်း အရင်းပဲဖြစ်၍ ကြိုးစားကြည့်လာကြခြင်း ဖြစ်သည်။ တတိုင်းပြည်လုံး ကို မီးဟုန်းဟုန်းတောက်အောင် လုပ်ပြီးမှ “ငြိမ်းချမ်းရေး” ဟစ်ကြွေးလာသူပင် ဖြစ်သည်။

သို့သော် ၎င်းတို့ တွက်ဆထားခြင်း လုံးဝ မရှိသည့် အဖြစ်သည်ကား အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များသည် ၎င်းတို့ကဲ့သို့ သေရဲသတ်ရဲ တိုက်ရဲသည် ဆိုသော လူများ နှင့် ဖွဲ့စည်းထားသော လက်နက်ကိုင်တပ် များသီးသန့် မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များရှိရာ ဒေသအတွင်းရှိ တိုင်းရင်းသား လူမျိုးစုများကို ကိုယ်စားပြုနေသည့် legitimacy ကို တည်ဆောက်ထားသည်၊ ဦးဆောင်သည့် နိုင်ငံ‌ရေး အဖွဲ့အစည်းများ ရှိနေပြီး ဖြစ်သည်၊ မိမိတို့ ဒေသအတွင်း ရှိ ပြည်သူများကို ထင်သလို သတ်ဖြတ် မီးရှို့ ဗုံးကြဲနေသည့် အဖွဲ့အား ဒူး ထောက်၍ ၎င်းတို့ ပေးသမျှ ယူ ကာ မည်သို့များ ရပ်တည်၍ ရကြပေမည်နည်း၊ မိမိတို့၏ ပြည်သူများကို အဘယ်သို့များ မျက်နှာပြဝံ့ကြပေတော့မည်နည်း။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ထိုသို့ ငြိမ်းချမ်းရေး ကမ်းလှမ်းလာသည့် ပုံစံမျိုးကို ရိုးအီနေအောင် ဆယ်စုနှစ်ပေါင်း များစွာ ကြားလာခဲ့ရပြီး လည်း ဖြစ်သည်။

ပြည်သူ့ တော်လှန်ရေး အင်အားစုများကို အသိအမှတ်ပြုခြင်း မရှိသေးသည်ကပင် ၎င်းတို့၏ ရည်ရွယ် ချက်ကား သိသာ ထင်ရှားနေပေသည်။

လက်ရှိတွင် ၎င်းတို့ လက်ချက်ဖြင့် အသက် ဆုံးရှုံးသွားခဲ့သူ စုစုပေါင်း ၁,၇၇၉ ဦး ရှိနေပြီး ဖမ်းဆီးခံထားရသူ ၁၃,၀၀၀ နှင့် still counting ဖြစ်နေဆဲ ပင်။

မန္တလေး ခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ၏ ဇနီး ဖြစ်သူအား ဓါးစာခံ အဖြစ် ဖမ်းဆီး ကာ ခင်ပွန်းဖြစ်သူ ရှိရာကို ထုတ်ဖေါ် မပြောသဖြင့် နှိပ်စက်သတ်ဖြတ်ပြီး လမ်းဘေးတွင် အလောင်းကို စွန့်ပြစ် သွားခဲ့ကြသည့် လူမဆန်လှသည့် လုပ်ရပ်ကြီးကြောင့် ကြားရသူ အပေါင်း တုန်လှုပ် ချောက်ချား သွားခဲ့ ကြရသည်။

ထိုသို့သော လူများက ၎င်းတို့အား အစိုးရ မင်း များ အဖြစ် အသိအမှတ်ပြုခံရရန် လိမ်လည်နေသည် ကပင် ပြည်သူတို့၏ စဉ်းစားတွေးခေါ် နိုင်သည့် ဉာဏ်ကို စော်ကားမော်ကား ပြုကျင့်နေကြခြင်းပင် ဖြစ်သည်။

တိုင်းပြည်ကို အစိုးရအသွင် ရပ်တည်နိုင်ခြင်း မရှိသေးဘဲ လူရမ်းကားများ ကဲ့သို့ လက်နက်နှင့် အုပ်ချုပ်နေသူ များအား အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင် ၏ လာမည် အာဆီယံ-အမေရိကန် ထိပ်သီး စည်းဝေးပွဲ၏ အနား သို့ပင် မသီနိုင်သည့် အဖြစ်ကိုလည်း မည်သူမျှ တအံ့တဩ ရှိကြမည် မဟုတ်ပေ။

လက်ရှိ အနေအထားသည် အရှေ့တောင် အာရှ အလယ်တည့်တည့် တွင် ဆီရီးယား ကဲ့သို့ အကျပ်အတည်းကြီး နှင့် ရင်ဆိုင်လာရတော့မည့် အနေအထားကို ကမ္ဘာနိုင်ငံများက သိမြင်လာနေကြပြီ ဖြစ်သည်။ ၎င်းတို့ အဖို့ မည်သို့မျှ ဥပေက္ခာ ပြု၍ မရတော့သည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။

ထိုသို့ ဖြစ်လာရန်လည်း ပြည်သူ့တော်လှန်ရေး အင်အားစုများက အကြမ်းဖက် စစ်တပ်ကို မီးကုန်ယမ်းကုန် တိုက်ခိုက်လာခဲ့ကြခြင်းကြောင့်သာ ဖြစ်သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

Image credit – Original creator