တဖက် နိုင်ငံ မှ စိတ်လှုပ်ရှားစရာ သတင်းများ

by Hla Soewai - Apr 27 2022

ယနေ့ ဘန်ကောက်ပို့စ် သတင်းတွင် စိတ်ဝင်စားဖွယ်ရာ သတင်းနှစ်ပုဒ်ကို ဖတ်လိုက်ရသည်။

 

ပထမ သတင်းကတော့ အမေရိကန်သည် ချင်းမိုင်တွင် ကောင်စစ်ဝန်ရုံး အသစ် ဆောက်လုပ်နေခြင်းကို အခွင့်ကောင်းယူကာ မြန်မာနိုင်ငံအတွင်း ရှိ လက်နက်ကိုင် အဖွဲ့များကို လက်နက်များ ထောက်ပံ့နေသည့် လျို့ဝှက် စစ်ဆင်ရေး တရပ် ဆင်နွှဲနေသည်ဟု "ထိုင်း ပြည်သူများ" ဆိုသည့် အဖွဲ့က စွပ်စွဲလိုက်ခြင်းပင် ဖြစ်သည်။ ၎င်းတို့၏ စိုးရိမ်မကင်း ဖြစ်မှုကို သမ္မတ ဂျိုး ဘိုင်ဒင်အား ရေးသားပေးပို့သည့် အိပ်ဖွင့် ပေးစာတွင် ပါရှိခဲ့သည်။

 

ဘန်ကောက်ရှိ အမေရိကန် သံရုံး ပြောခွင့်ရ နီကိုးလ် ဖောက်စ် ကမူ မော်ရိုကို မှသည် မက္ကဆီကို အထိ ယခုကဲ့သို့ ကမ္ဘာတဝှမ်းရှိ သံရုံး အဆောက်အအုံများအဆင့်မြင့်တင်နေခြင်းဖြစ်၍ လုပ်ရိုးလုပ်စဉ်မျှသာ ဖြစ်သည်ဟု ငြင်းဆိုသွားခဲ့သည်။

 

အဆိုပါ ကောင်စစ်ဝန် ရုံးသစ် ဆောက်လုပ်နေခြင်းသည် ၂၀၂၀ မှ စတင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ပြီးဆုံးမည်ဟု မျှော်လင့်ထားသည်။

 

သို့မတိုင်မီတွင်တော့ အမေရိကန် လေတပ် သယ်ယူပို့ဆောင်ရေး ကုန်တင် လေယာဉ်ကြီးများ နှင့် သယ်ဆောင်လာသော ဆောက်လုပ်‌ ရေး ပစ္စည်းများ တံဆိပ်ကပ်ထားသည့် အလုံပိတ် သေတ္တာကြီးများသည် ကွန်တိန်နာ ကားကြီးများဖြင့် သယ်ဆောင်ကာ ချင်းမိုင်တကြောတွင် ဥဒဟို သွားလာနေကြမည်ကို ကြည့်ရသည်မှာ အသဲယားစရာပင် ဖြစ်သည်။

 

မြန်မာ ထောက်လှန်းရေး မှလည်း အမေရိကန်၏ လုပ်ရပ်သည် ချင်းမိုင်ကဲ့သို့ ကမ္ဘာလှည်ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရာ မြို့အား စစ်ဇုံ ဖြစ်အောင် ဖန်တီးနေသည်ဟု ဒေသခံ အဖွဲ့အစည်းများကို သွေးထိုးမြှောက်ပင့်ပေးဖွယ် ရှိကောင်းရှိနိုင်သည်။

 

ထိုင်း အာဏာပိုင်များဖက်ကလည်း အမေရိကန်နှင့် သံတမန်ရေး အငြင်းပွားမှု များ ရှိလာနိုင်သည်သညမက လက်ရှိ ဂျိုးဘိုင်ဒင် အစိုးရအပေါ် ထိခိုက်မှုများ ရှိလာနိုင်၍ တတ်နိုင်သမျှတော့ လက်ရှောင်နေကြမည်လည်း ဖြစ်သည်ကို မြန်မာဖက် က သံသယ ရှိလာနိုင်ပေသည်။ စီအိုင်အေ ဒုတိယ အကြီးအကဲ ပြီးခဲ့သည့် နှစ်အတွင်း ထိုင်းသို့ ရောက်လာပြီး ပရာရွတ် နှင့် ဆွေးနွေးခဲ့သည်များကိုလည်း မေ့နိုင်ကြဦးမည် မဟုတ်ပေ။

 

တရုတ်သည်ပင် တိုင်းရင်းသား လက်နက်ကိုင်များကို လက်နက်များ ထောက်ပံ့နေသည်ကို အားလုံး သိထားကြပြီး ဖြစ်၍လည်း အမေရိကန် အနေဖြင့် အလားတူ လုပ်ချင် လုပ်နိုင်ဖွယ် ရှိသည် ဆိုခြင်းမှာအဆန်းတကြယ် ကိစ္စတခုဟု ယူဆ၍ မရတော့ပေ။

 

ဘန်ကောက်ပို့စ် သတင်းစာ အဆိုအရ ချင်းမိုင် ကောင်စစ်ဝန် ရုံးသည် အမေရိကန်တို့၏ နောက်ဆုံးပေါ် ထောက်လှန်းရေး ဒရုန်းများ ဖြန့်ကြက် ထိန်းချုပ်ရာ စခန်းတခု သို့မဟုတ် အမေရိကား၏ အဆင်မြင့် ‌‌ ထောက်လှန်းရေး နည်းပညာ အသုံးချ အခြေစိုက်စခန်းတခု ဖြစ်လာနိုင်သည်ဟု ထင်ကြေးပေးနေကြကြောင်းလည်း ဖေါ်ပြထားသည်။

 

အဆိုပါ ကောင်စစ်ဝန် ရုံးသစ်ကြီးသည့် ၆.၆ ဧက ကျယ်ဝန်းပြီး ဒေါ်လာ ၄၅ သန်း ခန့် အကုန်အကျ ခံ ဆောက်လုပ်နေခြင်း ဖြစ်သည်။

 

နောက်တခု ကတော့ ထိုင်း နိုင်ငံ ခြားရေး ဝန်ကြီးဌာနမှ အကြံပေးအရာရှိများထဲမှ တဦး ဖြစ်သူ ပွန်ပီမို "ပေါလင်း' ကန်ချာနာလတ် အား မြန်မာအရေး ကိုင်တွယ်ရန် အထူး သံတမန် အဖြစ် ခန့်အပ်လိုက်သည့် သတင်းပင် ဖြစ်သည်။

 

မြန်မာသည် ထိုင်းနိုင်ငံ အတွက် ဘူမိနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နှင့် နိုင်ငံလုံခြုံရေး အစရှိသည့် မဟာဗျုဟာ အရ လွန်စွာ အရေးပါသည့် နိုင်ငံ ဖြစ်၍ နိုင်ငံတွင်း ဖြစ်ပျက်နေမှုများကို အနီးကပ် စောင့်ကြည့် အကဲခတ်နိုင်ရန် မြန်မာ အရေး ကျွမ်းကျင်သူ မစ္စက် ပွန်ပီမိုးလ် အား ခန့်ထားလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ထိုင်းမှ ၎င်း၏ လုပ်ရပ်ကို အနှောက်အယှက် မပေးသဖြင့် မချစ်သော်လည်း အောင့်ကာနမ်း ဆက်ဆံနေရသော်လည်း စစ်အစိုးရအဆက်ဆက် ထိုင်းနိုင်ငံ အပေါ် အတွင်းကျိတ် မယုံကြည်မှုများကတော့ ပျောက်ပျက်သွားမည် မဟုတ်ပေ။

 

မြန်မာဖက်က မတည်ငြိမ်မှုများကြောင့် ထိုင်းဖက်ကလည်း ၎င်းတို့ အကျိုးအမြတ် များစွာ ရနေသော နယ်ခြားကုန်သွယ်ရေး ထိခိုက်လာနေပြီ ဖြစ်သည်။

 

တိုက်ပွဲများကြောင့် မြဝတီ ကုန်သွယ်လမ်းကြောင်းသည်လည်း ပိတ်ဆို့သွားခဲ့ရပြီး တနင်္လာနေ့က တနင်္သာရီ ဒေသအတွင်း ထားဝယ်-ထီခီး လမ်းမပေါ်ရှိ ရဲစခန်းအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်လာ၍ ပိတ်လိုက်ရပြီ ဖြစ်သည်။

 

ထီခီး ကုန်သွယ် ဂိတ်သည် ဘန်ကောက်နှင့် အနီးဆုံး နေရာတွင် ရှိနေ၍ အရေးပါဆုံး လည်း ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!