D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၇၅)

by Hla Soewai - Apr 28 2022

"အိုကေ ဒါဆို ဝေါ်လ်တာ ဟာဒီဂင်ကို သိမ်းသွင်းခဲ့တာ မူလာ ဖြစ်မယ်၊ အတင်းအကျပ် ကြီး မဟုတ်ပဲမသိမသာ လုပ်ခဲ့ပုံရတယ်၊ ဟာဒီဂင် ကိုလည်း နာဇီတွေ အတွက် လုပ်ပေးတာမျိုး မဟုတ်ပဲ နိုင်ငံတကာ ကွန်မြူနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးကို ကူညီပေးဖို့ပဲလို့ အကြောင်းပြလာနိုင်တယ်။'

 

"ဒီအတွက် အမေရိကန် စက်မှုလုပ်ငန်းတွေရဲ့ ကုန်ထုတ်လုပ်နိုင်မှု အခြေအနေ၊ ဝါရှင်တန် မှာ ဘယ်လို သဘောထားတွေ ကြီးစိုးနေနေလဲ ဒါမျိုးတွေကို ပို့ပေးဖို့ ပြောလိမ့်မယ်၊ ဟာဒီဂင်ကလည်း ဒီလောက်တော့ ဖြစ်ပါတယ် ပြောလိုက်တာနဲ့ အေးဂျင့် တယောက် ဖြစ်သွားပြီ။ ဒီနေရာမှာ ကျွန်တော် မေးစရာ တခု ရှိလာတယ်၊ အဲ့ဒီလို ဂျာမန်တွေ စည်းရုံးမလာခင်ကတည်းက ဟာဒီဂင်က အမေရိကန် အေးဂျင့် ဖြစ်နေပြီလား"

 

ဘုသီက ပြုံးရင်း "မဖြစ်သေးဖူးဗျ၊ အဲ့ဒီ အချိန်ကလည်း ၁၉၃၇ ဆိုတော့ အမေရိကန်တွေဖက်က ဒီလောက်ကြီး စိတ်ဝင်တစား မရှိလှသေးဘူး၊ ဂျာမန် စစ်ထောက်လှန်းရေး အပ်ဗဲယားက သူတို့ နိုင်ငံထဲ၊ အထူးသဖြင့် နယူးယောက်ကို အခြေပြုပြီး လှုပ်ရှားနေပြီဆိုတာကိုတော့ ကောင်းကောင်း သိနေကြပြီ၊ အဲ့ဒီ မတိုင်မီ တနှစ်က နီကိုလပ်စ် ရစ်တာ ဆိုတဲ့ အပ်ဗဲယား စပိုင် တယောက်ကို ခင်ဗျား ကြားလိုက်တယ် မဟုတ်လား၊ အမေရိကန် လေတပ်နဲ့ ရေတပ် အတွက် ဘယ်လောက်အတိုင်းအတာအထိ ဗုံးကြဲနိုင်လဲဆိုတာ  တိုင်းတာဖို့ လုပ်ထားတဲ့ နော်ဒင်း ကိရိယာတွေ အကြောင်း အ‌သေးစိတ်ကို ဘရိဖ်ကေ့စ်နဲ့ အပြည့် ထဲ့ယူသွားတဲ့လူလေ။"

 

"အဲ့လိုတွေ ဖြစ်လာတော့ ရုစ်ဘဲလ်က ဂျာမန် သူလျိုတွေကို ဖေါ်ထုတ် ဖမ်းဆီးဖို့ အဂ္ဂါ ဟူး‌ဗားကို အမိန့်ပေးလာတယ်၊ ဒီလိုနဲ့ ၁၉၃၉ နှစ်ထဲမှာ နယူးယောက်မှာပဲ ဟာဒီဂင် နဲ့ အပ်ဗဲယား အေးဂျင်တယောက် ကို အတူ တွဲပြီး ဟူးဗားရဲ့ အက်ဘီအိုင်က အမိအရ ဓါတ်ပုံ ရိုက်ယူနိုင်ခဲ့တယ်၊ နောက်နှစ်လအကြာမှာ နောက်ထပ် အက်ဗဲယား အေးဂျင်တယောက်နဲ့ ဟာဒီဂင် တို့ ပနားမား စီတီးမှာ တွေ့ကြတာကိုလည်း မြင်သွားကြပြန်ရော၊ ဟူဗားက အကုန်လုံးကို ဖမ်းပြီး ရုံးတင် တရားစွဲ ထောင်ချပစ်ချင်နေတယ်၊ ခင်ဗျား သိတဲ့ အတိုင်းပဲ၊ ဒါမျိုးကိစ္စ‌ တွေ ဆို အမေရိကန်က လက်နှေးတတ်တယ်ဆိုတာ။

 

"တချက် ကံကောင်းသွားတာက အဲ့ဒီအချိန်မှာ MI-6 က နယူးယောက်မှာ ရုံးခန်းတွေ ဘာတွေ နဲ့ ဖြစ်လာနေပြီ၊ MI-6 ကပဲ ဟာဒီဂင်လို လူမျိုး ကို ထောင်ထဲ ထည့်ထားတာထက် စာရင် သူတို့ အတွက် အပြင်မှာ ပို အသုံးတည့်ပါတယ်လို ဟူဗားကို နားချနိုင်ခဲ့ကြတယ်။"

 

"ဒါဆိုရင် သူ့ကို ဘယ်သူက ကြိုးကိုင်ထားတာလဲ၊ ကျွန်တော်တို့ဖက်ကလား၊ အမေရိကန်တွေ ဖက်ကလား"

 

"တကယ်တမ်း ပြောမယ်ဆိုရင် ပူးတွဲစီမံချက်လို့ ပြောလို့ရတယ်၊ ကျွန်တော်တို့က အရေးမကြီးတဲ့ ထိတ်တန်းသတင်းတွေကို ဂျာမန်တွေ ဆီရောက်အောင် ဟာဒီဂင်က တဆင့် ပုံမှန် ပို့ပေးနေတယ်၊ ဒီတော့ ဘာလင်မှာ ဟာဒီဂင်လည်း ပွဲလယ်တင့်လာတယ်၊ တဖက်ကလည်း ဟာဒီဂင်၏ ကိုယ်ရေးကိုယ်တာ ကိစ္စ မှန်သမျှ အသေးအဖွဲ့ပါ မကျန်အောင် အနုကြည့် မှန်ပြောင်းနဲ့ ကြည့်သလို ကျွန်တော်တို့ဖက်ကလည်း စောင့်ကြည့်နေတယ်၊ သူနဲ့ လောင်တာဘတ် တို့ မိသားစု ဆက်ဆံရေးပါမကျန်၊ ဒီမှာတင် ‌ပီတာ ဂျော်ဒန် ဆိုတဲ့ ထူးချွန်ထက်မြက်တဲ့ အင်ဂျင်နီယာ အကြောင်းကိုပါ သိလာရတာပဲ"

 

"ဒီလိုဆို ၁၉၄၃ လည်းရောက်ရော ရေလက်ကြားကို ဖြတ်ပြီး ဆိပ်ကမ်းအတု အကူအညီနဲ့  ထိုးစစ်ကြီး ဆင်နွှဲဖို့ ဆုံးဖြတ်လာကြတဲ့အခါ  ဗြိတိသျှနဲ့ အမေရိကန် ထောက်လှန်းရေးက ခင်ဗျားတို့ အတွက် လုပ်ပေးဖို့ ပီတာ ဂျော်ဒန်ကို ချည်းကပ်လာခဲ့ကြတာပဲ ဆိုပါတော့"

 

"ဟုတ်တယ်၊ အတိအကျ ပြောစတမ်းဆို ၁၉၄၃ အောက်တိုဘာလထဲမှာ"

 

ဗီကာရီ က "ဒီလူက ပြောစရာ မလိုအောင် အဖက်ဖက်က ထူးချွန်တဲ့လူပဲ၊ ခင်ဗျားတို့ ပရိုဂျက် အတွက် တကယ်ကို သင့်တော်တဲ့ လူမျိုး ဆိုရမယ်၊ လူသိလည်းများတယ်၊ သူပညာရပ်နဲ့ ဆိုင်တဲ့ နယ်ပယ်မှာလည်း အများရဲ့ လေးစားခြင်းကို ခံရတဲ့လူ၊ နာဇီတွေဖက်က သူအောင်မြင်မှုတွေ သိချင်ရင် ထွေထွေထူးထူး လိုက်စုံစမ်း ကြည့်နေစရာ မလိုဘူး၊  စာကြည့်တိုက် တခုခု သွားပြီး လှန် လှော ရှာလိုက်တာနဲ့ကို သိနိုင်တယ်၊ နောက်တချက်က သူ့ဇနီး ဆုံးသွားခဲ့တာကလည်း သူ့ရဲ့ ပျော့ကွက်တခုလို ဖြစ်လာတာပဲ၊ ဒီလိုနဲ့ ၁၉၄၃ နှစ်ကုန်ပိုင်းလောက်မှာ ခင်ဗျားက ဟာဒီဂင် ကို အပ်ဗဲယား အရာရှိနဲ့ တွေ့ခိုင်းပြီး ပီတာ ဂျော်ဒန် အကြောင်း ပြောခိုင်းခဲ့တယ်၊ဒါနဲ့ ခင်ဗျားတို့ဖက်က ဘယ်လောက်အတိုင်းအတာ အထိ ပြောခိုင်းခဲ့တာတုန်း"

 

"ဂျော်ဒန်က အခု ဥရောပ ကမ်းတက် တိုက်ပွဲကြီး နဲ့ ဆက်စပ်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းကြီးတခုမှာ ဝင်လုပ်နေပြီ ဆိုတာရယ်၊ ခင်ဗျား ခုန ပြောသွားသလို သူ့မှာ ပျော့ကွက် တခု ရှိနေတာရယ် ကိုပဲ၊ အပ်ဗဲယား လည်း ကျွန်တော်တို့ ဆင်တဲ့ အကွက်ထဲ ဝင်လာပြီး မူလာက သူရ လာတဲ့ သတင်းကို ကနယ်ရစ်ဆီ ပြောတော့တာပဲ၊ ကနယ်ရစ်က ဒီသတင်းကို ဗိုဂဲလ် ကို ပြန်ပြောလိုက်တယ်"

 

"ဒါဆို ခင်ဗျားတို့ ဖက်က နဂိုကတည်းက ကမ်းတက် စစ်ဆင်ရေး နဲ့ ပတ်သက်ပြီး အပ်ဗဲယားကို စာရွက်စာတမ်း အတုတွေ ပေးနိုင်အောင် တမင်တကာ အကွက်ချ စီမံခဲ့ကြတာပဲ၊ ဒီနေရာမှ ပီတာ ဂျော်ဒန်က လူမြင်ကွင်းမှာ ကြိုးတန်းလန်းနဲ့ ချပေးထားတဲ့ ဆိတ်တကောင် ဆိုပါတော့"

 

"အဲ့ဒီအတိုင်း အတိအကျပဲ၊ ပထမဆုံးပေးမယ့် စာရွက်စာတမ်းတွေကို တမင်တကာ ဇဝေဇဝါ ဖြစ်အောင် ဖန်တီးပေးခဲ့တယ်၊ ဒါမှလည်း သူတို့ အကြား အဓိပ္ပါယ် အမျိုးမျိုးဖွင့်ပြီး အငြင်းအခုံတွေ ဖြစ်လာကြမယ်၊ ဖီးနစ် ယူနစ်တွေက လေယာဉ်ပြစ် အမြှောက်တွေ ထားဖို့လား၊ ဒါမှ မဟုတ် ဆိပ်ကမ်းအတု အတွက်လား အမျိုးမျိုး ယူဆလို့ ရနေတယ်။ သူတို့ အချင်းချင်း ငြင်းကြခုံကြ၊ ရန်ဖြစ်ကြ၊ အဲ့တာမျိုးတွေ ဖြစ်လာအောင် ရည်ရွယ်လုပ်ခဲ့တာပဲ၊ ခင်ဗျား ပြောပြောနေတဲ့ ဆွန်ဇူး လေ"

 

"ရန်သူကို အောက်ခြေက လှိုက်စားအောင်လုပ်၊ ဝင် ပူးသတ်၊ သူတို့ ခေါင်းဆောင်‌ တွေ အကြား သွေးကွဲလာအောင် ဖန်တီး"

 

"အတိအကျပဲ၊ ဟစ်တလာရဲ့ ကိုယ်ပိုင် ထောက်လှန်းရေး အဖွဲ့ အက်စ်ဒီ နဲ့ အပ်ဗဲယားအကြားမှာ ပွန်းတိုက်မှုတွေ ဖြစ်လာအောင် မြှောက်ပေးခဲ့တာပဲ၊ ဒီလို ဖြစ်လာဖို့ အလွယ်တကူ ကောက်ချက်ချနိုင်တာမျိုး မဖြစ်အောင်လည်း သတိထားရတယ်၊  ပါတီပွဲ စစ်ဆင်ရေး က ထွက်လာတဲ့ စာရွက်စာတမ်းတွေကနေ  ဘာတွေ ဖြစ်မလဲဆိုတာ တဖြေးဖြေး နဲ့ရုပ်လုံးပေါ်လာ‌ အောင် ဖန်တီးထားတာပဲ၊ ရုပ်လုံးပေါ်လာတာနဲ့ တပြိုင်တည်း ဟစ်တလာ ရှေ့ ရောက်သွား မှာပဲ"

 

"ဘာလို့များ အဲ့လောက် ဒုက္ခခံပြီး လုပ်နေဖို့ လိုလို့လဲ၊ ဖမ်းမိထားတဲ့ အေးဂျင့်‌တွေထဲက ကိုယ့်ဖက် ပါလာတဲ့ တယောက်ယောက်ကို သုံးလို့ မရဘူးလား၊ ဒါမှ မဟုတ်လည်း ကိုယ်ဖာသာ ဖန်တီးထားတဲ့ အေးဂျင်လိုမျိုး သုံးရင်ကော၊ ဘာလို့ ကိုယ်ထဲက တကယ့်အင်ဂျင်နီယာ အစစ်ကို သုံးရတာလဲ၊ ဒီလိုမျိုး အင်ဂျင်နီယာကို ကိုယ့်ဖာသာ ဖန်တီးလို့ ရနေတာပဲ"

 

"အကြောင်း နှစ်ချက် ရှိတယ်ဗျ၊ ပထမ တချက်က ခင်ဗျား ပြောသလို မျိုး လုပ်လို့ ရပေမယ့် သိတ်လွယ်လွန်းနေတယ်၊ သူတို့ဖာသာ လှုပ်ရှားလာအောင် လုပ်မှ ဖြစ်မယ်၊ သူတို့ အယူအဆတွေ အပေါ် ကျွန်တော်တို့ဖက်က မသိလိုက် မသိဖာသာ လွှမ်းမိုးသွားစေချင်တယ်၊ သူတို့ဖက်က ဂျော်ဒန်ကို ပစ်မှတ်ထားမှ ဖြစ်တော့မယ်လို့ သူတို့သဘောနဲ့ သူတို့ ဆုံးဖြတ်လာတာ မျိုးပဲ ဖြစ်စေချင်တယ်၊ နှစ်ဖက်ချွန် သူလျို တယောက်ရဲ့ လက်သုံးစကားလည်း ရှိတယ် မဟုတ်လား၊ အလွယ်တကူ ရလာတဲ့ ထောက်လှန်းရေး သတင်းမျိုးကို အလွယ်တကူပဲ ချောင်ထိုး ပစ်ကြတတ်တယ် ဆိုတာလေ၊ အခုဟာက တသီကြီး သွယ်တန်းလာတဲ့ သတင်းမျိုးဗျ၊ ဟာဒီဂင်ကနေ မူလာ၊ မူလာ ကနေ ကနယ်ရစ်၊ ကနယ်ရစ်ကနေ ဗိုဂဲလ်၊ ဗိုဂဲလ်ကနေ ကက်သရင်း ဘလိတ်အထိပဲ ဆိုပါတော့ဗျာ"

 

"တော်ပါပေတယ်ဗျာ၊ ဒါနဲ့ ဒုတိယ အကြောင်းကကော ဘာများပါလိမ့်"

 

"ဒုတိယ အကြောင်းက ကျွန်တော်တို့ဖက်က ဗြိတိန်မှာ လှုပ်ရှားနေတဲ့ ဂျာမန် စပိုင်တွေ အကုန်လုံးကို မမိသေးဘူး ဆိုတာကို ၁၉၄၃ နှစ်ကုန်ပိုင်းလောက်မှာ သတိထားမိလာတယ်၊ ကပ် ဗိုဂဲလ်နဲ့ သူရဲ့ စပိုင်ကွန်ယက် ရှိနေတယ် ဆိုတာ ကျွန်တော်တို့ သိလာခဲ့တယ်၊ တဆက်တည်း သူရဲ့ အေးဂျင့်တွေထဲက တယောက် က အမျိုးသမီး ဆိုတာပါ သိလာတယ်၊ ဗိုဂဲလ်က သူရဲ့ အေးဂျင့်တွေကို အင်မတိ အင်မတန် သတိထားပြီးကို ဗြိတိန်ထဲမှာ မြုပ်နှံထားတာ ဆိုတော့ သူတို့ကို အပြင်ထွက်လာအောင် မလုပ်နိုင်ဘူး ဆိုရင် ဘယ်သူဘယ်ဝါတွေလဲဆိုတာ ကျွန်တော်တို့ ဘယ်လိုမှကို မသိနိုင်ဘူး၊ ခင်ဗျား မှတ်မိလား အဲ့ဒီ အချိန်မှာ ဘော်ဒီဂတ် ဆိုတဲ့ စစ်ဆင်ရေး ကြီး အပြည့်အဝ အကောင်အထည် ဖေါ်တော့မယ် ဆိုတာလေ၊ ဘော်ဒီဂတ် စစ်ဆင်ရေးနဲ့ ကျွန်တော်တို့ဖက်က ဂျာမန်တွေကို သတင်းမှားတွေ ဒလစပ် ထုတ်လွှင့်လာတော့မှာ၊ ဒီနေရာမှာ ဗိုဂဲလ် အေးဂျင့်တွေ နိုင်ငံထဲမှာ လှုပ်ရှားနေတုန်းပဲဆိုရင် ကျွန်တော်တို့ဖက်က ဘယ်လိုနည်းနဲ့မှ စိတ်ချလက်ချ လုပ်နိုင်တော့မှာ မဟုတ်ဘူး၊ သူတို့အားလုံးကို ဖေါ်ထုတ်ထားနိုင်မှကို ဖြစ်မယ်၊ ဒါမှလည်း ကျွန်တော်တို့ဖက်က ပေးတဲ့ သတင်းမျိုး နဲ့ ကွဲပြားနေတာမျိုးတွေ ဂျာမန်တွေ မရအောင် အသေအချာ လုပ်ထားနိုင်မှ လည်း ဖြစ်မှာကိုးဗျ"

 

"ဗိုဂဲလ် ရဲ့ ကွန်ယက်ကြီး ရှိနေတာကို ခင်ဗျား ဘယ်လိုလုပ် သိတာတုန်း"

 

"ကျွန်တော်တို့ကို ပြောလာလို့ပဲ"

 

"ဘယ်သူက ပြောတာလဲ"

 

ဘုသီက ဘာမှ ဆက်မပြောပဲ ခြေလှမ်းအနည်းငယ် ဆက်လျှောက်နေပြန်သည်။ သူ့စီးထားသော ဝယ်လင်တန် ဘွတ်ဖိနပ်ထိပ်တွင် ကပ်နေသော ရွှံ့များကို စိုက်ကြည့်နေသည်၊ ပြီးမှ "အဲ့တာ ကို ပြောလာတဲ့ လူက ဝီလျံ ကနယ်ရစ် ကိုယ်တိုင်ပဲ" ဟု ပြောလိုက်သည်။

 

"ကနယ်ရစ် ဟုတ်လား"

 

"သူ ကိုယ်တိုင်တော့ မဟုတ်ဖူးပေါ့ဗျာ၊ သူလွှတ်လိုက်တဲ့ လူတယောက်က တဆင့် ပြောလာတာ၊ ဘယ်အချိန်လောက်ကလဲဆို ၁၉၄၃ နွေရာသီ ကုန်ခါနီးလေးမှာပဲ၊ ခင်ဗျား အနေနဲ့ အခုလို သိလိုက်ရတော့ အတော်လေး တုန်လှုပ်ကောင်း တုန်လှုပ်သွားနိုင်တယ်၊ ကနယ်ရစ်က တကယ်တော့ ဂျာမန်လို Schwarze Kapelle ခေါ်တဲ့ "မဟူရာ သံစုံတီးဝိုင်းကြီး" အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ၊ စစ်ပွဲကြီး အဆုံးသတ်နိုင်ဖို့က ဟစ်တလာကို ဖြုတ်ချ နိုင်မှ ဖြစ်မယ်ဆိုတာ လက်ခံထားတဲ့ အဖွဲ့ပဲ၊ ဒီ အတွက် MI-6 အကြီးအကဲ ဆာ စတူးဝပ် မင်းဇီးနဲ့ သူ့အဖွဲ့ရဲ့ ထောက်ခံမှု ကို လိုချင်နေတော့ ချစ်ကြည်ရေး သဘော အနေနဲ့ ဗိုဂဲလ် ကွန်ယက် ရှိနေတာကို မင်ဇီး ဆီ အကြောင်းကြားလိုက်တာပဲ၊ မင်ဇီးက သက်ဆိုင်ရာ ထောက်လှန်းရေး အဖွဲ့တွေကို ပြောပြလာတဲ့ အခါမှာတော့ ကျွန်တော်တို့ဖက်က ပါတီပွဲ ကြီး အမည်ပေးပြီး စစ်ဆင်ရေး တခု စလုပ်ဖို့ ကြံလာကြတာပဲ"