ထိုင်း နှင့် မလေးရှား ရေနံကုမ္ပဏီကြီးများ ထွက်ပြီ စစ်ကောင်စီ ဝင်များ တရုတ် အား အသနားခံ

by Hla Soewai - Apr 30 2022

ထိုင်း ၏ ရေနံ နှင့် သဘာဝဓါတ်ငွေ့ ကုမ္ပဏီ PTTEP နှင့် မလေးရှား၏ Petronas တို့သည် ရဲတံခွန် ဓါတ်ငွေ့ အကွက် တူးဖေါ်နေခြင်းမှ လုပ်ငန်းများ ရပ်ဆိုင်းတော့မည်ဟု သောကြာနေ့က ကြေညာလိုက်ပြီ ဖြစ်သည်။

 

မြန်မာပြည်မှ နိုင်ငံတကာ စွမ်းအင် ကုမ္ပဏီကြီးများ အလုအယက် ထွက်ခွာလျှက် ရှိနေခဲ့ရာ အဆိုပါ ကုမ္ပဏီများ နောက်က လိုက်ပါလာလေသည်။

 

Petronas သည် အကျယ်အဝန်းအားဖြင့် ကီလိုမီတာ ၂၄,၁၃၀ ရှိသော ရဲတံခွန်၏ ၄၁ % နှင့် PTTEP သည် ၁၉.၃% ကို အသီးသီး ပိုင်ဆိုင်ထားကြသည်။

 

PTTEP သည် ချေဗရွန် နှင့် တိုတယ် တို့ ထွက်ခွာသွားပြီးနောက် ၎င်းတို့ ဆက်လက် တာဝန်ယူသွားမည်ဟု မတ်လ အတွင်းက ပြောဆိုခဲ့ပြီး ဖြစ်သည်။

 

ယခုအခါ ထွက်ရသည့် အကြောင်းရင်းကို ရေရေရာမသိရသေးသော်လည်း Petronas သည် စစ်အာဏာသိမ်း အဖွဲ့ အပေါ် သဘောထား တင်းမာနေသည့် မလေးရှား အစိုးရ၏ ဖိအားပေးမှုကြောင့်လည်း ဖြစ်နိုင်ပေသည်။

 

စစ်အာဏာသိမ်း အဖွဲ့ လက်ထက်တွင် ပြည်သူများသည် မြင်မကောင်းအောင် အမှောင်ထဲတွင် နေထိုင်လာရပြီ ဖြစ်၍ ယခုအခါ သင့်တင့်သည့် ဈေးနှုန်းဖြင့် ရုရှားမှ လောင်စာဆီများ တင်သွင်းခွင့်ရရေး အတွက် ဆွေးနွေးနေ ကြပြီဟု ဇော်မင်းထွန်း၏ အပြောကို ကိုးကား၍ Bloomberg သတင်းတွင် ဖေါ်ပြလာသည်။ ရုရှား စွမ်းအင် ဝန်ကြီးဌာနကမူ ထိုသတင်းအပေါ် ဝေဖန်ချက် တစုံတရာ ပေးရန် ငြင်းပယ်သွားခဲ့သည်။

 

ယခုအခါ ဈေးနှုန်းများ ကြီးမြင့်လာမှုကြောင့် LNG သုံး ဓါတ်အားပေး စက်ရုံများကို ရပ်ဆိုင်းထားခဲ့ရပြီ ဖြစ် သည်။

 

ရုရှား ဖက်ဒရေးရှင်း အတွင်းရှိ “ဝ” များကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တဝက်တပျက်သာ ရရှိထားသော လူဦးရေ ၃.၇ သန်းသာ ရှိသည့် တာတာစတန် နိုင်ငံ မှ သမ္မတ ဆိုသူ ရောက်ရှိလာစဉ် စွမ်းအင် ပြတ်လတ်နေသည့် ကိစ္စ အပေါ် အကူအညီရရေး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

 

အကြမ်းဖက် စစ်ကောင်စီ ဝင် နှစ်ဦး ဖြစ်သည့် မောင်မောင်အုန်း နှင့် အောင်နိုင်ဦး တို့မှ မကြာသေးမီအချိန် ပြည်ပ သတင်းဌာနများနှင့် အွန်လိုင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တရုတ်မှ ရေအားလျှပ်စစ် ထုတ်လုပ်ရန် ဆည် တည်ဆောက်ရေး လုပ်ငန်းများ တွင် ဝင်ရောက် လုပ်ကိုင်ကြရန် ဖိတ်ခေါ်ပြီး ယခုအခါ ယခင်ကကဲ့သို့ ဆန့်ကျင်ကန့်ကွက်မည့် လူများ ထွက်လာစရာ အကြောင်းမရှိတော့၍ စိတ်အေး လက်အေး လုပ်နိုင်ပြီ ဖြစ် ကြောင်း ဧရာဝတီ သတင်းတွင် ရေးသားလာသည်။

 

တရုတ် ပြည်သူ့နေစဉ် သတင်းစာ အနေနှင့် ထိုသို့ ရင်းနှီးမြှုပ်နှံပါက လုံခြုံရေး အာမခံ နိုင်မည်လား နှင့် လှိုင်သာ ယာတွင် စက်ရုံများ မီးရှို့ခံရသည်များ အပေါ် ထောက်ပြမေးမြန်းခဲ့သည်များအား ပြန်လည် ဖြေရာတွင် အဆိုပါ ဒေသများသည် တိုက်ရိုက် စစ်အုပ်ချုပ်ရေး အောက်သို့ ထည့်သွင်းလိုက်ပြီ ဖြစ်၍ နောက်ထပ် ဖြစ်လာစရာ အကြောင်းမရှိ သည့်အပြင် တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် ဥပဒေတွင် ထည့်သွင်း ပြဠာန်း ပေးသွားမည်ဟု ဆိုသည်။

 

အနောက်နိုင်ငံများသည် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို စိုးရွံ့လာပြီး ရုပ်သေး အစိုးရမျိုး တင်မြှောက်နိုင်ရန် ဖျက်လိုဖျက်ဆီး သတင်းမှားများ ဖြန့်ဝေနေကြခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသွားခဲ့ပြန်သည်။

 

CCTV သတင်းထောက်မှ တော်လှန်ရေးကြီး ဖြစ်လာနေ၍ ရွေးကောက်ပွဲကို ပြောထားသည့် အတိုင်း ကျင်းပ ဖြစ်မည်လော ဆိုသည့် အမေးအား မိမိတို့မှ နိုင်ငံ ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရသည် ရဲစခန်းများကို ဝင်တိုက်နိုင်သော အဆင့်သာ ရှိသည်ဟု ဆိုသည်။ ရဲစခန်းများ ကို ဝင်စီးနေခြင်းသည် အရေးမပါ၍ တိုက်လျှင် တိုက်ပစေ သဘောမျိုး သက်ရောက်နေသည်။

 

တရုတ်သည် မြန်မာ အပေါ် အမြဲတမ်း နားလည်မှုရှိ၍ အကူအညီပေးတတ်သော နိုင်ငံဖြစ်၍ ယခုလည်း ရွေး ကောက်ပွဲ မတိုင်မီ အကူအညီများ ပေးပါရန် မောင်မောင်အုန်းက တောင်းဆိုခဲ့ပြန်သည်။

 

အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများသည် နိုင်ငံ ကို မည်သို့ ထိခိုက်နေသနည်း ဆိုသည့် အ‌မေးအား အောင်နိုင်ဦးက ဖြေကြားရာတွင် မိမိတို့ အစိုးရကို ထိခိုက်ခြင်း မရှိဘဲ စီးပွားရေး လုပ်ငန်းများနှင့် လူထုကိုသာ ထိခိုက်နေသည်ဟု တာဝန်မဲ့စွာ ဖြေဆိုသွားခဲ့သည်။ အစိုးရ အဖွဲ့ဟု အမည်ခံထားသူများက မိမိတို့ ပြုတ်ကျ သွားစရာ အကြောင်းမရှိ၊ လူထု သာ ခံစရာရှိလျှင် ခံ ဟု ဆိုလိုရင်း ဖြစ်သည်။

 

တရုတ် ရင်းနှီးမြှုပ်နှံမှုများ ရောက်ရှိလာပါက လူများသည် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင် နိုင်မည့် အခွင့်အရေးများ ရလာကြမည် ကို အောင်နိုင်ဦးက လူထု အတွက် တကယ့် မျှော်လင့်ချက် ကြီးအလား ပြောဆိုသွားပြန်သည်။

 

အဆိုပါ ပုဂ္ဂိုလ် နှစ်ဦး ၏ အဖြေများကို ကြည့်ပါက တိုင်းပြည်အား ထိုကဲ့သို့ သော လူများက တရားမဝင် အစိုးရ ပုံစံမျိုး နှင့် အုပ်ချုပ်နေခြင်းသည် မည်မျှ အန္တရာယ် ကြီးလာနေပြီ ဖြစ်သည်မှာ ထင်ရှားနေပေသည်။ စစ်အာဏာ သိမ်း အဖွဲ့သည် အမျိုးသား ဒီမိုကရေစီ အစိုးရ၏ နေရာပေးခြင်း မခံရသော လူများလောက်ကိုသာ အသုံး ပြုနေ ကြရသည်။ ထိုသူတို့၏ ပေါက်ပန်းဈေး အတွေးအခေါ်များ နှင့် တင်းတိမ်နေကြရသည်။

 

လေ့လာသူများ ကမူ တရုတ်သည် လုပ်ငန်း အသစ်များ စဖို့ မရှိ၊ အရင် NLD လက်ထက် သဘောတူထားသည့် လုပ်ငန်းများကိုသာ ပြန်လည် စတင်ရန် ရှိနေသည်။ သို့သော် တရုတ်သည် စစ်အာဏာသိမ်း အဖွဲ့၏ ပျော့ကွက် များကို နင်းကာ စာချုပ်များကို အသာစီးရအောင် ပြန်လည် ချုပ်ဆိုလာမည့် အလားအလာများလည်း ရှိနေသည်။

 

အဆိုပါ သတင်းစာ ရှင်းလင်းပွဲသည်က စစ်ကောင်စီ တဖွဲ့လုံး၏ ပြောခွင့်ရ အဖြစ် ခန့်ထားသော ဇော်မင်းထွန်း ကဲ့သို့ ကြမ်းတမ်း ရိုင်းစိုင်းသော အသုံးအနှုန်းများ သုံးခြင်း မရှိ ဟု ယူဆ၍ရသည်။ ဇော်မင်းထွန်းမှ ၎င်းတို့အား ဆန့်ကျင်ရေး သားနေသည့် မီဒီယာများ အားလုံးကို “ဘောမ” မီဒီယာ၊ အနူ မီဒီယာများ အဖြစ် သုံးနှုန်း ပြောဆို သွားပြီး ဘော မမခင် လက်ကို စင်ကြယ်အောင် ဆေးထားဖို့ပင် ပြောဆိုသွားခဲ့သည့် အဖြစ်မှာ ကြားလိုက်ရသူ အပေါင်း အံအားတသင့် ဖြစ်ခဲ့ကြရသည်။ မည်သို့ပင် ဖြစ်စေ ထိုသို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုသွားသည်ကပင် အကြမ်း ဖက် စစ်တပ် အဖို့ ဇော်မင်းထွန်း ဆင်နွှဲနေသည့် သတင်း မီဒီယာ တိုက်ပွဲတွင် အရေးနိမ့်သွားနေပြီကို အထင် အရှား ပြဆိုနေပေသည်။

 

ဇော်မင်းထွန်း၏ ပေါက်ကရ အပြောများအား အမြဲလို ရီမောနေကြသော ပြည်သူများ အဖို့က ယခုအခါ မိမိတို့ လုံခြုံရေးအတွက် ပို၍ပင် စိုးရိမ်မကင်း ဖြစ်လာနေရသည်။ အာဏာသိမ်း အဖွဲ့မှ ဖွဲ့စည်း ပေးလာသည့် သွေး‌သောက် Death Squad သည် ပေါ်ပေါ်ထင်ထင် ထွက်ပေါ်လာပြီ ဖြစ်ရာ ထိုအဖွဲ့ လက်ချက်ဖြင့် မန္တလေးတွင် ၇ ဦး၊ ရန်ကုန်တွင် ၁ ဦး အသတ်ခံခဲ့ရပြီး ဖြစ်သော်လည်း အခင်း ဖြစ်ရာ နေရာများသို့ တာဝန်ရှိသူ မည်သူ တဦးတယောက်မျှ ပင် ရောက်လာခဲ့ကြခြင်း မရှိ‌ပေ။

 

အဆိုပါ အဖွဲ့သည် ၎င်းတို့ထက် အဆမတန် အင်အားကြီးမားသော ပြည်သူတရပ်လုံး အား ဆန့်ကျင် လာနေပြီ ဖြစ်၍ မိမိတို့သာ အရေးနိမ့်တော့မည်ကို နားလည်ထားသင့်ပေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

(အင်္ဂါနေ့က ခင်ဦးမြို့နယ်အတွင်းရှိ သံဘို ရွာ အား အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခံခဲ့ရသဖြင့် အိမ်ခြေ အလုံး နှစ်ရာ ကျော် မီးလောင်ပျက်စီးသွားခဲ့သည်ကို ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည့် ပုံ ဖြစ်သည်)