D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၇၆)

by Hla Soewai - May 01 2022

“အင်း..ဒီတိုင်းဆို ဟစ်တလာရဲ့ စပိုင် အကြီးအကဲကြီး ကိုယ်နှိုက်က သစ္စာဖေါက် ဖြစ်နေတာကိုး။ ဒါတွေ အားလုံးကိုလည်း ခင်ဗျား သိထားပြီးပြီ၊ ကျွန်တော်ကို ဒီကိစ္စ တာဝန်ယူခိုင်းတဲ့ ညကတည်းက ခင်ဗျား သိထားပြီးပြီ၊ ကမ်းတက်စစ်ဆင်ရေး ကြီး နဲ့ လှည့်ဖျားမယ့် အစီအစဉ်တွေကို ခင်ဗျား ပြောခဲ့ပေမယ့် ကျွန်တော်ရဲ့ အကြွင်းမဲ့ သစ္စာရှိမှု ကို သေချာအောင် ခင်ဗျား ဒါတွေကို ထည့်မပြောခဲ့ဘူး၊ ကျွန်တော် စိတ်ကို ဆွပေးပြီး တက်တက်ကြွကြွ ဖြစ်လာအောင် နဲ့ တဖက်က လည်း ကျွန်တော်ကို လိုသလို ကိုင်တွယ်လို့ ရအောင် ခင်ဗျား လုပ်ခဲ့တာပဲ”

 

“အားတော့နာတယ် .. အဲ့ အတိုင်း ပဲ”

 

“ဒီလိုဆိုရင် ကျွန်တော် အလုပ်က ပိုးစာပင် စစ်ဆင်ရေး ဆိုပြီး ရန်သူကို လှည့်စားဖို့ နဲ့ တချိန်တည်းမှာ ဗိုဂဲလ် ရဲ့ အေးဂျင့်တွေ အပြင်ကို ဆွဲထုတ်ပြီး ရှင်းပြစ်နိုင်ဖို့ပဲပေါ့”

 

“ဟုတ်တယ်” ဟု ဘူသီက ပြောလိုက်ပြီး “အဲ့..နောက်တခု ရှိသေးတယ်၊ ကနယ်ရစ်ကို ကမ်းတက်စစ်ဆင်ရေး စတဲ့ အချိန်အထိ ရာထူးက ပြုတ်ကျမသွားအောင် သတင်းထူးတွေ ပေးထားဖို့ပဲ၊ ကျွန်တော်တို့က ရှလင်းဘတ်ခ် နဲ့ ဟင်းမလားတို့ ထိန်းချုပ်လာမှာကို ဘယ်လိုမှ မလိုလားဘူး၊ ကနယ်ရစ် ရှိနေသရွေ့ အပ်ဗဲယားကို လုံးဝမလှုပ်နိုင်အောင် လုပ်ထားပြီး ကျွန်တော်တို့ဖက်က လိုသလို ကိုင်တွယ် သွားနိုင်မှာ၊ ရှလင်းဘတ်သာ ထိန်းချုပ်လာမယ် ဆိုရင် အရင် ကနယ်ရစ် လုပ်သမျှတွေ အားလုံးကို မေးခွန်းထုတ်ပြီး စီစစ်လာတော့မှာ အမှန်ပဲ၊ ဒါပေမယ့် ကျွန်တော်တို့ မအောင်မြင်ခဲ့ဘူး၊ ကနယ်ရစ် ရာထူးက ဖြုတ်ချခံရပြီး ရှလင်းဘတ် လက်ထဲပဲ အပ်ဗဲယားလည်း နောက်ဆုံး ရောက်သွားတော့တာပဲ”

 

“ဒါဆို ကနယ်ရစ် ကျဆုံးသွားတာနဲ့ နှစ်ဖက်ခွ သူလျို စစ်ဆင်ရေး နဲ့ ဘော်ဒီဂတ်က ပျက်သုံးသွားရမှာလေ၊ အဲ့လို ဘာကြောင့် ဖြစ်မလာခဲ့တာလဲ”

 

“အိုး..ဒါလား၊ ရှလင်းဘတ်က အင်္ဂလန်ကို သူလျို အသစ်တွေ ထပ်လွှတ်ဖို့ထက် သူရဲ့ ကျယ်ပြန့်လာတဲ့ အင်ပိုင်ယာ အသစ် ကြီး ကို ထိန်းချုပ်နိုင်ဖို့ပဲ စိတ်ဝင်စားနေတယ်လေ၊ တကယ်ကို ပြောင်မြောက်တဲ့ ဗျုရိုကရက် တယောက်ပဲဗျ၊ အားလုံးကို အသစ် ပြန်ဖွဲ့စည်းတယ်၊ ရုံးတွေကို ဟိုပြောင်း ဒီပြောင်း လုပ်တယ်၊ ဖိုင်တွေလည်း ဟိုလူဆီ ရောက်၊ ဒီလူဆီရောက်အောင် ရွှေ့ပြစ်တယ်၊ ဒါမျိုးတွေ ပေါ့ဗျာ။ ဘယ်လောက် အရည်အချင်း ရှိရှိ ကနယ်ရစ် အပေါ် သစ္စာရှိတဲ့ လူတွေ မှန်သမျှ ကန်ထုတ်ပစ်ပြီး အတွေ့အကြုံ မရှိတဲ့ လူသစ် လေးတွေနဲ့ အစားထိုးတယ်။ အဲ့ဒီအတော အတွင်း အပ်ဗဲယား ဌာနချုပ်မှာ ကျန်နေတဲ့ အရာရှိတွေက သူတို့ ဗြိတိန်ကို လွှတ်ထားတဲ့ သူလျိုတွေ က အစစ်အမှန် ဖြစ်ကြောင်း၊ ရတဲ့ သတင်းတွေကလည်း အကျိုးရှိကြောင်း သက်သေပြဖို့ အလုပ်တွေ ရှုပ်နေကြတယ်၊ ရှင်းရှင်းပြောရရင် အဲ့လို သက်သေပြနိုင်ဖို့က သူတို့ အတွက် သေရေး ရှင်ရေး တမျှ အရေးကြီးလာနေတာကိုး၊ သူတို့ လွှတ်ထားတဲ့ အေးဂျင့် တွေ က ဗြိတိသျှတွေရဲ့ ထိန်းချုပ်မှု အောက် ရောက်နေတယ်လို့များ ဝန်ခံလိုက်လို့ကတော့ အရှေ့ခြမ်း စစ်မျက်နှာကို သွားဖို့ ရရာ ရထားနဲ့ တင်ပြီး အလွှတ်ခံရဖို့ သေချာသွားပြီ၊ ဒီထက်မက ဆိုးတာတွေလည်း ဖြစ်သွားနိုင်တယ်”

 

သူတို့နှစ်ဦးလည်း ရှေ့ဆက် ဘာစကား မှ မပြော တော့ပဲ တိတ်ဆိတ်စွာ လမ်း ဆက်လျှောက်နေကြသည်၊ ဗီကာရီ ၏ ခေါင်းထဲတွင်တော့ ဘုသီ ပြောသမျှ ကို အနုလုံ ပဋိလုံ စဉ်းစားနေသည်၊ သူ့၏ ခေါင်းသည်ပင် ချာချာ လည်လာနေသည်၊ သူ့တွင် မေးစရာ မေးခွန်းများက ထောင်သောင်းမက ထွက်ပေါ်လာနေသည်၊ သို့သော် မေးလိုက်က ဘုသီ သည် ရှေ့လျောက် ဆက်မပြောတော့ပဲ ရပ်သွားမည်ကိုလည်း စိုးရိမ်မိပြန်သည်။ ထို့အတွက် သူ့၏ စိတ်တွင် ပွက်ပွက်ဆူလာနေသော စိတ်ခံစားမှုများကို ဘေးချိတ်ပြီး အရေးကြီးဆုံး မေးခွန်းများကို အရင်မေးရန် ခေါင်းထဲတွင် စီနေသည်၊ တိမ်တိုက်များက နေ ကို ဖုံးလွှမ်းသွားနေပြီ ဖြစ်၍ အအေးဓါတ်က စိမ့်ဝင်လာနေပြီ ဖြစ်သည်။

 

“အဲ့တာတွေ အားလုံး အလုပ်ဖြစ်ခဲ့ရဲ့လား”

 

“ဟား...သိတ်ကို ဖြစ်တာပေါ့ဗျာ၊ ပြောစရာတောင် မလိုဘူး”

 

“အဲ့တာဆို  လော့ဒ် ဟော-ဟော ရဲ့ အသံလွှင့်ချက်ကကော” ဟု မေးလိုက်ရင်း အဒေါ် မာတီဒါလ် ၏ အိမ် ဧည့်ခန်း တွင် ထိုင်နေစဉ် ကြားခဲ့ရသည့် သတင်း အတွက် သူ့တကိုယ်လုံး အေးစက်တောင့်တင်းသွားခဲ့ရသည့် အဖြစ်ကို သတိရမိသွားသည်။ “ခင်ဗျားတို့ ဒီ ကွန်ကရိတုံးကြီး တွေကို ဘယ်လို ရည်ရွယ်ချက် နဲ့ ဆောက်ခဲ့တာလဲ ဆိုတာ ကျွန်တော်တို့ သိထားပြီးပြီ။ ထိုးစစ်ဆင်လာတုန်းမှာ ဒီအတုံးကြီးတွေကို ကျွန်တော်တို့ ကမ်းခြေမှ မြုပ်ပစ်လို့ ရမယ် ထင်နေတာလား။ အဲ့လိုဆိုရင်တော့ ခင်ဗျားတို့ လွှတ်ထားတဲ့ ကောင်လေးတွေကို ကျွန်တော်တို့ဖက်က အကူအညီ ပေးရတာပေါ့ဗျာ,....”

 

“ဟုတ်တယ်..ဒီလူရဲ့ အသံလွှင့် တာကို နားထောင်ပြီး မဟာမိတ် စစ်ဌာနချုပ်မှာ ခြေမကိုင်မိ လက်မကိုင်မိတွေ ဖြစ်ကုန်ကြတယ်၊ ဒါကလည်း ဂဂနန မသိတဲ့ လူတွေလောက် လို့ပြောရမယ်” ဟု ဘုသီက ကိုယ့်ကိုကိုယ် ဟုတ်လှပြီ ဆိုသော အပြုံးမျိုး နှင့် ပြောလိုက်သည်။ “ဘာ ဖြစ်လို့လဲ ဆိုတော့ ပါတီပွဲ စစ်ဆင်ရေး နဲ့ သတင်းမှားတွေ ပေးပြီး ရန်သူကို လှည့်စားထားတယ် ဆိုတာ သိတဲ့လူ နဲနဲက ဒါဟာ အပြီးသတ် ပဲလို့ သဘောပေါက်ထားကြပြီ၊ အိုက်စင်ဟောင်ဝါ က ဝါရှင်တန် ကို ကြေးနန်း ရိုက်ပြီး ပိုးစာပင် စစ်ဆင်ရေး ကွန်ကရိ တုံးတွေ ရေလက်ကြားကို ဖြတ်ရင်း မတော်တဆ အမြုပ်ခံခဲ့ရရင် လိုက်လာတဲ့ လူတွေ ကယ်နေတုန်း သင်္ဘော အစီး ငါးဆယ် လောက်နဲ့ ဝိုင်းပိတ်ပေးထားဖို့ အကြောင်းကြားထားတယ်၊ ဒီလို အကြောင်းကြားတဲ့ ကြေးနန်းကိုလည်း ဂျာမန်တွေ ဖက်က သိအောင် ကျွန်တော်တို့ လုပ်ခဲ့တယ်”

 

“ကျွန်တော်တို့ရဲ့ နှစ်ဖက်ချွန် သူလျို တိတ် ကို မဟာမိတ် စစ်ဌာနချုပ် အထဲက သတင်း အရင်း အမြစ်တခုက ရလာတာ ဆိုပြီး အဲ့ဒီ ကြေးနန်းကို အပ်ဗဲယားက သူ့လူတွေဆီ ပို့ခိုင်းလိုက်တယ်၊ ရက်အတော်လေးကြာတော့ ဂျပန် သံအမတ်ကြီးက ကမ်းရိုးတန်း ကာကွယ်‌ရေး ကို လိုက် ကြည့်တယ်၊ သူ့ကိုလည်း အတူ လိုက်သွားတဲ့ ရမ်းစတက် က အသေးစိတ် ရှင်းပြခဲ့တယ်။ ရမ်းစတက်က ပိုးစာပင် စစ်ဆင်ရေး ရှိတယ် ဆိုတာ သိထားကြောင်း နဲ့ ဒါကလည်း လေယာဉ်ပစ် အမြှောက်တွေ ထားဖို့ ရေပေါ် မျှော်စင်တွေ အတွက် လုပ်နေတာကို အပ်ဗဲယား အေးဂျင့်တွေက သိလာခဲ့တယ် ဆိုတာတွေ ရှင်းပြခဲ့တယ်၊ သံအမတ်လည်း သူသိလာတဲ့ သတင်းကို တိုကျိုက မာစတာတွေဆီ ကြေးနန်းရိုက် ပို့လိုက်တယ်။ သူရဲ့ ကြေးနန်းကိုလည်း အခြား ဟာတွေလိုပဲ ကျွန်တော်တို့ဖက်က ကြားဖြတ် ဖမ်းယူ နိုင်ခဲ့တယ်၊ ချက်ခြင်းဆိုသလိုပဲ ပါတီပွဲ စစ်ဆင်ရေးကြီး အောင်မြင်သွားပြီဆိုတာ ကျွန်တော်တို့ ချက်ခြင်းပဲ သိလိုက်တယ်”

 

“ဒါတွေ အားလုံး ဘယ်အဖွဲ့က ဒိုင်ခံ ကြီးကြပ်နေတာလဲ”

 

“MI-6 ပဲ၊ သူတို့က စပြီး ဖန်တီးခဲ့တာပဲ၊ ကျွန်တော်တို့ကလည်း သူတို့ပဲ လုပ်ပစေဆိုပြီး ခွင့်ပြုလိုက်တယ်လေ”

 

“အဲ့တာတွေ ကို ဌာနထဲက ဘယ်သူတွေ သိထားလဲ”

 

“ကျွန်တော်ရယ်၊ ညွှန်ချုပ် နဲ့ နှစ်ဖက်ခွ သူလျို ထိန်းချုပ်ရေး ကော်မတီက မာစတာမင်း ရယ်ပဲ”

 

“ဘယ်သူက တာဝန်ယူ လုပ်ခဲ့တာလဲ”

 

ဘုသီက ဗီကာရီကို တချက် ကြည့်လိုက်ပြီး “ဘရွန်း ပေါ့၊ ဘယ်သူရှိမလဲ”

 

“ဘရွန်း ဆိုတာ ဘယ်သူလဲဗျ”

 

“ဘရွန်း ဆိုတာ ဘရွန်းပဲ ပေါ့ဗျာ”

 

“ကျွန်တော် နားမလည် နိုင်တာ အဲ့တာပဲ၊ ခင်ဗျားတို့က အမှုကို ကိုင်တွယ်နေရတဲ့ လူကို ဘာလို့ လိမ့်လည် လှည့်စားထားရလဲ ဆိုတာ”

 

ဘုသီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်၊ သူ့စိတ်ထဲတွင် ထိုအကြောင်းများကို သတိရသွား၍ စိတ်မကောင်း ဖြစ်သွားပုံရသည်၊ တောတန်းတဖက်မှ ရစ်ငှက် တအုပ်ကြီး ကောင်းကင်သို့ ပျံတက်သွားသည်၊ ဘုသီက သွားနေရာမှ ရပ်လိုက်ပြီး တိမ်ဆိုင်များ ကို မော့ကြည့်နေသည်။

 

“မိုးရွာတော့မယ့် ပုံပဲဗျ၊ ပြန်လှည့်ကြမှ ကောင်းမယ် ထင်တယ်”

 

သူတို့လည်း လာရာလမ်း အတိုင်း ပြန်လျှောက်လာခဲ့ကြသည်။

 

“ကျွန်တော်တို့ ခင်ဗျား ကို လှည့်ဖျားထားခဲ့မိတယ် အယ်ဖရက်၊ ဒါမှလည်း တဖက်က အစစ်အမှန်တွေ လို ယုံကြည်လာကြမှာကိုး၊ ခင်ဗျား သိမထားပဲ လုပ်သင့်လုပ်ထိုက်တာတွေ ယုံယုံကြည်ကြည် နဲ့ လုပ်နေတာမျိုး ပဲ ဖြစ်စေချင်တယ်၊ ဂျော်ဒန်က တချိန်လုံး ကျွန်တော်တို့ ဖက်က လုပ်ပေးနေခဲ့တာကို ခင်ဗျား သိစရာ မလိုဘူးလေ။ တကယ်လည်း မလိုအပ်ဘူး”

 

“အိုး..မိုင်ဂေါ့၊ ခင်ဗျားက ကျုပ်ကို အခြားအေးဂျင့်တွေလို ထိန်းချုပ် ကိုင်တွယ်နေတာပါလား”

 

“ခင်ဗျား အဲ့သလိုမျိုး ပြောလို့ရပါတယ်”

 

“နေပါဦး၊ ကျွန်တော်ကိုကော ဘာကြောင့် ရွေးခဲ့ရတာလဲ၊ ဒီပြင်လူ တယောက် သုံးလို့ မရဘူးလား”

 

“ဘာဖြစ်လို့လည်း ဆိုတာ ပီတာ ဂျော်ဒန်လိုပဲ ခင်ဗျားမှာ ကျွန်တော်တို့ လိုအပ်နေတဲ့ အရည်အချင်းတွေ ရှိနေလို့”