ဧရာဝတီ ပြောသည့် အာဏာသိမ်း အဖွဲ့၏ တပတ်တာ လှုပ်ရှားမှုများ

by Hla Soewai - May 02 2022

ဇော်မင်းထွန်း ၏ စကားလုံးများ

လူတယောက်၏ အဆင့်အတန်းကို သူပြောသည့် စကား နှင့် တိုင်းတာရမည် ဆိုသည့် စကား မှန်ခဲ့လျှင်တော့ ဇော်မင်းထွန်းသည် ဧပြီလ ၂၇ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ ဆိုသော ပွဲတွင် ရုန့်ရင်း ကြမ်း တမ်းသော စကားများ ပြောဆိုသွားသည်ကို ကြည့်လျှင် လွန်စွာ အောက်တန်းကျသော လူဟု သတ်မှတ်ရ ပေတော့မည်။ ဇော်မင်းထွန်းသည် စင်ပေါ်ရောက်လျှင် ရောက်ခြင်းပင် ၎င်းတို့ နှုတ်ထွက် စကားများကို ကြက်တူရွေးလို ရေရွတ်ရန် ငြင်းပယ်ခဲ့ကြသည့် မီဒီယာများအား “နိုင်ငံတော်ကို ဖျက်ဆီးနေကြသူများ” ဟု ကြိမ်းမောင်းလာတော့သည်။

“အကြမ်းဖက် NUG အဖွဲ့အား ဘောမ ပြီး အရသာ ခံနေကြသူများ” ဟု သုံးနှုန်းသွားခဲ့သည်။

ထိုသို့ ကြမ်းတမ်းသော စကားလုံးများသည် ယဉ်ကျေးသော စကားဝိုင်းများတွင် ထည့်သွင်း ပြောဆိုခဲလှသည့် အသုံးအနှုန်းပင် ဖြစ်သည်။ ယခုလို နိုင်ငံတော် အဆင့် သတင်းစာ ရှင်းလင်းပွဲမျိုး တွင် ဇော်မင်းထွန်း ၏ အသုံး အနှုန်းကို နားထောင်မိသော ပြည်သူများက ပညာမဲ့ လူရမ်းကား တဦး၏ အသုံးအနှုံးမျိုး ကို ပထမ တွင် အံ့ဩ မိခဲ့ကြသော်လည်း နောက်တွင်တော့ ၎င်းသည် ပြည်သူတရပ်လုံး ရွံရှာမုန်းတီးနေကြသည့် အဖွဲ့အစည်းအား ကိုယ်စားပြုနေသူ ဖြစ်၍ အဆန်းတကြယ်တော့ မဟုတ်ဟု နားလည်လာခဲ့ကြသည်။

အကြမ်းဖက် စစ်ကောင်စီ ဆိုသည်ကလည်း တကယ်တမ်းတွင် စစ်ယူနီဖောင်း ဝတ်ထားသော အရှက် သိက္ခာ ယဉ်ကျေးမှု ဟူသည်ကို လားလားမျှ နားလည် နိုင်စွမ်း မရှိ၊ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်၊ အိမ်များကို မီးရှို့ရန် ညွှန်ကြားနေသူများ ပင် မဟုတ်ပါလားဟု ဧရာဝတီက ရေးသားထားသည်။

လျှပ်စစ် ဘတ်စ်ကားများ

နေ့စဉ်နှင့် အမျှ တနိုင်ငံလုံး အတိုင်းအတာဖြင့် မီးများ ဖြတ်တောက် ခံနေရသော်လည်း မင်းအောင်လှိုင်၏ အမိန့်ဖြင့် လျှပ်စစ်ကားများ ဖြစ်နိုင်သမျှ အမြန်ဆုံး ထုတ်လုပ်နိုင်ရေး အတွက် မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲကို နေပြည်တော်တွင် ပြုလုပ်လာခဲ့ကြသည်ဟု ဆက်လက် ရေးသားထားပြန်သည်။

ခြေသလုံး အိမ်တိုင် သမားတဦးက မိမိသည် မကြာသော ကာလအတွင်း လန်ဒန်ရွှေမြို့တော်ကြီးတွင် အိုးပိုင် အိမ်ပိုင် ဖြင့် အခြေချ နေထိုင်ရန် စီစဉ်နေကြောင်း ရပ်ကွက်ထဲရှိ လူတကာ အား လှည့်လည် ပြောဆိုနေသည့် အလားသဏ္ဌာန်တူသည့် မင်းအောင်လှိုင် ၏ ပြောနေသော စကားများကို အကောင်အထည် ဖေါ်ရန် အစည်း အဝေးအား ပို့ဆောင်ဆက်သွယ်ရေး ဌာန တာဝန်ခံ ဆိုသူ တင်အောင်ဆန်း၊ စက်မှု ဌာနမှ ချာလီသန်း နှင့် အာဏာရှင် ဟောင်း ဗိုလ်နေဝင်း၏ မြေးများပိုင် Omni Focus Co. Ltd. မှ တာဝန်ရှိသူ များက နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေး တွင် လျှပ်စစ် ဘတ်စ်ကားများ ထုတ်လုပ်ရန် အစီအစဉ်များကို စိတ်ကူးထဲ ပေါ်လာသမျှ ဆွေးနွေးကုန်ကြသည်။

ပဲ့ကိုင် ကော်မတီ၊ လုပ်ငန်း ကော်မတီများပင် ဖွဲ့လိုက်ကြသေးသည်ဟု သိရသည်။

မင်းအောင်လှိုင်သည် ထိုသို့ ပြေးဆွဲနိုင်ရန် လိုအပ်သော လျှပ်စစ်ဓါတ်အား များ အလုံအလောက် ရရှိ‌ရေး အတွက် နတ်သိကြားများကဲ့သို့ ဖန်တီးပေးနိုင်သော အစွမ်း ရှိသည်ဟု ယုံကြည်နေကြ၍သာ ထိုသို့ အချိန် ကုန်ခံကာ ပြောဆိုနေကြခြင်းလည်း ဖြစ်ပေမည်။

မြန်မာ ပြည်သူများကတော့ မိမိတို့အတွက် ထမင်းချက် မီးပူတိုက်၊ ဖုန်းအားသွင်းရန်သာ လုပ်ပေးတော် မူကြပါဟု တစာစာ တောင်းဆိုနေကြပေသည်။

ပီအာ

ထိုသို့သော သူရူး များ ပင် မကသေး ရွေးကော်ဆိုသည်ကလည်း လာမည့် ရွေးကောက်ပွဲကို ပီအာ စနစ်ဖြင့် ပြုလုပ်သွားမည်ဟု သိရသည်၊။ ပီအာ စနစ်သည် လူပုဂ္ဂိုလ်ကို ရွေးချယ်ရန် မလိုဘဲ ပါတီကိုသာ မဲပေးရမည် ဖြစ်သည်။ ရရှိသော မဲအရေ အတွက်ကို မူတည်၍ ပါတီတခုသည် လွှတ်တော်တွင် မည်ရွေ့မည်မျှ ကိုယ်စား ပြုခွင့် ရမည်ကို သတ်မှတ်ပေးမည့် စနစ်ဖြစ်သည်။

ထို့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ယခုအခါ ကွယ်လွန်သွားပြီ ဖြစ်သော ဦးခွန်ထွန်းဦး၏ ရှမ်း အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ အဖို့ လူထု ဆန္ဒ အတိုင်း လွှတ်တော်တွင် ကိုယ်စားပြုခွင့် မရတော့၊ ဥပမာ ဦးကိုကိုကြီး သည် လက်ရှိ စနစ် အတိုင်း သူ ဝင်ရောက်ယှဉ်ပြိုင်ရာ တောင်ဥက္ကလာတွင် ပြီးခဲ့သည့် ရွေး ကောက်ပွဲအတွင်း ခွက်ခွက်လန်အောင် ရှုံးခဲ့သော်လည်း ယခု ပီအာ စနစ် အရ မူ တနိုင်ငံလုံး အတိုင်းအတာ ဖြင့် ရရှိသော မဲအရည်အတွက်ပေါ်မူတည်ပြီး သူ့ပါတီ အတွက် ဥပမာ သုံးနေရာခန့် ကိုယ်စားပြုခွင့် ပေးလာနိုင်သည်။ ထိုအခါတွင် ဦးကိုကိုကြီးသည် လွှတ်တော် ကိုယ်စားလှယ်ကြီး အဖြစ် နတ်ရေကန်ထဲ ပစ်ချလိုက်သည့်အလား နေပြည်တော်သို့ ရောက်လာပေတော့မည်။

မင်းအောင်လှိုင် အဖို့လည်း သူ့စစ်တပ်မှ လွှတ်ထားသော ၂၅ ရာနှုန်းအပြင် ထိုကဲ့သို့ သော ပါတီလေးများ၏ ကျေးဇူးသိတတ်မှု ဖြင့် သမ္မတ ဖြစ်လိုက အသာလေး ဖြစ်လာနိုင်သည်။ ထိုအခါ တွင် ထိုပါတီလေးများထဲမှ သူနှင့် သူ မျက်စိကျသည့် လူများကို ဝန်ကြီးများ အဖြစ် ပြန်၍ သူကောင်းပြုနိုင်ပေသေးသည်။ ထိုကဲ့သို့သော အခွင့်အရေးများ ကို ချောင်းနေသူများအဖို့က အဘယ်သို့များ တောထဲသွားပေမည်နည်း၊ အဘယ်ကဲ့သို့ သူများ ကကော လမ်းပေါ်ထွက်ကာ ကုန်ဈေးနှုန်းများ ကြီးမြင့်၍၊ လောင်စာဆီဈေးနှုန်းများ မြင့်တက်နေ၍ ဆိုကာ ဆန္ဒထုတ်ဖေါ်ပေမည်နည်း။

လက်ရှိတွင် ယူကရိန်း စစ်ပွဲကြောင့် လောင်စာဆီ ဈေးနှုန်းများ တက်ရပါသည်ဟု ပြော၍ ရသော်လည်း မည်သည့် နိုင်ငံမျှ မြန်မာလောက် ရုပ်ပျက်ဆင်းပျက် ဖြစ်မလာခဲ့သေးပေ။

သွေးသောက်

စစ်တပ်သည် ဥပဒေများကို မျိုးစုံ ထုတ်နေသည့်အကြားမှ ယခုအခါ ပြည်သူ့လုံခြုံရေး စနစ် အကောင်အထည် ဖေါ်မည် ဆိုကာ ၎င်းတို့ သွတ်သွင်းရန် ကြိုးစားနေသည့် စစ်အာဏာရှင် စနစ် ထူထောင်ရေးကို ဆန့်ကျင် နေသူ များအား “အကြမ်းဖက်သမား များ” အမည်တပ်ကာ သတ်ဖြတ် ရှင်းလင်းမည့် အစီအစဉ်ကို လူသိရှင်ကြား ပြောဆိုလာပြီ ဖြစ်သည်။ ထိုအတွက် ပြည်သူ့စစ်များ ဖွဲ့စည်းကာ စစ်တပ် နှင့် ရဲအဖွဲ့က လူအင်အား နှင့် လက်နက်များ ထောက်ပံ့ပေးမည် ဟူ၍ပင် ပြောလာသည်။ ဤသို့ဖြင့် လူရမ်းကားများအား ၎င်းတို့ပင် တရားလို၊ ၎င်းတို့ပင် တရားသူကြီးများ အဖြစ် အပြစ်ဒဏ် စီရင်ခွင့် ပေးလိုက်ခြင်းပင် ဖြစ်သည်။

၎င်းတို့ဖက်က PDF များသည်လည်း ထိုကဲ့သို့ ပြုမူနေကြသည်ဟု ဆင်ခြေပေးနိုင်သော်လည်း လွန်စွာ စဉ်းစား ဉာဏ် ကင်းသည့် ပြောဆိုမှုသာ ဖြစ်သည်၊ PDF များသည် State-actor များ မဟုတ်ကြ။ ၎င်းတို့ က တော်လှန်ရေး အင်အားစုများ ဖြစ်၍ အစိုးရ ဆိုသည့် ကျင့်ထုံးများ၊ ဥပဒေများ၊ နိုင်ငံတကာ ကျင့်ဝတ်များ လေးစား လိုက်နာစရာ မလိုပေ။ ၎င်းတို့ တော်လှန်ရေး အတွက် ဆူးညှောင့်ခလုတ်ဟု ယူဆနေသူများကို ရှင်းလင်းပြစ်မည်သာ ဖြစ်သည်။ ဤသည်ကလည်း သဘာဝ ကျသော ဆုံးဖြတ်ချက်မျိုးပင် ဖြစ်သည်။ ထို့အတွက် မိမိတို့ကိုယ် မိမိတို့ အစိုးရဟု ကြွေးကြော်နေသူများက ပြည်သူများ အပေါ် တော်လှန်ရေး ဆင်နွှဲနေခြင်းပေလော ဟု မေးခွန်းထုတ်စရာ ဖြစ်လာရသည်။

သို့ဆိုလျှင် အကြမ်းဖက် စစ်တပ်သည် ပြည်သူများ အပေါ် တရားဝင် စစ်ကြေညာလိုက်ခြင်းဟု ယူဆ၍ မရပေဘူးလော။

(ဧရာဝတီ၏ Weekly Junta Watch မှ ပါရှိသည်များကို မိမိ အာဘော်ဖြင့် ပြန်လည် ရေးသားထားခြင်း ဖြစ်ပါသည်)

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

Image credit – ကုလ လူ့အခွင့်အရေး ရုံး ချုပ်မှ အာဏာသိမ်း ရက် ၁၀၀ ပြည့်တွင် ထုတ်ပြန်သော ပိုစတာ