ဟွန်ဆန်က မင်းအောင်လှိုင် ကို ဖျောင်းဖျ ပြန်ပြီ

by Hla Soewai - May 04 2022

ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်သည် မေလ ၂ ရက်နေ့က အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် နှင့် အွန်လိုင်းမှ တွေ့ဆုံပြီး အာဆီယံ အထူးသံတမန်ဖြစ်သော သူ၏ နိုင်ငံခြားရေး ဝန်ကြီးအား ယခု လကုန်ပိုင်း စီစဉ်ထားသည့် ခရီးစဉ်တွင် နိုင်ငံတော် အတိုင်ပင်ခံ၊ သမ္မတ ဦးဝင်းမြင့်တို့နှင့် တွေ့ဆုံ ဆွေးနွေးခွင့် ပေးရန် စသော နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြောင်း သတင်းထုတ် ပြန် ခဲ့သည်။

ဟွန်ဆန် ထိုသို့ ပြောဆိုနေချိန်တွင် နေပြည်တော်ရှိ အမည် မသိ တနေရာတွင် ဖွင့်ထားသော တရားရုံးတွင်မူ ဆောက်လုပ်ရေး လုပ်ငန်းရှင် သူဌေးကြီး မောင်ဝိတ် ဆိုသူထံမှ ဒေါ်လာ ငါးသိန်းခွဲကို နှစ်ကြိမ် ခွဲပြီး လက်ခံခဲ့သည် ဆိုသော အမှု နှင့် ဒေါ်အောင်ဆန်းစုကြည်က အမှု စတင် စစ်ဆေးနေပြီ ဆိုသည်ကိုတော့ သိလိမ့်ဦးမည် မဟုတ်ပေ။

မင်းအောင်လှိုင်က အခြားသော သက်ဆိုင်သည့် အဖွဲ့များနှင့် တွေ့ဆုံနိုင်ရန် စီစဉ်ပေးပါမည်ဟု တုန့်ပြန်လာခဲ့ပြီး၊ အင်အား အလွန်အကျွံ သုံးစွဲခြင်း မပြုဘဲ ချုပ်တည်းရန်၊ တရားဥပဒေအား ထိန်းသိမ်း လိုက်နာရန် ဟွန်ဆန်၏ တိုက်တွန်းခဲ့မှု အပေါ် ၎င်းမှ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် စီစဉ်ထားသည်ဟု ချပြလာခဲ့သည်။ သို့သော် မင်းအောင်လှိုင်၏ ကတိ စကားကိုတော့ မည်သူမျှ အလေးအနက် မထားကြတော့ပေ၊ တခါသာ အလိမ်ခံမည်ဖြစ်ပြီး နှစ်ခါတော့ ရမည် မဟုတ်တော့ပေ။

မင်းအောင်လှိုင်က သူ့ဖက်မှ စမ်းသပ်သည့် အနေဖြင့် ဒေသ နှစ်ခု နှင့် အခြား ဒေသကြီး ငါးခုတွင် လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ ပေးနိုင်ရန် “အဆင်သင့်” ဖြစ်နေပြီဟု ဆိုပြန်သည်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီးသည် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် ထိတွေ့ဆက်ဆံရန် မေလ ၅ ရက် နေ့တွင် ပြုလုပ်မည့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် နှင့် မတွေ့ဆုံမီ အကြို ညှိနှိုင်းရန် ခေါ်ယူခဲ့သော အာဆီယံ နိုင်ငံ ခြားရေး ဝန်ကြီးများ ၏ အွန်လိုင်း ဆွေးနွေးပွဲတွင် ချပြမည်ဟု ပြောလာခဲ့သည်။

အာဆီယံသည် အာဏာသိမ်း အဖွဲ့ အပေါ် အောင်မြင်လာလို အောင်မြင်လာငြား သည်းခံစိတ် မွေးပေးခဲ့သော် လည်း ၎င်းတို့မှ အရပ်သားများကို လက်နက် တပ်ဆင်ပေးပြီး ဆန့်ကျင်သူများကို သုတ်သင် ရှင်းလင်းရန် ကြံစည်လာသည့် အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်လာနေသော သတင်းများ ထွက်ပေါ်လာချိန်တွင်တော့ ၎င်းတို့အား ကြိုးရှည်ရှည် လှန်ထားလည်း ကျန် အဖွဲ့ဝင်များ အပေါ် ငဲ့ကွက်ခြင်းလည်း မရှိ၊ မိမိတို့၏ ဂုဏ်သိက္ခာ ထိခိုက် သည်ထက် ထိခိုက်လာနေရသည်ကို သဘောပေါက် လာကြပြီ ဖြစ်သည်။

နောက်တကြောင်းမှာ စစ်ဗိုလ်ချုပ်များအား ၎င်းတို့၏ အချက် ငါးချက်ပါ အစီအစဉ် ကို အကောင်အထည် ဖေါ်ရန် ပျက်ကွက်နေပါက အပြစ်ဒဏ် ခတ်သည့် အနေနှင့် NUG ဖြင့်သာ ဆက်သွယ် ဆောင်ရွက်သွားဖို့ ရှိတော့သည်ဟု အသိပေးလိုသည့် ရည်ရွယ်ချက်လည်း ပါဝင်ပေသည်။

ကြာလာလျှင် ထိုသို့ ဖြစ်လာမည် ကို စိုးရိမ်လာသော စစ်ကောင်စီ သည်လည်း တိုင်းရင်းသား အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး အတွက် ဖိတ်ခေါ်ထားပါသည်ဟု နှစ်ပေါက်တပေါက် ရိုက်ရန် ကြံစည်လာနေကြသည်။

မင်းအောင်လှိုင်သည် ဂျကာတာ တွင် အာဆီယံ ခေါင်းဆောင်များ ကို လိုက်နာပါမည်ဟု ပေးခဲ့သော ကတိကို ချက်ချင်းလို ဖေါက်ဖျက် ပြစ်ရဲသူ ဖြစ်၍လည်း ၎င်းနှင့် သွား၍ဆွေးနွေးပြီး ထွက်ပေါ်လာမည် များအား လိုက်နာ မည့်သူ ဖြစ်မည်ဟု တိုင်းရင်းသား အဖွဲ့များကလည်း ယုံကြည်ကြမည် မဟုတ်ပေ။ ယခု အာဆီယံ မှ ထိုသို့ အသံ ထွက်လာခြင်းကပင် ၎င်း၏ ငြိမ်းချမ်းရေး ဆိုသည်အပေါ် အယုံအကြည် မရှိဆိုသည်ကို ပြဆိုလိုက် ခြင်းဟု လည်း ယူဆ၍ရပေသည်။

သို့ရာတွင် အချက် ငါးချက် ဖြင့် မှိန်းနေလိုသည့် အာဆီယံ ၏ နောက်တိုး အဖွဲ့ဝင်များ ဖြစ်သော ရုရှား အပေါ် သံယောဇဉ် မပြတ်သေးသည့် ‘ ဗီယက်နမ်’ နှင့် တရုတ် ဩဇာ စက်ဝန်းထဲ ရောက်နေသော ‘ကမ္ဘောဒီယား’၊ သမိုင်း အဆက်ဆက် ရန်ညှိုး များကြောင့် မြန်မာတို့ ဒုက္ခပင်လယ် ဝေသည်ထက် ဝေနေ စေရန် အကြမ်းဖက် စစ်တပ်ကို ထောက်ခံပေးနေသော ‘ထိုင်း’ တို့က မည်သို့ တုန့်ပြန်လာမည်ကိုကား မသိရသေးပေ။ ထိုသို့ လုပ် မည်ဆိုလျှင် ၎င်းတို့၏ အချက် ငါးချက် ကို စွန့်လွှတ်ရတော့မည့် ကိန်း နှင့် ကြုံလာရနိုင်သည်။

ရေငုံနှုတ်ပိတ်နေပြီး စစ်တပ်အား လူသားများ အပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှု များ ဆက်လက် ကျူး လွန် ခွင့်ပြုပြီး မိမိတို့ ဒေသအတွင်း တည်ငြိမ်ရေး နှင့် ဖွံ့ဖြိုးရေးကို နောက်ထပ် တနှစ်အထိ အနှောက်အယှက် ပေး လာနေခြင်းကို ငြိမ်ခံနေကြမည်လားဟု အာဆီယံ ပါလီမန် အမတ်များ ၏ လူ့အခွင့်အရေး အဖွဲ့က မေးခွန်း ထုတ်လိုက်ပြီး မြန်မာအား အဖွဲ့ဝင် အဖြစ်မှ ရပ်ဆိုင်းခြင်း အပါအဝင် ပို၍ ပြင်းထန်သော အရေးယူမှုများ ပြု လုပ်ရန် အာဆီယံ ခေါင်းဆောင်များထံ စာရေးသား ပေးပို့ တောင်းဆိုလာကြသည်။

ထို့အပြင် အာဆီယံ အနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် အမြန် လူသိရှင်ကြား ဆွေးနွေးမှု ပြုလုပ် ရန် လည်း စာ ထဲတွင် ထည့်သွင်း တိုက်တွန်းလာခဲ့သည်။

အာဆီယံသည် တနှစ် အတွင်း နေရာပေါင်း ၂၉၆ နေရာတွင် အိမ်အလုံးပေါင်း ၁၁,၀၀၀ ကျော်အား မီးရှို့ဖျက် ဆီးခဲ့ခြင်း၊ ကလေးသူငယ် ၁၃၀ အပါအဝင် လူပေါင်း ၁,၈၀၀ ခန့်အား သတ်ဖြတ်ခဲ့ခြင်း အစရှိသည့် အကြမ်း ဖက် လုပ်ရပ်များ ဆက်တိုက် ကျူးလွန်နေခြင်း၊ အာဆီယံ၏ အထူး သံတမန်များက တွေ့ဆုံခွင့်ရရန် မဖြစ်မနေ တောင်းဆိုနေကြသည့် နိုင်ငံ‌တော် အတိုင်ပင်ခံ အပေါ် တရားရုံး၏ လုပ်ထုံးလုပ်နည်းများကို ပင် ဟန်ဆောင် ပန်ဆောင် လိုက်နာခြင်း မလုပ်တော့ဘဲ ရုပ်ပျက်ဆင်းပျက် တရားစီရင်နေခြင်း အစရှိသော အဖြစ်များကြောင့် မျက်စိမှိတ် ထောက်ခံနေ၍ မဖြစ်တော့၊ ကြံရာပါများဟု စွပ်စွဲ ခံရနိုင်ရမည့် အနေအထား နှင့် ရင်ဆိုင်ရနိုင် သည်ကို စိုးရိမ်လာပြီ ဖြစ်ကြောင်း ဟွန်ဆန်၏ စကားများက သက်သေခံနေပေသည်။

တရုတ် အဖို့လည်း ၎င်းတို့ ပြန်လည် စတင်ရန် ကြံနေသော လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းသည်လည်း ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များ၏ ခြိမ်းချောက် မှု နှင့် ရင်ဆိုင်နေရပြီ ဖြစ်၍ ဇော်မင်းထွန်းက မိမိတို့ တပ်များ ကို ချပြီး ကာကွယ်ပေးသွားမည်ဟု ကြိမ်းဝါးလာခဲ့ရသည်။ ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံလိုသူများ အဖို့ ထိတ်လန့်စရာ သတင်း ဖြစ်နေသည်။

ရဲတံခွန် သဘာဝဓါတ်ငွေ့ တွင်း လုပ်ကွက်မှ ထိုင်း နှင့် မလေးရှား ရေနံ ကုမ္ပဏီများ အပြင် ယခုအခါ ဂျပန်၏ အီနီယိုစ် (ENEOS) ရေနံချက် စက်မှုလုပ်ငန်းသည်လည်း ထွက်ခွာမည်ဟု ကြေညာလာခဲ့သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!