သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(5)

by Hla Soewai - May 07 2022

တော်လှန်ရေး၏ ဖန်တီးရှင်များ (၅)

 

တော်လှန်ရေး ဆိုသည်နှင့် ပတ်သက်၍ နောက်ထပ် အံအားသင့်စရာ ကောင်းသည့် အချက် ရှိနေပေသေးသည်။ ဤသည်ကား တော်လှန်ရေး ကို လူ့အစည်းအရုံး အတွင်း ရှိ စားရမဲ့ သောက်ရမဲ့ ဘဝ နှင့် အသက်တချောင်း ရှာကြံ မွေးနေကြရသော လူ့အောက်ဆုံးလွှာ များ၊ အဖိနှိပ် အချုပ်ချယ် ခံရဆုံး လူတန်းစားများ က ဦးဆောင် ဆင်နွှဲလာခြင်း မျိုး မဟုတ်ဘဲ “စီးပွားရေးပိုင်းတွင် နစ်နာချက် အချို့” ရှိလာခိုက်တွင် တော်လှန်ရေး ဖြစ်ပေါ် လာရန် လှုံ့ဆော် လာနိုင်သည်ဟု ကွယ်လွန်သူ သမိုင်း ပညာရှင် ကရိန်း ဘရင်တန် က ထောက်ပြခဲ့သည်။ တကယ်တမ်း ဒုက္ခပင်လယ် ဝေလာနေသည့် အခါမျိုး တွင် ဖြစ်ပေါ်ခဲ့ခြင်း မရှိဟု ဆိုသည်။

 

လူပုဂ္ဂိုလ် တဦးချင်းစီ၊ အုပ်စု အဖွဲ့အစည်းများသည် ၎င်းတို့ အစဉ်အလာ အရ ရရှိခဲ့သည့် အထူး အခွင့် အရေး များ၊ လက်ရှိ ရနေဆဲ အခွင့်အလမ်းများ၊ အန္တရာယ် ကျရောက်လာနေပြီး၊ သူတို့၏ ရပ်တည်မှု အနေအထား များကိုလည်း အသိအမှတ်ပြုခြင်း မခံရတော့ဟု ထင်မြင်လာခဲ့သည့် အခါတွင်တော့ ၎င်းတို့သည် လက်ရှိ စနစ်ကို မှောက်လှန်ပြစ်မှ ဖြစ်တော့မည်ဟု ဆုံးဖြတ်ခဲ့လာခဲ့ကြရာမှ တော်လှန်ရေး သည် သန္ဓေ တည်လာခဲ့ ရသည်။ အထက်တွင် ဆိုခဲ့သည့် လူမှု စီးပွားရေး လှေကားတွင် အောက်ဆုံး ရောက်နေသူများက ဦးဆောင်ခဲ့ ကြခြင်း မဟုတ်ပေ။

 

ထိုသို့ ကျပ်တည်းမွန်းသိပ်လာသော အခွင့်ထူးခံများသည် ၎င်းတို့ အရေးတော်ပုံကြီး မြန်နိုင်သမျှ မြန်မြန် အောင်မြင်ရေးအတွက် ၎င်းတို့ချည်း တိုက်ပွဲဝင်၍ မရမှန်းလည်း သိနေကြသဖြင့် လူအများစု ပါဝင် လာအောင် မဖြစ်မနေ စည်းရုံးသိမ်းသွင်းခဲ့ကြရသည်။ လူထုတရပ်လုံး၏ ရင်ထဲ တွင် မြိုသိပ်ထားရသော ဒေါသများ ပေါက်ကွဲထွက်လာအောင် တော်လှန်ရေး သမားများက သိမ်းသွင်းခဲ့ကြသည်။ သို့မှသာ လိုအပ်သော လူအင်အား၊ အရည်အတွက် နှင့် အကြမ်းဖက်ရန် ခြိမ်းခြောက်မှု များဖြင့် လူအများ လက်ခံလာမည့် အမြင်သစ် ကို ချပြနိုင်မည် ဖြစ်သည်။

 

ထိုလုပ်ငန်းစဉ် သည် အန္တရာယ်များ နှင့် ရောပြွမ်းနေပြန်သည်။ ဒေါသ ပေါက်ကွဲ ထွက်လာသော လူထုကြီးကို ထိန်းချုပ်နိုင်ရေးသည် လွယ်ကူလှသည်တော့ မဟုတ်ပေ။

 

တော်လှန်ရေး တိုင်းသည် သိမ်မွေ့စွာဖြင့် ထိန်းညှိလုပ်ဆောင်သွားနိုင်ရန် လိုအပ်သည်။ တော်လှန်ရေးကို တပ်ဦးမှ ဦးဆောင်သူများ အနေဖြင့် လူထု ထောက်ခံမှု ရရှိရန် လိုအပ်သလို တဖက်မှလည်း မိမိတို့ နောက် လိုက်များ၏ လုပ်နိုင် ကိုင်နိုင်စွမ်း နှင့် စိတ်ထက်သန် ပြင်းပြလာမှုများကို ထိန်းကွပ် လမ်းပြသွားရန် လိုအပ် သည်။ လူထု လှုပ်ရှားမှု သည် ခေါင်းဆောင်မှု၊ ကိုယ်စားပြု ပြောရေးဆိုခွင့် ရှိသူ၊ သဘောတရားရေး အစီအမံ များ အစရှိသည်တို့ မရှိလျှင် အရေးနိမ့်သွားမည်သာ ဖြစ်သည်။

 

လူထု၏ စိတ်အား ထက်သန်လာမှုများ ကြောင့် မိမိတို့ ရည်ရွယ်ရာများ ပျက်ပြားသွားနိုင်သဖြင့် တော်လှန်ရေး ခေါင်းဆောင်များ အနေဖြင့် ဘုံရည်မှန်းချက် မဟာဗျူဟာ နှင့် လုပ်ကိုင်ရန် စီစဉ်ထားသည်များကို ကြိုတင် တွေးဆ ပြီး ချပြထားရန် လိုသည်။ ဥပမာ ပြရမည်ဆိုက ငွေကြေး ဈေးကွက် ကြီး တခုလုံး မျက်ဖြူဆိုက်လာပြီး ၂၀၀၈ နှင့် ၂၀၀၉ ခုနှစ်များတွင် စီးပွားရေး ကျဆင်းမှု ဆက်တိုက်ဆိုသလို ကပ်ပါလာခဲ့ခြင်း ကြောင့်ပေါ်ပေါက် လာသော အမေရိကန်ရှိ Occupy Wall Street ကန့်ကွက် ဆန္ဒပြ လှုပ်ရှားမှုကြီးပင် ဖြစ်သည်။

 

၂၀၁၁ စက်တင်ဘာလ တွင် ဆန္ဒပြသူ လူအုပ်စု တစုသည် မက်ဟက်တန် ရှိ ဇူကောတီ ပန်းခြံကြီးထဲတွင် စုရုံး လာကြပြီး ကမ္ဘာကြီး တွင် ရှိ လူဦးရေ စုစုပေါင်း၏ ၁ % သည် လွန်စွာ ချမ်းသာကြွယ်ဝနေကြပြီး ကျန်ရှိသော ၉၉% နှင့် အကွာခြားကြီး ကွာခြားနေသည့် မညီမျှမှုများကို ထုတ်ဖေါ် ရှုတ်ချလာခဲ့ကြသည်။ ထိုလှုပ်ရှားမှုသည် လူအနည်းငယ်မှ ဦးစီးချုပ်ကိုင်ပြီး အများစုပေါင်း အကောင်အထည် ဖေါ်ရသည့် top-down structure အား ငြင်းပယ်ခဲ့ကြသဖြင့် ခေါင်းဆောင်မှု အခန်းကဏ္ဍ ကွယ်ပျောက်သွားခဲ့ရသည်။ ထို့အတွက် ဝါရှင်တန် ပို့စ် သတင်းစာကြီးက “လူတိုင်းအား နိုင်ငံရေး ဆုံးဖြတ်ပိုင်ခွင့်များ ပေးအပ်သည့်” Participatory Democracy အတွက် စမ်းသပ်ခန်းကြီး” အဖြစ် ပြောင်းလဲသွားခဲ့ရသည်ဟု ရေးသားခဲ့သည်။

 

သတင်းစာကြီးမှ ပေးသော မက်ဆေ့ချ်သည် အမေရိကန် တနိုင်ငံလုံးသာမက တကမ္ဘာလုံးကိုပါ ပဲ့တင် ရိုက် ခတ်သွားခဲ့သည်။ ထိုသို့ ခေါင်းဆောင်မှု ကင်းမဲ့ပြီး တိကျခိုင်မာသော လုပ်ငန်းစဉ် မရှိ၍ တော်လှန်ရေးဟု အမည်တပ်၍ မရတော့ပဲ ပုန်ကန်မှု အဆင့်သာ ဖြစ်သွားခဲ့ရပြီး တဖြေးဖြေး ကွယ်ပျောက်သွားခဲ့ရသည်။

 

သို့သော်လည်း အဆိုပါ လှုပ်ရှားမှုကြီး ကြောင့် ပိုင်ဆိုင်မှု လွန်စွာ ကွာဟလာသည့် အရေးကို အရင်းရှင် စနစ်က ဖြေရှင်းပေးနိုင်တော့ခြင်း မရှိသော အဖြစ်ကို ရိပ်စားမိလာကြပြီး လမ်းဟောင်းအတိုင်း သွားနေ၍ မဖြစ်တော့၊ နိုင်ငံရေး အစီအမံ များ တီထွင်ဆန်းသစ်ရန် လိုအပ်လာပြီ ဆိုသည်ကို မျက်စိဖွင့် နားဖွင့် ပေးနိုင်ခဲ့သည် အထိတော့ ရောက်ရှိခဲ့သည်ဟု ဆိုရမည်။

 

အမေရိကန်ရှိ သေးငယ်သော ဗားမွန့် ပြည်နယ်၏ အသက် အားဖြင့် ၇၀ ကျော် ရှိနေပြီ ဖြစ်သော အထက် လွှတ်တော်အမတ် ဘာနီ ဆင်ဒါးသည် မိမိကိုယ် မိမိ ဆိုရှယ်လစ် တဦးဟု ကြွေးကြော်ပြီး အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကို နှစ်ကြိမ် ဆက်တိုက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ လူငယ် လူရွယ် အများစု၏ သဘောကျ အားပေးခြင်း ခံခဲ့ရသည်။ ဘာနီ ဆင်ဒါးအား ထိုအနေအထား အထိ ရောက်အောင် ဆွဲတင်ပေးခဲ့သည့်အရာက အမေရိကန် လူထု၏ အသိတရားကို နှိုးဆွပေးလိုက်သည့် Occupy Wall Street လှုပ်ရှားမှုကြီး ကြောင့်ပင် မဟုတ်ပါလော။

 

 Occupy Wall Street လှုပ်ရှားမှုသည် အမေရိကန် ၏ အရင်းရှင် စီးပွားရေး နှင့် နိုင်ငံရေး စနစ်များကို ဖျက်သိမ်း ပြစ်နိုင်ခဲ့ခြင်းတော့ မရှိပေ။ သို့သော် အမေရိကန် မီဒီယာ များ နှင့် လူထု၏ အာရုံစိုက်မှုကိုတော့ ရရှိခဲ့ကြသည်။ လူမှုနယ်ပယ် တွင် ဩဇာလွှမ်းမိုးလာခဲ့သည့် ဖြစ်စဉ် ကြီး တရပ် အဖြစ် ကူးပြောင်းသွားခဲ့သည်။

 

တော်လှန်ရေး တရပ် အောင်မြင်ဖို့ ဆိုသည်က မီဒီယာ များ စိတ်ဝင်တစား အာရုံစိုက်လာအောင် ဆွဲဆောင် နိုင်ရေးသည်လည်း မပါမဖြစ် သော အကြောင်းတရပ်ပင် ဖြစ်သည်။ တော်လှန်ရေး အောင်မြင်ရန် လူထု ထောက်ခံမှု လိုအပ်သည်။ ထို့အတွက် မိမိတို့ ပေးလိုသော မက်ဆေ့ချ်သည် လူထု အကြား အရှိန်အဟုန် နှင့် ပျံ့နှံ့သွားအောင် လုပ်ဖို့ လိုအပ်သည်။ လွန်လေပြီးသော ရာစုများ အတွင်း တော်လှန်ရေး များ သည် ယခု ဖေ့စ်ဘုတ် နှင့် တွစ်တာများ မှ တဆင့် ဖန်တီးပေးခဲ့မှုများ ၏ အကျိုးများ ခံစားနိုင်ခဲ့ကြခြင်း မရှိပေ။

 

ဗြိတိန်လက်အောက်မှ အမေရိကန် ကိုလိုနီများ လွတ်လပ်ရေး မကြေညာ နိုင်သေးခင် ကာလများက တော်လှန်ရေး ကိုထောက်ခံ‌သော သတင်းစာဆရာများ၊ သောမတ်စ် ပိန်း နှင့် ဆင်မြူရယ် အဒမ် တို့ကဲ့သို့ လက်ကမ်းစာစောင်များ နှင့် တိုက်ပွဲဝင်ခဲ့ကြသူများက လူထုအကြား ကိုလိုနီ ဆန့်ကျင်ရေး၊ လွတ်လပ်ခွင့် ဆိုသည့် အသိတရားများ၊ အမှန်တရားများ ပျံ့နှံ့လာအောင် ကြိုးပမ်းခဲ့ကြရသည်။