အာဏာသိမ်း ခေါင်းဆောင်အား သူရဲဘော ကြောင်သူဟု “ တဲ့ “ ပြောပြီ

by Hla Soewai - May 07 2022

အသက် ၇၆ နှစ် ရှိပြီ ဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပြည်ပ သံတမန် များ နှင့် တွေ့ဆုံခွင့် မပြုရဲဘဲ ဖြစ်နေသည်ကို ဆောင်းပါးရှင် နိုင်သစ်က ဧရာဝတီ သတင်း (အင်္ဂလိပ်ပိုင်း) တွင် ယခုလို ကောက်ချချလိုက်ခြင်း ဖြစ်သည်။ သူ၏ ဆောင်းပါးကို ကောက်နှုတ် တင်ပြရမည်ဆိုလျှင်…

 

ပြီးခဲ့သည့် တနင်္လာနေ့တွင် အာဆီယံ ဥက္ကဌ ဖြစ်သူ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန် သည် နိုင်ငံတော် အတိုင်ပင်ခံ နှင့် သမ္မတကြီး ဦးဝင်းမြင့်တို့အား ယခုလကုန်ပိုင်းတွင် လာရောက်ရန် ရှိနေသော အာဆီယံ ၏ အထူး သံတမန် နှင့် တွေ့ဆုံခွင့်ပေးရန် ဖျောင်းဖျ လာခဲ့သည်။

 

ဟွန်ဆန်သည် ဥက္ကဌ လည်း ဖြစ်နေသောကြောင့် အာဆီယံ မူ ငါးချက် နှင့် အညီ နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာအောင် လမ်းဖွင့်ပေးသည့် သဘော နှင့် တာဝန်ရှိသည့် အတိုင်း ပြောဆိုသွားခြင်းသာ ဖြစ်သည်။ သို့သော် မင်းအောင်လှိုင်က “အခြား သက်ဆိုင်သူများ” နှင့် တွေ့ခွင့်ရအောင် စီစဉ်ပေးပါမည်ဟု ဆိုကာ ပြတ်ပြတ်သားသား ပယ်ချခဲ့သည်။

 

ထိုသို့ ငြင်းပယ်ခဲ့ခြင်းသည် ပထမဆုံးအကြိမ်လည်း မဟုတ်၊ ယခင်အခါများက အာဆီယံ၊ ကုလ သမဂ္ဂ နှင့် အနောက်နိုင်ငံများ၊ နောက်ဆုံး တရုတ်ပင် ထိုသို့ တောင်းဆိုခဲ့သည်ကို အလားတူ ငြင်းဆန်ခဲ့ပြီး ဖြစ်သည်။ ရှေ့လျှောက်လည်း အလားတူ ငြင်းဆန်နေဦးမည်သာ ဖြစ်သည်။

 

ထိုသို့ ငြင်းဆန်နေရသည်မှာ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေး မုန်းတီးမှု၊ နိုင်ငံ‌ရေး အရ မနာလို ဖြစ်နေမှုများ အပြင် အခြား အကြောင်းများစွာ ရှိနေသည်။

 

အဓိက အကြောင်းရင်းသည် သူ၏ မသိစိတ်က ဒေါ်အောင်ဆန်းစုကြည်အား ကြောက်ရွံ့နေခြင်း ဖြစ်သည်။ သာမန် ထိတ်လန့်နေခြင်းမျိုးတော့ မဟုတ်ပေ။

 

အများ အမြင်တွင် ထိုသို့ တောင်းဆိုမှုကို လိုက်လျောပေးလိုက်ခြင်းသည် မည်သို့မျှပင် အရေးပါခြင်း မရှိလှဟု ယူဆနေကြသော်လည်း သူမအပေါ် ၎င်း ကျူးလွန်ခဲ့သည့် အပြစ်မရှိဘဲ ထင်ရာစိုင်း ဖမ်းဆီး အကျဉ်းချခဲ့ခြင်း၊ အခြေအမြစ်မရှိသည့် စွပ်စွဲချက်များ ဖြင့် တရားစွဲဆိုထားခြင်းများအပြင် ရွေးကောက်တင်မြှောက်ခံ အစိုးရ အဖွဲ့အား ဖြုတ်ချခဲ့ခြင်း စသည်များက အလျှိုလျှို ထွက်ပေါ်လာမည့် အရေးကို စိုးရိမ်စိတ်များ ဖြင့် မွှန်ထူလာနေ‌ ခဲ့သောကြောင့် ဖြစ်သည်။

 

အာဏာမသိမ်းမီ လေးကပင် “မိမိသည် ဘာမဆို လုပ်ရဲသူ ဖြစ်ကြောင်း” လူထု ကို ခြိမ်းခြောက်ခဲ့ပြီး ဖြစ်သည်။ သူ့စကား နှင့် အညီပင် သာမန်လူတယောက်၊ သို့မဟုတ် သိက္ခာကို တန်ဖိုးထားသူ တဦးတလေကမျှ ခွင့်ပြု လိမ့်မည် မဟုတ်သည့် အာဏာသိမ်းခြင်း၊ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခိုင်းခြင်း အစရှိသည့် တရားလက်လွတ် ဥပဒေမဲ့ လုပ်ရပ်များကို လုပ်ပြရဲသူ ဖြစ်သည်။

 

၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော် အသစ် ကျင်းပပြီး ၎င်း၏ သက်တမ်းကုန်နေပြီ ဖြစ်သော ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို အဆုံးသတ် ရန် နှင့် နိုင်ငံရေး တွင် စစ်တပ်၏ အခန်းကဏ္ဍကို လျော့ချပြစ်ရန် တို့ လုပ်လာမည့် အရေးကို လွန်စွာ စိုးရိမ်ထိတ်လန့် လာလေသည်။

 

ဤကဲ့သို့ လုပ်လာရသည့် အကြောင်းရင်းမှာ စိုးရိမ်ကြောက်ရွံနေမှု ကြောင့်ပင် ဖြစ်သည်။

 

တိုင်းပြည်နှင့် လူထု ကို ဖျက်လိုဖျက်ဆီး ပြုမူလာခဲ့ရသည့် နောက်ထပ် အကြောင်းတခုကလည်း ၎င်း၏ သမ္မတ ဖြစ်လိုသည့် စိတ်ကြီးဝင်နေသည့် နိုင်ငံရေး ရည်မှန်းချက်နှင့် မိသားစုပိုင် စီးပွားရေး လုပ်ငန်းများကို အကာ အကွယ် ပေးနိုင်ရန် အတွက် ဖြစ်သည်။

 

သူမအပေါ် လူထု၏ နှစ်ပေါင်း သုံးဆယ်ကြာ မယိမ်းမယိုင် ခေါင်းဆောင် အစစ်အမှန် အဖြစ် ထောက်ခံမှု ပေးနေ သည် အရေးက မင်းအောင်လှိုင်ကို အမြဲလို ချောက်လှန့်လာနေခဲ့သည်။ အာဆီယံ နိုင်ငံများ အတွင်း မည်သည့် ခေါင်းဆောင်တဦးတလေမျှ နှစ်ပေါင်း သုံးဆယ် အတွင်း ထိုသို့ သော ထောက်ခံမှုမျိုး မရရှိခဲ့ကြပေ။ ရှေ့လျောက်လည်း လျော့နည်းကျဆင်းသွားမည့် လက္ခဏာ မတွေ့ရပြန်၍ မင်းအောင်လှိုင် အဖို့ တရားမဝင် အာဏာသိမ်း၍ ပယ်ဖျောက်ပြစ်ရမည့် နည်းလမ်းသာ ရှိပေတော့သည်။

 

အကယ်၍သာ ပြည်ပ သံတမန် များ နှင့် တွေ့ခွင့်ပေးလိုက်မည်ဆိုလျှင် တကမ္ဘာလုံးက တကယ်တမ်း ဘာတွေ ဖြစ်ခဲ့သည် ဆိုသည်ကို သိခွင့်ရသွားမည် ဖြစ်သည်။ မင်းအောင်လှိုင် အနေနှင့် ကမ္ဘာအား လိမ်ညာထားမှုများ “ဘူး” ပေါ် သလို ပေါ်သွားပေတော့မည်။

 

သမ္မတ ဦးဝင်မြင့်သည် တရားခွင် အတွင်း အာဏာသိမ်းသည့်နေ့က မင်းအောင်လှိုင်၏ လက်ပါးစေ စစ်ဗိုလ်ချုပ် များက သူ့အား အတင်းအကျပ် ရာထူးမှ နှုတ်ထွက်ခိုင်းသည့် အကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့၍ အာဏာသိမ်း ခေါင်းဆောင်များ အရှက်ရစရာ ဖြစ်သွားခဲ့ရသည်။ ထို့သတင်းသည် ကမ္ဘာသတင်းမီဒီယာများ တွင် ပါရှိလာ ပြန်၍ ရှေ့နေများကို တရားခွင်နှင့် ပတ်သက်၍ မီဒီယာများ နှင့် ဘာစကားမှ မပြောရန် ပိတ်ပင်ခဲ့ကြသည်။

 

ထိုသို့ ထိတ်လန့်နေကြသော အာဏာသိမ်း အဖွဲ့ အဖို့ ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ပ သံတမန်များ တွေ့ဆုံခွင့် ပြုမည် ဆိုသည်မှာ တွေးပင် မတွေးဝံ့စရာ ဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ အဖွဲ့အပေါ် မင်းအောင်လှိုင်တို့ ၏ အခြေအမြစ်မရှိ အနိုင်ကျင့် ဖိနှိပ်နေမှုများ အပြင် ဖေဖေါ်ဝါရီ ၁ ရက် နေ့ နံနက် ပိုင်းတွင် တကယ်တမ်း ဘာတွေ ဖြစ်ခဲ့သည်၊ သူမအား အမည်မသိ တနေရာသို့ မည်သို့ မည်ပုံ ခေါ်ဆောင်သွားသည် ဆိုသည်များ ထွက်ပေါ်လာတော့မည်သာ ဖြစ်သည်။

 

မင်းအောင်လှိုင် အဖို့ က ထိုသို့သော အမှန်တရားများကို ထုတ်ဖေါ်ပြောဆိုခွင့် ပေးရဲလိမ့်မည် မဟုတ်သည်ကား သေချာလှပေသည်။

 

ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ထိုသို့ တွေ့ဆုံမှုများမှတဆင့် ပြည်သူများ အပြင် နိုင်ငံတကာ သို့ အသိပေး လိုသည်များ ကို ပြောဆိုနိုင်ခွင့်လည်း ရရှိဦးမည်သာ ဖြစ်သည်။ ထိုအခါတွင် ကမ္ဘာနိုင်ငံများမှ ခေါင်းဆောင် များနှင့် ပြည်သူများက သူမ၏ စကားများကို ဂရုတစိုက် နားထောင်ကြမည်ဖြစ်သည်။ သူမ ပြောသမျှကို မင်းအောင်လှိုင် စကားများထက် ပို၍ အလေးအနက်ထားကြမည်လည်း ဖြစ်သည်။

 

သူမ၏ ဓါးသွားထက် စူးရှသော စကားများကို ကြောက်ရွံ့နေသည်က မင်းအောင်လှိုင် တယောက်တည်းဟု ပြောလျှင် တရားမျှတမှု ရှိမည် မဟုတ်ပေ။ သူ့အရင် အဆက်ဆက် အာဏာသိမ်း ခေါင်းဆောင်များ၊ ဗိုလ်ချုပ် ဟောင်းများ၊ သမ္မတဟောင်း ဗိုလ်သိန်းစိန် အပါအဝင် အားလုံးက ထိတ်လန့်ခဲ့ကြရသည်ချည်းပင် ဖြစ်သည်။ အားလုံးကလည်း သူမနှင့် လူထုထောက်ခံမှု၊ ပုဂ္ဂိုလ်ရေး အရ ဩဇာတိက္ကိမ နှင့် ပြည့်စုံမှု၊ ၊ ပညာရေး နှင့် နိုင်ငံရေး အတွေးအခေါ်များ ခေတ်မှီ နေမှု အစရှိသည် တို့တွင် မယှဉ်နိုင်အောင် ကွာခြားနေမှုကြောင့် သိမ်ငယ် စိတ်များအား မနာလို မစ္ဆရိယ စိတ်များဖြင့် ဖုံးဖိလာခဲ့ကြရသည်သာ ဖြစ်သည်။

 

ထိုသို့ ကြောက်လန့်နေကြသည့် ကြားမှ ၂၀၁၀ တွင် သူမကို အကျယ်ချုပ်ဖြင့် ပိတ်လှောင် ထားပြီး ရွေးကောက် ပွဲကို အရဲစွန့် ပြုလုပ်လာခဲ့ကြသည်။ သူမအား ပိတ်လှောင်ထားပြီးမှသာ ၎င်းတို့ကိုယ် ၎င်းတို့ စစ်သားရင့်မာ ကြီးများဟု ကြွေးကြော်နေကြသည့် စစ်ဗိုလ်ချုပ်များသည် သတ္တိများ ရှိလာကြပုံ ရပေသည်။

 

ထိုသို့သော လူမျိုး များ အတွက် ပြောစရာ စကား တလုံးသာ ရှိပေသည်။ ဤသည်ကား သူရဲဘော ကြောင်မှု ဟူ၍သာ ဖြစ်ပေတော့သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

Image Credit - Inter Press Service