အာဆီယံ ပေးမည့် အကူအညီများ အပေါ် အခွန်ကောက်မည့် ဖါးရှာငါးရှာ ကိုကိုလှိုင်

by Hla Soewai - May 09 2022

အာဆီယံ ပေးမည့် အကူအညီများ အပေါ် အခွန်ကောက်မည့် ဖါးရှာငါးရှာ ကိုကိုလှိုင်

မလေး နိုင်ငံခြားရေး ဝန်ကြီး တင်သွင်းမည့် ရဲရဲတောက် အဆို

နယူးဇီလန် လွှတ်တော်မှ NUG အား တရားဝင် အသိအမှတ်ပြုရေး စတင်ကြားနာ

*****************************

နယူးဇီလန် လွှတ်တော်တွင် မြန်မာပြည်သူ ငါးသိန်းကျော် လက်မှတ်ရေးထိုးပြီး အမျိုးသား ညီညွတ်ရေး အစိုးရအား တရားဝင် အသိအမှတ် ပြုရန် တောင်းဆိုထားမှု ကို မေလ ၆ ရက်နေ့က စတင် ကြားနာမှု များ ပြုလုပ်လာခဲ့ပြီ ဖြစ်သည်။

နယူးဇီလန်သည် စစ်တပ်မှ အာဏာသိမ်းပြီးနောက် တွင် မြန်မာ နှင့် သံတမန် ဆက်သွယ်မှု ရပ်ဆိုင်းခဲ့သည့် ပထမဆုံး နိုင်ငံ ဖြစ်သည်။

မြန်မာ သို့ အာဆီယံ ပေးမည့် အကူအညီများ အပေါ် အခွန်အတုပ်များ ကောက်မည်ဟု ထိုအစည်းအဝေးသို့ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေး ဝန်ကြီး ဆိုကာ စစ်ကောင်စီ ကိုယ်စားလှယ် အဖြစ် တက်ရောက် ခဲ့သော ကိုကိုလှိုင်က တင်ပြလာကြောင်း အာဆီယံ၏ အထူး သံတမန် ကမ္ဘောဒီယား နိုင်ငံခြားရေး ဝန်ကြီး ပရပ် ဆွန်ခန်းက ပြောကြောင်း ဖနွမ်းပင် ပို့စ် သတင်းစာက ဖေါ်ပြလာသည်။

မည်သို့ မည်ပုံ ထိရောက်စွာ အကူအညီ ပေးရန် နည်းလမ်းများ အပေါ် တိုင်ပင်ဆွေးနွေးရန် ရောက်လာကြသည့် မင်းပရိသတ် အလယ်တွင် ထိုသို့ ပြောဆိုရဲသည်ကို ပြည်ပ နိုင်ငံများရှိ ကြားရသူအပေါင်း က စဉ်းစား ဆင်ခြင် ဉာဏ် ကင်းမဲ့ လှပါလား၊ သို့တည်းမဟုတ် သူတို့ တခါမျှ မကြုံခဲ့ဖူးသည့် New Level of stupid ပေလောဟု အံ့အား တသင့် ဖြစ်သွားကြဖို့ ရှိသော်လည်း မြန်မာ ပြည်သူများကတော့ ကိုကိုလှိုင်၏ ပါးစပ်မှ ထိုသို့ ပြောထွက် လာခြင်းကို အံ့အားသင့်ကြမည် မဟုတ်ပေ။

ကိုကိုလှိုင်သည် ဗိုလ်သန်းရွှေ အာဏာရှင် ကာလများ အတွင်း မီးပျက်လျှင် ဖယောင်းတိုင် ထွန်းနေကြရန် နှင့် နာဂစ် ကာလများကလည်း မြစ်ဝကျွန်းပေါ်နေ လူထုသည် မြစ်ချောင်းအင်းအိုင်များ အတွင်း ဖါး၊ ငါး၊ ပုဇွန်လုံး များကို ရှာဖွေ စားသောက်နိုင်စွမ်း ရှိ၍ အကူအညီမလို ဟု ပြောခဲ့ဖူး၍ ဖါးရှာငါးရှာ ကိုကိုလှိုင်၊ ဖယောင်းတိုင် ကိုကိုလှိုင် အစရှိသည့် နာမည်များဖြင့် လူသိများပြီး ဖြစ်နေခဲ့သောကြောင့်ပင်။

၎င်း၏ ထိုသို့ အဆင်ခြင်မဲ့စွာ ပြောဆိုလာမှုအား မိမိတို့ဖက်မှ ဖျောင်းဖြ ပြောဆိုနိုင်ခဲ့၍ ပြန်၍ ရုပ်သိမ်းသွား သည်ဟု ပရပ်ဆွန်ခန်းက ဆိုသည်။ အကူအညီ များ လက်ခံရေး အတွက် အလှူရှင်များအား ပြောလာသော စည်းကမ်းချက် များစွာထဲမှ တခု ဖြစ်သည် ဟု ပါရှိသော်လည်း ကျန်သည်များမှာ ဘာများ ဆိုသည်ကိုတော့ ထည့်သွင်းပြောဆိုသွားခြင်း မရှိပေ။

အာဏာသိမ်း အဖွဲ့သည် အဆိုပါ အကူအညီများ အား လုံးဝ လက်ခံလိုစိတ် မရှိဖြစ်နေ၍ ပေးမည့် လူများ တမင် စိတ်ပျက်အောင် ပြောသည်ဟု ယူဆမည်ဆိုလျှင် ကြားရသူ အပေါင်း စိတ်သက်သာရာ ရနိုင်ပေသည်။ သို့မဟုတ်က မိမိတို့အား လက်နက်ပြ အုပ်ချုပ်နေသူများမှာ ဦး‌နှောက် သွက်ချာပါဒ လိုက်ကုန်ကြပြီလားဟူ သော အတွေးများဝင်လာပါက ချောက်ချားဖွယ်ရာပင် ဖြစ်သည်။

ထိုသို့ အကူအညီများ အား ၎င်းတို့ လက်ထဲ ထိုးအပ်မည် မဟုတ်ဘဲ ကိုယ်တိုင် ကိုယ်ကျ ပေးနိုင်ရန် ဒေသ ငါးခု ကို အာဆီယံမှ ရွေးချယ်ခဲ့ပြန်သည်။ အဆိုပါ ယာဉ်တန်း အတွက် လုံခြုံရေးအကြောင်းပြကာ လူအင်အား မရှိရသည့် ကြားထဲ လိုက်ပါ စောင့်ကြပ်ပေးရ ဦးမည် ဖြစ်သည့်အပြင် ပြည်သူ့ကာကွယ်ရေး တပ်မတော် လက်ထဲသို့ ရောက်ရှိသွားမည့် အရေးကို အာဏာသိမ်း အဖွဲ့က အထူး စိုးရိမ်နေကြောင်း ပရပ်ဆွန်ခန်း က ပြောခဲ့ပြန်သည်။

အာဆီယံ ဖက်မှလည်း ဘာမဆို လုပ်ခွင့်ရနေသော ဒေသခံ စစ်တပ်များက ယခင်ကကဲ့သို့ နာမည် ပြောင်းကပ် ရုံပင် မကတော့ဘဲ မိမိတို့ လှူဒါန်းခဲ့သည်များကို ပြန်သိမ်း၍ စစ်တပ် ရိက္ခာ အဖြစ် အသုံးချသွားမည်ကို စိုးရိမ်‌ ကောင်း စိုးရိမ်နေကြမည် ဖြစ်သည်။

အခက်အခဲများစွာ ရှိနေဆဲ ဖြစ်ကြောင်း နှင့် ဝါရှင်တန် ထိပ်သီး အစည်းအဝေးသို့ ဝန်ကြီးချုပ် ဟွန်ဆန် နှင့် အတူ တက်ရောက်ပြီး ပြန်လာသည့်အခါတွင် မြန်မာသို့ လာရောက်ပြီး ဆက်လက်ဆွေးနွေးသွားမည် ဟုလည်း ဆိုသည်။

မင်းအောင်လှိုင်သည် ဝါရှင်တန် အစည်းအဝေး သို့ အနားပင် သီခွင့် မရရှာသူ ဖြစ်၍လည်း ကမ္ဘောဒီယား ဝန်ကြီး မှ ဘာတွေ ပြောဆိုခဲ့သည့် အပေါ် ရှင်းပြမည်ကို နား‌ထောင်ရဖို့သာ ရှိနေပေတော့သည်။

ဝါရှင်တန် ထိပ်သီး ဆွေးနွေးပွဲ မစတင်မီ မေလ ၁၁ ရက်နေ့တွင် မလေးရှား၌ ပြုလုပ်မည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အလွတ်သဘော အစည်းအဝေးတွင် မလေးရှား အစိုးရမှ အာဆီယံ အနေဖြင့် အမျိုးသား ညီညွတ်‌ ရေး အစိုးရ နှင့် ဆက်သွယ် ဆောင်ရွက်ရန် အဆိုကို တင်သွင်းသွားမည်ဟု ထပ်လောင်း အတည်ပြုလိုက်သည်။ မိမိတို့ အနေဖြင့် တဖက်ဖက် ကို ဘက်လိုက်ခြင်းမျိုး မဟုတ်၊ လိုက်စရာလည်း အကြောင်းမရှိ၊ နေပြည်တော်နှင့် လည်း ဆက်သွယ်သွားမှာ ဖြစ်ပြီး ပါဝင်ပတ်သက်နေသူများ နှင့် ဆက်ဆံ ဖြေရှင်းသွားဖို့သာ ရည်ရွယ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ က ဆိုသည်။

မြန်မာ အကြပ်အတည်း သည် တဖြေးဖြေး ကြီးထွားလာနေသည်ကို လစ်လျူရှုထား၍ မဖြစ်ဟု သဘောပေါက် ထားပြီး ဖြစ်၍လည်း မြန်မာပြည် ကံဆိုးမိုးမှောင် စကျခဲ့သည့် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် မှ ၂၀၂၂ ဧပြီ ၁၅ ရက် အတွင်း လူပေါင်း ၂,၁၄၆ ဦး သတ်ဖြတ်ခံခဲ့ရပြီး လွှတ်တော် အမတ်များ၊ သတင်းသမားများ နှင့် အရပ်သား စုစုပေါင်း ၁၃,၂၈၂ ဦး ဖမ်းဆီးခံနေရကြောင်း နှင့် တိုက်ပွဲပေါင်း ၁၀,၇၈၆ ကြိမ် ဖြစ်ပွားခဲ့သည့် စာရင်းဇယား များကို မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ချပြခဲ့ပြန်သည်။

စစ်ခေါင်းဆောင်များသည် အာဆီယံ၏ မူ ငါးချက် အပေါ် ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ တံခါးပိတ်နေကြ သူများ ဖြစ်၍ ကျန် တဖက် နှင့် ဆက်သွယ်ရန် လိုအပ်လာပြီး အာဆီယံ ဥက္ကဌ ကိုလည်း အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် အလွတ်သဘော ဆက်သွယ်ရန် တိုက်တွန်းသွားမည်ဟုလည်း ဆိုသည်။

ထို့အပြင် ကုလ အထူးသံတမန် မစ္စက် နိုလင်း ဟေဇာ အား အာဏာသိမ်းအဖွဲ့က အသိအမှတ် မပြုသည့်အတွက် ဖနွမ်းပင်တွင် ပြုလုပ်သည့် အာဆီယံ၏ စာနာထောက်ထားမှု အကူအညီ ပေးရေး အစည်းအဝေး သို့ ဖိတ်ကြား ခံခဲ့ရခြင်း မရှိမှု အပေါ် စိတ်ပျက်မိကြောင်းလည်း ထုတ်ဖေါ်ပြောဆိုသွားခဲ့သည်။

သို့သော် ကုလ အထူး သံတမန် နိုလင်း ဟေဇာ သည် အမေရိကန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ USAID ၏ ဒုတိယ အကြီးအကဲ အစ်ဇိုဘဲလ် ကိုးလ်မင်း နှင့် မြန်မာနိုင်ငံ အတွင်း အကူအညီ လိုအပ်နေသူများ ထံသို့ ထိရောက်စွာ အကူအညီ ပေးနိုင်မည့် နည်းလမ်းများကို ဆွေး‌နွေးခဲ့ကြကြောင်း USAID မှ သတင်းထုတ်ပြန် ခဲ့သည်။

စစ်ကောင်စီသည် နိုင်ငံတကာတွင် ဝင်ဆံ့ ခွင့် ရရေး ကို အာသာငမ်းငမ်း တောင့်တနေသော်လည်း အားလုံးက မသိကျိုးကျွံ ပြုနေကြသည်ကို မခံမရပ်နိုင် ဖြစ်လာနေသည်။ အထူးသဖြင့် အာဆီယံမှ ဆွေးနွေးပွဲ တခုခု လုပ်တိုင်း ဘေးဖယ်ထုတ်ခံနေရသည့် အဖြစ်မှာ လူသိရှင်ကြား ဖြစ်လာနေသည်။

မင်းအောင်လှိုင်သည် စစ်အစိုးရ ဖြစ်နေ၍ ဆိုကာ စိတ်ဖြေသိမ့်နေပုံရပြီး ထိုအဖြစ်ဆိုးမှ လွတ်မြောက်ရန် ရုပ်သေး နိုင်ငံရေး ပါတီများနှင့် ရွေးကောက်ပွဲလုပ်မှသာ တင်းပြည့်ကျပ်ပြည့် လေးစားခံရမည်ဟု ယုံကြည် လာပုံရပြီး ထိုသို့ လုပ်ရန် ယခင်ကထက် တွန်းအား ပေးလာသည့် လက္ခဏာများ တွေ့လာရပေသည်။

သို့သော် ၎င်းတို့ လုပ်ပေးမည့် ရွေးကောက်ပွဲ ဖြစ်လာခဲ့သည် ဆိုစေဦး မြန်မာပြည်သူများက လုံးဝ အသိအမှတ် မပြုဘဲ သပိတ်မှောက် ကြမည်သာ ဖြစ်သည်။

နောက်ဆုံးရရှိသော သတင်းအရ ၎င်း၏ အင်းလျားလမ်း နေအိမ် ရောင်းချမှုသည် ၄၈ နာရီ မတိုင်မီမှာပင် ရှယ်ယာ တသောင်း ပြိုက်ကနဲ ကုန်သွားပြီး ဒေါ်လာ ၁ သန်း ရရှိခဲ့သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ စီမံဘဏ္ဍာ နှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဧရာဝတီ သတင်း တွင် ဖေါ်ပြ ထားသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အင်လျားလမ်း အိမ်အမှတ် (၁၄) ဖြင့်ပင် မတင်းတိမ်နိုင်ဘဲ ခြောက်မိုင်ခွဲ LOTTE HOTEL အနီး မြက်ခင်းရိပ်သာ လမ်းပေါ်ရှိ အိမ်ကိုလည်း စစ်တပ်ပိုင် အဖြစ်မှ ၎င်းပိုင် အဖြစ် လက်ပြောင်းလက်လွှဲ လုပ်ခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

Cartoon credit - Irrawaddy News