သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(8)

by Hla Soewai - May 10 2022

အမျိုးသားရေး အား တော်လှန်ရေး သဘောတရား အဖြစ် ခံယူလာခြင်း (၂)

 

အမျိုးသားရေး ဝါဒ၏ သမိုင်းအစကို ကောက်ရမည် ဆိုလျှင် အချိန်ယန္တရားကြီး ကို မောင်းနှင်၍ ၁၇၁၅ ခုနှစ် ပဲရစ် ကို တဖန် ပြန်၍ သွား ကြည့်ရန် လိုအပ်လာသည်။ အချိန်ကား ဆောင်းဦးပေါက် ဖြစ်၍ လမ်းများ ပေါ်တွင် တဖွဲဖွဲ ထွက်လာကြသော လူများနှင့် ပြည့်သိပ်လာနေသည်။ သူတို့ မျက်နှာများ တွင် တစုံတခုကို ပြောလိုသည့် အမူအရာများ တွေ့နေရသည်။ ပြင်သစ် ဘုရင်ကြီး လူးဝစ် (၁၄) သေဆုံးသွားပြီ ဟူသော သတင်းများလည်း တမြို့လုံးတွင် ပျံ့နှံ့လာနေချိန် ဖြစ်သည်။ လူးဝစ် ဘုရင်ကြီး သေဆုံးသွားမှုသည် လွန်စွာ မှ အရေးပါသည့် ဖြစ်ရပ်ကြီးဟု လူတိုင်းလိုလို ယူဆခဲ့ကြသည်။

 

လူဝစ် ဘုရင်ကြီးသည် နှစ်ပေါင်း (၇၀) နီးပါး အုပ်ချုပ်သွားခဲ့စဉ်အတွင်း ကမ္ဘာပေါ်တွင် ပြင်သစ်ကို ဗဟို ချုပ် ကိုင်မှု အား အကောင်းဆုံး နိုင်ငံအဖြစ် တည်ဆောက်သွားခဲ့သူ ဖြစ်သည်။ နိုင်ငံသားများ၏ ဘဝကို နေ့တဓူဝ လွှမ်းမိုးထားနိုင်သူ ဖြစ်၍ သူမရှိလျှင် ပင် မနေတတ်ဖြစ်ကာ အများစု သည် ဝမ်းနည်း ပူဆွေး ကြကုန် သည်။

 

ထိုသို့ ဝမ်းနည်း ပူဆွေးနေမှု ကို ပြင်သစ်တနိုင်ငံလုံးရှိ အမျိုးသား အမျိုးသမီး အားလုံး ခံစားခဲ့ကြပါ၏လော။ တလုစ် ရှိ မုန်ဖုတ်သမား တဦး နှင့် ပဲရစ် ရှိ ပန်းသည် တို့ ထပ်တူထပ်မျှ ပူဆွေးခဲ့ကြသည် ဆိုသည်ကို ပြော၍ ရနိုင်ပါမည်လော။ မည်သို့မျှ မပြောနိုင်ပေ။ လူဝစ် (၁၄) ဘုရင်ကြီး အတွက် ပူဆွေးကြသူများသည် ဘုရင်ကြီး ကိုသာ မျက်စိထဲ မြင်လာကာ ပူဆွေးခဲ့ကြခြင်း ဖြစ်ပြီး၊ ၎င်းတို့ အနီးပတ်ဝန်းကျင်၊ မိတ်ဆွေ သင်္ဂဟ အချင်းချင်း လောက်နှင့်သာ ပြီးသွားခဲ့သည်။

 

ယခု သေဆုံးသွားသော ဘုရင်ကြီးသည် “I am the State” ဟူသော အယူအဆကို ကြွေးကြော်ပြီး အုပ်ချုပ် သွားခဲ့သူ ဖြစ်သည်။ ထို့အတွက်ကြောင့် အုပ်ချုပ်ခံ လူထုကြီးသည် မိမိတို့အားလုံး ပါဝင်စုစည်းမှုဖြင့်သာ နိုင်ငံဖြစ်တည်နေသည် ဟူသော အယူအဆ မျိုး မရှိကြတော့။ ရှိခဲ့လျှင်လည်း ယခုထိ ဖြစ်မလာသေးဟုသာ မှတ်ယူထားကြဆဲ ဖြစ်သည်။ ထိုစဉ်က ပြင်သစ် အောက်ခြေ လူတန်းစားများ အနေနှင့် မိမိတို့ သည် အိမ် ထောင်စုတစု၏ မိသားစု ဝင်များ၊ မိမိတို့ တတ်ကျွမ်းသော လက်မှု ပညာ ဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေသူများ၊ မြို့တမြို့ ရွာတရွာတွင် နေထိုင်ကြသူ များ၊ ကက်သိုလစ် ဘာသာဝင်များ၊ အခြား ဘာသာ တခုခုအား လျို့ဝှက်ကိုးကွယ်နေသူများ ဆိုသော အတွေးအခေါ်လောက်သာ ရှိနေပေသေးသည်။ မိမိတို့သည် နိုင်ငံသားများ ဟု ယူဆထားခဲ့ကြခြင်းမျိုး မရှိသေးပေ။

 

သို့သော် ထိုရာစုနှစ်၏ လေးပုံ သုံးပုံ ကျိုးလာချိန်တွင်တော့ ဗာဆိုင်းနန်းတော် အနီး စု ရုံးလာကြသော ပြင်သစ် တော်လှန်ရေး သမားများသည် ၎င်းတို့ကို ၎င်းတို့ “ပြင်သစ် နိုင်ငံအား ကိုယ်စားပြုသူများ” ဟု ကြေညာလာခဲ့ပြီး အမျိုးသား လွှတ်တော်ကို ခေါ်ယူ ကျင်းပခဲ့ကြသည်။ ယင်းနှင့် အတူ နိုင်ငံကို ကိုယ်စားပြုပြီး ဘုရင်ကို ဖြုတ်ချ နိုင်ခဲ့မှုသည် အလွန်တရာ ကြီးမားသော အလှည့်အပြောင်းကြီးဟု ဆိုရမည် ဖြစ်သည်။

 

ထိုအခြေအနေထိ ရောက်အောင် မည်သို့သော အကြောင်းများက တွန်းအားပေးလာခဲ့သနည်း၊ ထိုသို့ ဖြစ်ရန် သမိုင်းအဆက်ဆက် နွယ်လာသော အကြောင်းတရားများ ပေါင်းဆုံ စုစည်းမိသွား၍ ပင် ဖြစ်သည်။ ပထမ အကြောင်းတရပ်အဖြစ် ၁၈ ရာစုနှစ်အတွင်း အရှိန်အဟုန် နှင့် ပေါ်ပေါက်လာသော ဉာဏ်အလင်းပွင့် ခေတ် အဘိဓမ္မာ တရားများက ပို၍ ကျိုးကြောင်းဆီလျော်မှုရှိခြင်း၊ သာတူညီမျှ မှု ရှိခြင်း၊ အာဏာကို ခွဲဝေကျင့်သုံးခြင်း နှင့် လူ့အဖွဲ့အစည်း၏ အရင်းအမြစ်များ အသုံးချ နိုင်ခြင်း အကြောင်းများကို ချပြ လာခဲ့ခြင်းကြောင့်ဟု ဆိုသည်။

 

ဒုတိယ အကြောင်းတရပ် အဖြစ် ‌ပြောဆိုလာကြသည်ကား လူထုသည် ကော်ဖီဆိုင်များ၊ စာပေ အနုပညာ ဝိုင်းများ၊ ဖရီးမေဆင် ဂိုဏ်းဝင်များ၏ အစည်းအဝေးများ အစရှိသောနေရာများအား အတွေ့အကြုံ ဗဟု သုတများ ဖလှယ်ရာ အဖြစ် သတ်မှတ် အသုံးချလာသည့် ယဉ်ကျေးမှု တရပ် ပေါ်ထွန်းလာခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

 

သက်ဦးဆံပိုင် အုပ်စိုးသူ ဧကရာဇ် လူတန်းစားများကိုလည်း အင်္ဂလန်ကဲ့သို့ပင် လူထု ကိုယ်စားပြု ဥပဒေပြု အဖွဲ့များက ဖိအားများ ပေးလာကြသည်။ နိုင်ငံတော် ဆိုသည်မှာ ပြည်သူများ အား ကိုယ်စားပြုသည့် လူတန်းစား နိုင်ငံတော်သာ ဖြစ်သည် ဟု အဓိပ္ပါယ် ဖွင့်ဆိုလာခဲ့ကြပြီး အစဉ်အလာ အရ ယုံကြည် လက်ခံထား သော ဘုရားသခင် နှင့် ဘုရင်သည် ထိပ်ဆုံးမှ နေရာယူထားပြီး အဆင့်ဆင့် ဆင်းသက်လာခဲ့ရာတွင် ပြည်သူ များသည် အောက်ဆုံးတွင်သာ ရှိသည် ဆိုသော အယူအဆကို မှောက်လှန်ပြစ်ခဲ့ကြသည်။

 

၁၈ ရာစုနှစ်၏ နောက်ပိုင်းတွင် စာပေ အနုပညာသည် ပို၍ ကျယ်ပြန့်ခေတ်စားလာခဲ့ပြီ ဖြစ်သည်။ သတင်းစာ နှင့် ဂျာနယ်များလည်း တခါမှ မကြုံဖူးလောက်အောင် ပလူပျံ၍ ထွက်လာခဲ့သည်။ သတင်းစာ တစောင်ကို အတူ ဖတ်မိသော လူများ အချင်းချင်းပင် တဦးနှင့်တဦး ပို၍ အလေးထား ဆက်ဆံလာခဲ့ကြသည်။

 

တူရာ တူရာ စု၍ အသင်းအဖွဲ့များ ဖြစ်လာရန် နီးစပ်မှု အရင်ရှိမှ ဖြစ်မည်ဟူ၍ မယူဆကြတော့၊ ဘာသာစကား တခုတည်းကိုသာ ဖတ်ရှု ပြောဆိုနေသော စာပေဝါသနာ ပါသူများအားလုံးသည် ယခင်ကထက် ပို၍ လူအများ နှင့် ထိတွေ့ပေးမည့် ဆက်သွယ်ရေး ကွန်ယက်ထဲ ပါဝင်လာကြသည်။

 

၁၈ ရာစုနှစ် တလျှောက်လုံး ပြင်သစ် တို့ ဖတ်ရှုနေသော သတင်းအများစုသည် စစ်ပွဲများ၊ နယ်မြေ အငြင်းပွား သည့် ပဋိပက္ခများ နှင့် ဘုန်းတော်ဘွဲ့ များသာ ဖြစ်ကြသည်။ ပဋိပက္ခ အများစုသည် ဘုရင် အနွယ်တော်များ အကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားရာမှ ဖြစ်ပေါ်လာသည့် စစ်ပွဲများ ဖြစ်နေ၍ လူထုကြီးသည် ထိုကဲ့သို့ စစ်ပွဲ များကို ဆန့်ကျင်လာကြပြီး စစ်ပွဲများ ဖန်တီးသည့် ဘုရင်များကို ရွံမုန်းလာခဲ့ကြသည်။ ယင်းနှင့် အတူ လူထု အသိုက်အဝန်း အကြား မျက်စိပွင့် နားပွင့် ဖြစ်လာခဲ့ကြသည်။

 

ပြင်သစ်၏ ဘူဘွန် မင်းမျိုးမင်းနွယ်များကို ဝေဖန်ရှုတ်ချလာမှုများ နှင့် အတူ နိုင်ငံ ဆိုသည့် အယူအဆ တရပ် သည် ထင်ထင်ရှားရှား နေရာရလာခဲ့သည်။ ပြင်သစ်တွင် ထိုအချိန်က ဖြစ်ပေါ်နေသော လူမှုရေး အခြေ အနေ များကို ‌‌ဝေဖန်သူများက နိုင်ငံ နှင့် နိုင်ငံသား တို့၏ အခွင့်အ‌ရေးများ ဟူ၍ ဟစ်ကြွေးလာကြပြီး သက်ဦးဆံပိုင် ပဒေသရာဇ် စနစ်ကို ခါးခါးသီးသီး ဆန့်ကျင့် လာခဲ့ကြသည်။