ထူးထူးခြားခြား မပါသော်လည်း ဝူးဝူးဝါးဝါး ဖြစ်နေ

by Hla Soewai - May 16 2022

နှစ်ရက်ကြာ ကျင်းပခဲ့သည့် အာဆီယံ- အမေရိကန် ထိပ်သီး ဆွေးနွေးပွဲက ကျင်းပပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

 

အစည်းအဝေး အပြီး ထုတ်ပြန်‌ သော ပူးတွဲကြေညာချက်တွင် မြန်မာ အကျပ်အတည်းအား အထူးတလည် ထည့်သွင်းဖေါ်ပြလာခဲ့သည်။

 

ထိုအထဲတွင် ကုလ အတွင်းရေးမှုး ချုပ်၏ အထူး သံတမန် နှင့် အာဆီယံ အထူး သံတမန်တို့ ငြိမ်းချမ်းရေး အတွက် အထူး ကြိုးပမ်းကြရန် နှင့် ကုလ အထူး သံတမန်ကိုလည်း ပြည်ဝင်ခွင့်ပေးရန် တောင်းဆိုထားသည်။

 

ထို့ပြင် စစ်ခေါင်းဆောင်များဖက်က အချက် ငါးချက်ကို အချိန်မီ ပြီးပြည့်စုံအောင် အကောင်အထည် ဖေါ်ပေးရန်၊ ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံခြားသားများ ပြန်လွှတ်ပေးရန် တောင်းဆိုထားပြန်ပြီး အမေရိကန် နှင့် အာဆီယံ ဖက် မှလည်း အတူ ပူးပေါင်း၍ နှစ်ဆတိုး ကြိုးပမ်းသွားမည်ဟု ထည့်သွင်း ဖေါ်ပြထားသည်။

 

ထိုသို့ သော အကြောင်းများ ပါရှိသည့် ကြေညာချက်ပါ အပိုဒ် (၂၆) တွင် မြန်မာ အကြောင်း အထူးပြုပါရှိလာသည်မှာ ကြေညာချက်တွင် အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအား နာမည်တပ် မပြောကြေး ဆိုသည့် အာဆီယံ မူများနှင့် မညီဆိုကာ ဝဏ္ဏမောင်လွင်က ပယ်ချကြောင်းနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ်စားလှယ်များ နှင့် အမေရိကန် အရာရှိများ တွေ့ဆုံခဲ့မှုသည် အကြမ်းဖက်မှုကို အားပေးခြင်းဖြစ်၍ ကန့်ကွက်သည်ဟု ဆိုသည်။

 

သို့သော် အာဆီယံသည် အချက် ငါးချက်အား ပြုပြင်ပြောင်းလဲနိုင်ခြင်း မရှိသဖြင့် လူ့အခွင့်အရေး အား လေးစား လိုက်နာရေး ကို ဦးစားပေးမှု မရှိသည့် အဖွဲ့ကြီး အဖြစ် ပြင်းပြင်းထန်ထန် စွပ်စွဲမှုများနှင့် ရင်ဆိုင်လာရသည်။ ပူးတွဲကြေညာချက် သည်လည်း ဘာမျှ မယ်မယ်ရရ မပါရှိဟု ဝေဖန်ခံခဲ့ရသည်။ အာဆီယံ အဖို့လည်း အချက် ငါးချက်သည် မင်းအောင်လှိုင်မှ လိုက်နာပါမည်ဟု ကတိပေးထားပြီ ဖြစ်၍ ထို ငါးချက်အား အမိအရ ဆုပ်ကိုင်ထားဟန် ရှိသည်။

 

မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာသည် အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် စနေနေ့က ဝါရှင်တန်တွင် တွေ့ဆုံ‌ ဆွေးနွေးခဲ့ကြသည်။

 

ဆွေးနွေးမှုများတွင် အမျိုးသား ညီညွတ်ရေး အစိုးရ ရင်ဆိုင်နေရသော စိမ်ခေါ်မှုများ၊ လူသားချင်းစာနာသည့် အကူအညီများ ဝေငှရေး နှင့် ဒုက္ခသည်များ အတွက် အသက်‌မွေး ဝမ်းကျောင်းမှု နည်းပညာ များ ပို့ချရေး နှင့် ပညာရေးပိုင်းဆိုင်ရာ ကိစ္စများ ပါရှိခဲ့သည်ဟု သိရသည်။

 

မည်သို့ပင် ဖြစ်စေ ပြည်သူတို့၏ တော်လှန်ရေး အတွက် စိတ်အား တက်ကြွဖွယ် အောင်ပွဲ တရပ် အဖြစ် အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန် ထိတ်တန်း အရာရှိများ နှင့် ‌ဆွေးနွေးပွဲများ ဆက်တိုက် ဆိုသလို ပြုလုပ် နိုင်ခဲ့သဖြင့် စစ်အာဏာသိမ်း အဖွဲ့အား နိုင်ငံတကာ အသိုက်အဝန်း မှ လက်ခံခြင်း မရှိတော့သည် အဖြစ်ကို မီးမောင်းထိုးပြနိုင်ခဲ့ပြီ ဖြစ်သည်။

 

ယနေ့ တနင်္ဂနွေ နေ့တွင် လည်း မေရီလန်း ရှိ Bethel Christian Academy စာသင်ကျောင်းတွင် ညနေ ၄ နာရီ မှ ၁၀ နာရီ အထိ မြန်မာမိသားစု များ အား တွေ့ဆုံ နှုတ်ဆက်ရန် ရှိနေသည်။

 

စစ်အာဏာသိမ်း အဖွဲ့အဖို့ ပြည်တွင်းပြည်ပတွင် ဘက်ပေါင်းစုံ မှ အန္တရာယ်များနှင့် တိုးမြှင့် ရင်ဆိုင်လာနေရပြီ ဖြစ်၍ အမျိုးဘာသာ သာသနာ ဟု ဟစ်ကြွေးကာ လူထု အား စည်းရုံးရန် ကြိုးပမ်းနေပြီ ဖြစ်သည်။ စစ်အစိုးရ အဆက်ဆက်သည် ထိုသို့ စည်းရုံး၍ အလုပ် ဖြစ်သည် ဆိုသည်ကို ကောင်းစွာ သဘောပေါက်နေကြဟန် ရှိသည်။

 

ထိုရည်ရွယ်ချက်၏ တစိတ်တပိုင်း အဖြစ် ကဆုန်လပြည့် နေ့ အထိမ်းအမှတ် အဖြစ် မန္တလေးတွင် သံဃာ တသောင်းခန့်အား ဆွမ်းဆန်စိမ်း လောင်းလှုပွဲကို အကြီးအကျယ် ပြုလုပ်ခဲ့ကြသည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် လူပေါင်း ၁,၈၀၀ ခန့်အား လူသိရှင်ကြား သတ်ဖြတ်ထားပြီးသူများ ဖြစ်သော်လည်း အဆိုပါ ပွဲသည် ၎င်းတို့ ရည်မှန်းချက် အောင်မြင်လုနီးပါး အထိ သံဃာများ ပါဝင်လာခဲ့ကြသည်။ ထိုသို့ သံဃာများ မန္တလေး မြိုပေါ် လမ်းများ ပေါ်တွင် ဆွမ်းခံလှည့်နေကြချိန်တွင် စစ်ကိုင်းတိုင်း ရေဦးမြိုနယ်ရှိ မုံတိုင်ပင် နှင့် အင်ပင် ကျေးရွာ များတွင် သေနတ် ဒဏ်ရာများ နှင့် မီးလောင်ကျွမ်း သေဆုံးနေသည့် ရုပ် အလောင်း ၂၉ လောင်း ကို တွေ့ရှိခဲ့သည်ဟု သတင်း ထွက်‌ ပေါ် လာခဲ့သည်။ ထိုမျှသာ မကသေး သံဃာ သုံးပါးကိုပါ ထိုအရပ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

 

ဒုတိယ ကမ္ဘာစစ် အတွင်း ဖက်ဆစ် ဂျပန်များပင် မြန်မာပြည်တွင် ထိုမျှလောက် ရက်စက်ကြမ်းကြုပ်စွာ ရွာများကို မီးတင်ရှို့ခြင်းများ ကို ကျုးလွန်ခဲ့ကြခြင်း မရှိပေ၊ ရန်သူကို စစ်မြေပြင်တွင်သာ သူရဲကောင်း ပီသစွာ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသူများ ဖြစ်သည်။

 

စစ်အာဏသိမ်း အဖွဲ့ ယခုအချိန်ထိ ‌အသက်ဆက်နေနိုင်ခြင်းမှာလည်း မိမိတို့ ရပ်တည်ရာ ကို ခွဲခြားစွာ ရှူမြင် နိုင်ခြင်း ကင်းမဲ့နေပြီး ဘာတတ်နိုင်မလဲ ဆိုကာအဆင်ပြေရာ ပြေကြောင်းကို အရင် ဦးစားပေး စဉ်းစားတတ်ကြ သည့် လူများ ရှိနေသော‌ ကြောင့် ပင် ဖြစ်သည်။

 

ပြည်သူ့ကာကွယ်ရေး တပ်မတော် ကတော့ ထိုးစစ်ကြီး ဆင်နွဲရန် ပြင်ဆင်လာနေပြီ ဖြစ်ပြီး ကိုယ်ပိုင် လက်နက်စက်ရုံ မှ SR-1 ဟု အမည်ပေးထားသည့် အပေါ့စား စက်သေနတ်များကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး စစ်ကိုင်းတိုင်း အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များထံ အဓိကထား ပေးပို့သွားမည်ဟု ပြည်သူ့စစ်သား စက်လက်နက် ထုတ်လုပ်ရေး အဖွဲ့ တာဝန်ရှိသူ တဦးက ထုတ်ဖေါ်ပြောဆိုလိုက်ပြီ ဖြစ်သည်။

 

ပြည်သူ တော်လှန်ရေး မုချ အောင်ရမည်!!!

 

Image credit - Original Uploader