ဒေါ်ဇင်မာအောင် မှ ဟွန်ဆန် ၏ ပြောစကားအား ပြင်းထန်စွာ တုန့်ပြန်

by Hla Soewai - May 17 2022

အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် သည် အာဆီယံ ဥက္ကဌ ဖြစ်သူ ဟွန်ဆန် မှ မြန်မာ အာဏာသိမ်း အဖွဲ့ မကြိုက်တာ မှန်သမျှ မလုပ် ဟု ပြောလာမှုအား မိမိတို့ အနေဖြင့်ထိုစကားကြောင့် အာဆီယံ ‌ဥက္ကဌ ရာထူး ယူထားသည့် နိုင်ငံ၏ ရပ်တည်ချက်ကို မေးခွန်းထုတ်ဖို့ လိုလာပြီ ဖြစ်သည်ဟု တုန့်ပြန်လိုက်သည်။

 

အာဆီယံ ၏ မူ ငါးချက် ဆိုသည်မှာ ပြဿနာ ဖြေရှင်းရေး ကို အခြေခံကာ အများ သဘောတူ ထားသည့် အချက်များ ဖြစ်၍ ထိုအတိုင်းသာ လိုက်နာရန် ရှိနေသော်လည်း စစ်ခေါင်းဆောင်များ မကြိုက်တာ မလုပ် ဆိုသည် မှာ ဘက်လိုက်နေခြင်း သက်သက် သာ ဖြစ်ကြောင်း RFA အင်တာဗျူးတွင် ပြောသွားခဲ့ခြင်း ဖြစ်သည်။

 

မြန်မာ အရေးကို စိတ်ဝင်စားသော ကုလ နှင့် အနောက် နိုင်ငံများက အမေရိကန်တွင် ဟွန်ဆန် ပြောဆိုသွားမှုများကို အလေးအနက် သုံးသပ်ရန် လိုအပ်လာပြီ ဖြစ်သည်၊ ပါးစပ်မှ အာဆီယံ မူ ငါးချက် ထောက်ခံပါသည် ဟု အခွင့်သင့်လျင် သင့်သလို ပြောနေရမည့် အချိန်မဟုတ်တော့။ ဥက္ကဌ ကိုယ်တိုင် ဘက်လိုက်နေသည်က စကားက သက်သေခံလာနေပြီ ဖြစ်၍ ၎င်းတို့ ၏ မူ ငါးချက် ဆိုသည်ကလည်း အပြောသာ ရှိတော့သည့် အဖြစ် ထင်ထင်ရှားရှား ဖြစ်လာနေသည်။

 

မြန်မာ ပြည်သူများကတော့ ၎င်းတို့ စပြောလာသည့် ၂၀၂၁ ‌ဧပြီလ ကတည်းက နဲနဲမျှပင် အယုံအကြည် မရှိ၍ မည်သို့မျှ မနေသော်လည်း ထိုအချက်များကို ပါးစပ်က မချတန်း ပြောနေသူများသာ သုံးသပ်ဖို့ လိုအပ်လာနေပြီ ဖြစ်သည်။

 

မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာသည် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် ဝါရှင်တန် တွင် တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအား သူ၏ တွစ်တာ တွင် ဓါတ်ပုံ နှင့်တကွ ဖေါ်ပြထားပြီး နိုင်ငံတကာ သတင်းမီဒီယာ များတွင်လည်း ပါရှိလာခဲ့သည်။

 

တရားမဝင် စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး ဆိုသူ ဝဏ္ဏမောင်လွင် သည် တနှစ်ကျော်လာသော်လည်း တရုတ်ပြည်မှ လွဲ၍ မည်သည့် နိုင်ငံကမှ ဆေး‌ဖေါ်ကြောဖက် မလုပ်၊ တွစ်တာ တွင်လည်း ရေးခွင့်မရှိ၍ ကန့်ကွက်စာများကို သာ တစောင်ပြီး တစောင် ရေးသားထုတ်ပြန်နေရသည်။

 

မင်းအောင်လှိုင်သည် အမှားများကို ဆက်တိုက် ကျူးလွန်နေသော်လည်း မှားသည်ကို ဝန်ခံ၍ မဖြစ်သဖြင့် အမှားကို အမှန်လုပ်ကာ အာရုံလွှဲသည့် အနေဖြင့် ဖိနှိပ် သတ်ဖြတ်မှုများကို တိုး၍ လုပ်လာနေပြီ ဖြစ်သည်။ စိတ်ဓါတ်ကလည်း ပုံမှန် အနေအထား မရှိတော့၍လည်း တတိုင်းပြည်လုံးကို ရန်သူသဖွယ် ဆက်ဆံပြီး ၎င်း အနိုင်‌ရရေး အတွက် အတင်းကာရော ကြိုးပမ်းနေခြင်းသာ ဖြစ်သည်။ ဤသည်ကိုလည်း လုပ်သင့်လုပ်ထိုက်မှု အဖြစ် ယခုတိုင် ရှုမြင်နေဆဲ ဖြစ်သည်။

 

ပြောသည့် စကားတိုင်းကလည်း လူထုကို သူ့ဖက် ပါအောင် ဆွဲဆောင်နိုင်ဖို့ နေနေသာသာ ဝေးသည်ထက် ဝေး၊ ရွံရှာသည်ထက် ရွံရှာအောင် တွန်းပို့သလို ဖြစ်နေသည်။

 

ထိုသို့သော အမှားမျိုးကို မကောင်းဆိုးဝါး ဝင်ပူးမှ ကျုးလွန်‌ လေ့ ရှိတတ်စမြဲ ဖြစ်သည်ဟု ယူဆထားသည့် အစဉ်အလာ ရှိနေသည်၊ လက်ရှိ စစ်တပ်၏ အမှားများကို ဖုံးကွယ်ရန် အတိတ်က နိုင်ငံတော်ကို မည်သို့ အကာအကွယ်ပေးခဲ့ဖူးသည် ဆိုသည်များကိုသာ ခိုင်းနှိုင်း ပြောဆိုနေရသည်။

 

သူတဦးတည်း၏ အမှားကြောင့် တတိုင်းပြည်လုံး သွေးချောင်းစီးခဲ့ရပြီး လူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ကြရသည်။ သိန်းချီသော လူများလည်း နာဂစ် မုန်တိုင်းကြီး အတိုက်ခံရသည့် အလား အိုးပစ်အိမ်ပစ် ထွက်ပြေး ပုန်းအောင်းနေကြရပြီ ဖြစ်သည်၊ တိုင်းပြည် စီးပွားရေးသည်လည်း ကျဆင်းသည်ထက် ကျဆင်းလာနေပြီ ဖြစ်သည်။

ထိုအဖြစ်အပျက် များ ဆက်တိုက်ဆိုသလို ဖြစ်လာနေသည် နှင့် အမျှ ၎င်း၏ "မဲခိုး၍" အာဏာ သိမ်းရပါသည် ဆိုသော အကြောင်းပြချက် သည် လုပ်သင့်လုပ်ထိုက် ပါပေသည် ဟု မည်သူကမျှ လက်ခံကြတော့မည် မဟုတ်သည့်အပြင် ၎င်းအား ထောက်ခံနေသူများကပင် တွန့်ဆုပ်လာကြတော့မည် ဖြစ်သည်၊ ထို အတွက် မင်းအောင်လှိုင်သည် သူ့လုပ်ရပ်က အကျိုး အနည်းငယ်လောက် ဖြစ်ထွန်းခဲ့သည်ကို ပြနိုင်ရန် ဆက်၍ အနိုင်ရရန် လုံးပမ်းမှ ဖြစ်ပေတော့မည်။ လက်ရှိတွင် သူ့အနေအထားသည် ကောင်းကျိုး နှင့် ဆိုးကျိုးကို မချင့်ခြိမ် တတ်ပဲ တိုင်းပြည်ကို ဖျက်ဆီးပစ်ခဲ့သည့် ခေါင်းဆောင် ဆိုး တဦး အဖြစ်သာ မှတ်ယူခြင်း ခံ နေရသည်။ သမိုင်းတလျောက် ဂဠုန်ဦးစော နှင့် နင်လားငါလား အမည်တွင် ကျန်ရစ်တော့မည်က ကြိမ်းသေနေပေပြီ။

 

ကမ္ဘာ မီဒီယာများ၊ ပညာရှင်များ၊ ကုလသမဂ္ဂ တို့မှလည်း ကမ္ဘောဒီယား ၏ ခမာနီ ခေါင်းဆောင် ပိုပေါ့ နှင့် တတန်းစားတည်း ထားကာ ခိုင်းနှိုင်း ပြောဆိုကြပေတော့မည်။ ရက်စက်ကြမ်းကြုပ်ရာတွင် နာမည်ကြီးသော်လည်း တိုင်းပြည်စီးပွားရေး၊ နိုင်ငံသားများ၏ လူနေမှု အဆင့်အတန်းကို မြှင့်တင် ပေးနိုင်ခဲ့သည့် ဆက်ဒမ်ဟူစိန်၊ ကဒါဖီတို့နှင့်ပင် တတန်းစားတည်း ထားကြလိမ့်မည် မဟုတ်။

 

ထိုသို့သော လူမျိုး အား ပို‌ပေါ့ ၏ တပ်မှုးကြီး တဦး အဖြစ် ၇ နှစ် နီးပါးမျှ သစ္စာရှိစွာ အမှုထမ်းခဲ့သော ဟွန်ဆန်မှ လွဲ၍ ကျန် လူများက တတ်နိုင်သမျှ ခပ်ကင်းကင်း နေလိုကြသည်မှာလည်း သဘာဝ ကျပေသည်။ ဟွန်ဆန်သည် ဗီယက်နမ် တို့ တင်မြှောက်ခဲ့သည့် ရုပ်သေး အစိုးရ အဖွဲ့တွင်ပင် နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ကျိုးနွံစွာ အမှုတော် ထမ်းရွက်ခဲ့ဖူးသူလည်း ဖြစ်သည်။

 

သမိုင်းတွင် နာမည်ဆိုးဖြင့် ကျန်ရစ်တော့မည့် မင်းအောင်လှိုင်လို လူမျိုးအတွက် မိမိတို့၏ ရခဲလှသော လူဘဝ အသက်တချောင်း အပြင် မိသားစုကိုပါ ခွဲခွာ စွန့်လွှတ်ရန် ဝန်မလေးကြသူများ ရှိနေ‌သည်ကိုလည်း အံ့ဩမိရပြန်ပေသည်။

 

၎င်းအဖို့ကတော့ အထက်တွင် ပြောခဲ့သည့် အတိုင်း မဆိုသလောက် အောင်ပွဲ ခံနိုင်ပြီဟု ပြော၍ မရမချင်း ဆက်လက်ကျုးလွန်မြဲ ကျုးလွန် နေဦးမည်သာဖြစ်သည်၊ ထို့အတွက်လည်း တိုင်းရင်းသား လက်နက်ကိုင်များကို ဖိတ်ခေါ်၍ ဖက်ဒရယ် မက်လုံး ပေး ဈေးခေါ်လာခြင်းလည်း ဖြစ်‌ပေသည်။

 

နိုင်ငံရေး နည်းလမ်းအရ အလွယ်တကူ သွေးခွဲရန် ကြိုးစားခြင်း ဖြစ်သော်လည်း စစ်ရေး ဖက်တွင်မူ ၎င်းအဖို့ ရှင်းမနိုင်သည့် အရှုပ်ထုတ်ကြီး တခု ဖြစ်လာမည့် အကျိုးဆက်ကိုမူ ကြိုတင် တွက်ဆမိခြင်း ရှိဟန် မတူပေ။

 

(၂၀၁၃ ခုနှစ် နေပြည်တော်တွင် အရှေ့အာရှ ကမ္ဘာစီးပွားရေး ဖိုရမ် ကျင်းပနေစဉ်အတွင်း ဘီဘီစီ၏ World Debate သို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ဇင်မာအောင် အား အတူ တွဲ၍ တွေ့ရစဉ်)

 

ပြည်သူ့ တော်လှန်ရေး မုချ အောင်ရမည်!!!