ယူကရိန်း စစ်ပွဲကြောင့် ဘူမိနိုင်ငံရေး အနေအထားသည် အနောက်မှ အရှေ့သို့ တက်သုတ်ရိုက် ရွေ့လျားလာဖွယ်ရှိ

by Hla Soewai - May 18 2022

မိမိရန်သူ၏ ရန်သူမှာ မိမိ မိတ်ဆွေ ဆိုသော စကား မှန်သည် ဆိုလျှင် မိမိ မိတ်‌ဆွေ၏ ရန်သူ ကိုကော မိမိ ရန်သူ အဖြစ် သဘောထားရမည်လော၊ ထိုသို့ မဖြစ်မနေ သဘောထားဖို့ကတော့ မလိုအပ်ပေ။ 

 

လက်ရှိ ဖြစ်ပေါ်နေသော ရုရှား-ယူကရိန်း စစ်ပွဲ အပေါ် တရုတ် တို့က ထိုသို့ ယူဆနေကြသည်လော။

 

ရုရှားသည် တရုတ်၏ မဟာဗျူဟာ မြောက် အရေးပါသည့် ပါတနာဖြစ်နေသော်လည်း တဖက်တွင် တရုတ်သည် ယူကရိန်း၏ အကြီးမားဆုံးသော ကုန်သွယ်ဖက် နိုင်ငံ ဖြစ်နေပြန်သည်။ ထို့အတွက် ဘီဂျင်းသည် ၎င်း၏ မိတ်ဆွေ နှစ်နိုင်ငံ အကြား သမာသမတ် ကျကျ ရပ်တည်နိုင်အောင် အတင်း မရမက ကုတ်ကတ် ကြိုးပမ်းနေခြင်းပင် ဖြစ်သည်။

 

နေတိုးအား တိုးချဲ့ ဖွဲ့စည်းလာမှုအတွက် ရုရှား၏ စိုးရိမ်ကြောင့်ကြ ဖြစ်လာနေမှုသည် ဖြစ်သင့် ဖြစ်ထိုက် ပေသည်ဟု ထုတ်ဖေါ်ပြောဆိုလာသော်လည်း တဖက်တွင် နိုင်ငံအားလုံး ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေ တည်တံ့ ပိုင်ခွင့်ကို လေးစားရမည်ဟု ပြောလာပြန်သည်။

 

ထိုသို့ အသေအချာ တွက်ချက်ပြီး ကြားနေလာမှုကို နှစ်ဖက်စလုံးက မလိုလားကြသော်လည်း လက်ခံ နိုင်ဖွယ် ရှိသည်ဟု ယူဆခဲ့ကြသည်။ 

 

အကယ်၍ တရုတ်သည် ရုရှား၏ လုပ်ရပ်အား အနောက်အုပ်စု နှင့် အတူ ရှုတ်ချမည်ဆိုက ဝါရှင်တန် နှင့် ဥရောပ မြို့ကြီးများတွင် လက်ခုပ်သံ တဖျောင်းဖျောင်း ထွက်ပေါ်လာမည်မှာ ကြိမ်းသေလှသော် လည်း ရုရှားသည် တရုတ်အား ပါတနာ နိုင်ငံ အဖြစ် မှ လက်တွဲ ဖြုတ်လိုက်ပေတော့မည်။ ကိစ္စဝိစ္စများ ပြီးဆုံးသွားသည့် အခါ အမေရိကန်သည် ယခင်ကလို တရုတ်ဖက် လှည့်လာပြန်ပေဦးမည်။ တရုတ် သည်  "အမေရိကန် နှင့် ပွန်းပွန်းတိုက်တိုက် ယှဉ်ပြိုင်လာနေသည်" ဟု ဘိုင်ဒင် အစိုးရ သတ်မှတ် ထားသော မူဝါဒသည် စစ်ပွဲ ဆင်နွှဲရန် လက်တလုံးသာ လိုတော့သည့် အနေအထားမျိုးပင် ဖြစ်သည်။

 

လက်ရှိ ယူကရိန်း စစ်ပွဲကြောင့် ဥရောပ ရှိ ခါးပတ်လမ်း စီမံကိန်းများ အပါအဝင် တရုတ်၏ အကျိုး စီးပွားအား  ပြင်းပြင်းထန်ထန် ထိုးနှက်ခံလိုက်ရပြီ ဖြစ်သည်။ သို့သော် အနောက်အုပ်စုသည် ဆိုဗီယက် ယူနီယံ ပြိုလဲသွားချိန်မှ စ၍ နေတိုး စစ်မဟာမိတ် အဖွဲ့ကို အရှေ့ အရပ်သို့ ဦးတည်ကာ မရပ်မနား တိုးချဲ့လာနေသည် ဆိုသော မော်စကို၏ အပြောကို တရုတ်တို့ က သဘောပေါက်ကြောင်း ပြောဆို  နေဆဲ ဖြစ်သည်။ မီခေး ဂေါ်ဘာချော့ အပါအဝင် ရုရှား ခေါင်းဆောင် အဆက်ဆက်သည် ထိုသို့ မလုပ်ရန် အထပ်ထပ် ပြောဆို သတိပေးခဲ့ပြီးလည်း ဖြစ်သည်။

 

မိမိတို့၏ ညီအကိုတော် အဖြစ် သဘောထားသော ယူကရိန်း အား မိမိတို့ အိမ်မှ ဆင်းကာ တစိမ်းနှင့် သွားပေါင်းမည့်  အရေးကို ခွင့်ပြု၍ မဖြစ်ဟု ခံယူထားကြသည်။ ပူတင်သည် နေတိုးအား ဖရန်ကင် စတိန်း၏ မကောင်းဆိုးဝါး အဖြစ် သဘောထားကာ သုတ်သင် နိုင်မှ ဖြစ်မည်ဟု ယူဆနေဟန် ရှိသည်။

 

ဥရောပ ၏ အနာဂတ်ကို မှန်းဆကြည့်ဖို့က မခက်ခဲလှပေ။ ပူတင်သည် ယူကရိန်း အပေါ် ဆင်နွှဲလာ သော အလုံးစုံ ထိုးစစ်ကြီးက အရေးနိမ့်သွား ခဲ့ရပေပြီ။ ထိုသို့ ငြင်းမရသော အကြောင်းတခုတည်း နှင့်ပင် သူ့အဖို့ အောင်ပွဲ လေး မဆိုသလောက် ရသည် အထိ ဆက်တိုက်သွားတော့မည်သာ ဖြစ်သည်။

 

ဤကဲ့သို့ ပြောနိုင်ရန်ကား ယူကရိန်းဖက်မှ ကရိုင်းမီးယား ကို ရုရှား၏ တစိတ်တပိုင်း အဖြစ် တရားဝင် လက်ခံပေးရမည်၊ နေတိုး အဖွဲ့ထဲ မဝင်ပါဟု ကတိပေးရမည်၊ ဒွန်တက်စ် နှင့် လူဟန့်စ် ဒေသများအား လည်း သမ္မတနိုင်ငံများ အဖြစ် လက်ခံရမည် အစရှိသည်တို့ကို လိုက်လျောလာမှသာ ဖြစ်နိုင်ပေသည်။ ရုရှားတို့ အဆိုပါ ‌ဒေသများကို သိမ်းပိုက်ပြီးနောက် ဆက်လက် ထိန်းချုပ် နိုင်ခြင်း ရှိ မရှိဆိုသည်က လည်း ပူတင်အတွက် စိန်ခေါ်မှုကြီး ဖြစ်လာပေဦးမည်။

 

စစ်ပွဲသည် မရှောင်လွှဲနိုင်တော့ဟု မဆိုနိုင်သော်လည်း ရှည်ကြာလာဖွယ် ရှိနေသည်။ အခြေအနေက ၁၉၈၀ ကျော် နှစ်များအတွင်း အာဖဂန်နစ္စတန် တွင် ရုရှားတို့ ကြုံခဲ့ရသည်များနှင့် ခပ်ဆင်ဆင် ဖြစ်လာ နေသည်။ မူဂျာဟီဒင်များထံ အမေရိကန် ဦးဆောင်သော မဟာမိတ်များက လက်နက်များ တရစပ် ပို့ပေးနိုင်ခဲ့၍ ဆိုဗီယက် တပ်များ ခေါင်းမဖေါ်နိုင်အောင် ဖြစ်ခဲ့ရကာ တဖြေးဖြေး စစ်ပန်းပြီး အင်အား ချည့်နဲ့ လာခဲ့ရသည်။

 

လက်ရှိ တွင် ယူကရိန်း စစ်ပွဲကြောင့် နေတိုး အဖွဲ့ကြီး ပြန်လည် နိုးထရှင်သန် လာခဲ့ရလေသည်။ ပြီးခဲ့သည့် ဖေဖေါ်ဝါရီ လ အတွင်းက ဂျာမဏီ၏ အဓိပတိ ဖြစ်သူ အိုလက်ဖ် ရှိုးလ် မှ နိုင်ငံ ကာကွယ် ရေးအတွက် ဒေါ်လာ ၁၀၅ ဘီလီယံ ကို အထူးရံပုံငွေ အဖြစ် သီးသန့် ဖယ်ထားမည် ဖြစ်သည့် အပြင် နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ်အားလည်း ဂျီဒီပီ၏ နှစ် ရာနှုန်း သုံးစွဲသွားမည်ဟု ပြောလာခဲ့ပြီလည်း ဖြစ်သည်။ ဤသည်မှာ ယခင်က ငြင်းဆန်နေ‌ခဲ့သော နေတိုး အဖွဲ့ ၏ မူ ကို လိုက်နာတော့မည် သဘော ပင် ဖြစ်သည်။

 

နေတိုး မဟာမိတ် အဖွဲ့သည် ရှေ့လျှောက် အင်အား ကောင်းလာဖို့သာ ရှိပြီး ဥရောပ၏ မဟာဗျူဟာ မြောက် ကိုယ်ပိုင် လွတ်လပ်စွာ လှုပ်ရှားပိုင်ခွင့် ဆိုသည့် အိုင်ဒီယာ ကိုလည်း အားဖြည့်ပေး လာခဲ့သည်။

 

အမြီးအမောက် မတည့်ဟု ပြောရမည်ကား နေတိုး အဖွဲ့ အင်အား ကောင်းလာလေ ဥရောပသည် လုံခြုံမှု မရှိလေ ဖြစ်လာရခြင်းပင်။ ယခုအခါ ဖင်လန်သည် နေတိုး အဖွဲ့ကြီးသို့ ဝင်ရောက်ရန် တာစူ လာနေပြီ ဖြစ်၍ နေတိုးတပ်များသည် စိန့်ပီတာစဘတ်မှ ခဲတပစ်စာ အကွာအဝေးသို့ ရောက်လာကြ ပေတော့မည်။ ကရင်မလင် က ဘော်လ်တစ် နိုင်ငံများ နျူကလီးယားမဲ့ ဒေသ အဖြစ် ရပ်တည်နေမှု အဆုံးသတ် သွားပေတော့မည်ဟု သတိပေးလာခဲ့သည်။

 

ဤသည်မှာ ခြိမ်းခြောက်ရုံ သက်သက်လား ဆိုသည်ကို မည်သူမျှ တပ်အပ်သေချာ မပြောနိုင်ပေ။ နေတိုးဖက် က ရုရှားမှ နျူကလီးယား လက်နက်ဖြင့် စတင် အတိုက်ခိုက်ခံရမည့် အရေးကို လွန်စွာ စိုးရိမ်မကင်း ဖြစ်နေကြပါလျှက် အဘယ်ကြောင့် ပူတင်ကို ရန်စ ချင်နေကြပေသနည်း။ ဥရောပ လုံခြုံရေးသည် ယခင်ကာလများကဲ့သို့ပင် ရုရှား၏ ပူးပေါင်းဆောင်ရွက်ခြင်း ရှိမှသာလျှင် တည်မြဲ နိူင်မည် ဖြစ်သည်။

 

ပြီးခဲ့သည့် လများ အတွင်းက ရုရှား နှင့် တရုတ်တို့ စစ်ရေး မဟာမိတ်ဖွဲ့လာနိုင်သည် ဆိုသော ခန့်မှန်း ချက်များ ထွက်ပေါ်လာခဲ့ပြန်သည်။ သို့သော် မော်စကို နှင့် ဘီဂျင်းတို့ ပြန်လည် ပေါင်းထုတ်လာမှုသည် မဟာမိတ် အဆင့်အထိ ရောက်မလာခဲ့သည်ကို ယူကရိန်း စစ်ပွဲက မရည်ရွယ်ဘဲ သက်သေပြ လိုက် သလို ဖြစ်သွားခဲ့ရသည်။

 

တရုတ်သည် ရုရှားကို စစ်ရေး အကူအညီ ပေးခဲ့ခြင်းမျိုး မရှိ၊ ထိုအစား ယူကရိန်းအား လူသားချင်း စာနာထောက်ထားသော အကူအညီများ ဖြစ်သည့် အစားအစာ နှင့် မွေယာလိပ်များ အပြင် ငွေ‌ကြေး ထောက်ပံ့ပေးခြင်းကို နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့သည်။ ဆက်လက်၍လည်း "အပြုသဘော ဆောင်သည့် အခန်းကဏ္ဍ" မှ ပါဝင်သွားမည်ဟု ကတိပြုခဲ့သည်။

 

တရုတ် နှင့် ရုရှားတို့ မဟာမိတ် ဖွဲ့မလာခြင်းသည်လည်း တနိုင်ငံ နှင့် တနိုင်ငံ လိုတိုးပိုလျော့ဖြင့် စိတ်အေးလက်အေး ဆက်ဆံနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ တရုတ် နှင့် ရုရှားသည် ကမ္ဘာကြီးအား ရှုမြင်ပုံခြင်း မတူ ကြ၍ မဟာမိတ် ဖွဲ့စည်းခြင်းထက် multipolar ခေါ် မိမိတို့ အင်အားကို ညီတူမျှတူ ဖြန့်ချထားနိုင်ရေးကိုသာ လိုလားကြသည်။

 

ပူတင်သည် ဆိုဗီယက် အင်ပိုင်ယာကြီး ထူထောင်နိုင်ခဲ့သည့် ကာလများကို တမ်းတနေပြီး ထိုအင်ပိုင် ယာကြီး ပြိုကွဲသွားရခြင်းမှာ လက်ရှိ နိုင်ငံတကာ အခင်းအကျင်းများကို ထိန်းချုပ်‌ထားသည့် စနစ် ကြောင့် ဖြစ်သည်ဟု ယူဆထားသူ ဖြစ်နေပြန်သည်။ သို့သော် တရုတ်သည် ဒုတိယ ကမ္ဘာစစ်ကြီး နောက်ပိုင်းတွင် အနောက်အုပ်စုမှ ဦးဆောင် ပြဋ္ဌာန်းလာခဲ့သည့် ကမ္ဘာကုန်သွယ်ရေး နှင့် ဘဏ္ဍာရေး စနစ် စည်းမျဉ်းစည်းကမ်းများမှ အကျိုးအမြတ် များစွာ ရလာခဲ့သော နိုင်ငံ ဖြစ်‌‌ နေသည်။ ထိုစနစ်ကြီး ဆက်လက် တည်တံ့အောင် ကာကွယ်သွားနိုင်မှသာ များပြားလှသော တရုတ် အကျိုးစီးပွားများကို စောင့်ရှောက်ရာလည်း ရောက်ပေမည်။

 

ထို့အတွက်ကြောင့် ဝါဒရေးရာ သဘောကွဲလွဲမှုများ နှင့် တခါတရံ တင်းမာမှုများ ရှိလာခဲ့သော် ငြားလည်း အနောက်အုပ်စု နှင့် စီးပွား ရေးအရ တက်ကြွစွာ ဆက်ဆံနေမှု ကို အနည်းဆုံး ဆက်လက် ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။ အနောက်အုပ်စုကလည်း အလားတူ ပင် စီးပွားရေး ဆက်ဆံနေမှုကို ဖြတ်တောက်ပြစ်လိုစိတ် မရှိပေ။

 

အမေရိကန်သည် အင်ဒို-ပစိဖိတ် နှင့် ဥရောပ ရှိ စစ်ပွဲကြီးကို တပြိုင်နက်တည်း မည်သို့မည်ပုံ အာရုံ စိုက်သွားမည် ဆိုသည်က ဆက်လက် စောင့်ကြည့်ရမည်သာ ဖြစ်သည်။ ဂျိုး ဘိုင်ဒင်သည် သူ၏ ရုရှား မူဝါဒ ကို "တည်ငြိမ်ပြီး ခန့်မှန်းလို့ရသည့် အနေအထား' အထိ ရောက်အောင် အရင်ဆုံး ခြေကုပ် ယူထား လိုသည်။ သို့မှသာ အင်ဒို-ပစိဖိတ် အတွက် မဟာဗျူဟာ အပေါ် အာရုံစိုက်နိုင်မည် ဖြစ်သည်။

 

ယူကရိန်းစစ်ပွဲသည် အမေရိကန် အား အလုပ်ရှုပ်စေပြီး ရှိသည့် အရင်းအမြစ်များကို လည်း ဖဲ့ထုတ် ယူငင်နေပြီ ဆိုသည်ကား သံသယ ဖြစ်စရာ မလိုအောင် ထင်ရှားလာနေသည်။ တဖြေးဖြေး နှင့် မစ္စတာ ဘိုင်ဒင်၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာ ကို အခွံချည်း သက်သက် ကျန်အောင် ဖြစ်လာပေလိမ့်မည်။ အင်ဒို-ပစိဖိတ် ဒေသ အတွက် မဟာဗျူဟာသည် ရည်မှန်းချက် များစွာ ထားရှိခဲ့သော်လည်း အကောင် အထည် ‌ဖေါ်စရာ ပစ္စည်းပစ္စယာ အနည်းငယ်သာ ရှိနိုင်သဖြင့် ‌လိုလိုလားလား ထောက်ခံသူ လျော့ပါး လာပေလိမ့်မည်။

 

မစ္စတာ ဘိုင်ဒင် အနေနှင့် ယူကရိန်း ပြဿနာအပေါ် သူ့အတွက် အချိန်မည်မျှ ကြာကြာ အလုပ်ရှုပ် ခံပေမည်နည်းဟု မေးစရာ ရှိလာသည်။ တရုတ်သည် အင်ဒို-ပစိဖိတ် ဒေသရှိ နိုင်ငံ အများစု၏ အဓိက  ကုန်သွယ်ဖက်နိုင်ငံ အဖြစ်ရပ်တည်နေသဖြင့် မည်သည့် နိုင်ငံကမျှ ထိုအနေအထားကို အမေရိကန် အတွက် အနစ်နာခံ စွန့်လွှတ်လိုကြမည် မဟုတ်ပေ။

 

ရုရှား-ယူကရိန်း စစ်ပွဲသည် လက်ရှိ ကမ္ဘာစနစ်ကြီးအား မှောက်လှန်ပြစ်မည့် အလှည့်အပြောင်းကြီး ဖြစ်လာနိုင်သလော၊ အတည်မပြုနိုင်သော ကောလာဟလ တခု ရှိခဲ့ဖူးသည်။ တရုတ် ဝန်ကြီးချုပ် ချုအင်လိုင်းအား ၁၇၈၉ ပြင်သစ် တော်လှန်ရေးကြီး အပေါ် မည်သို့ ရှုမြင်ပါသလဲ ဆိုသော အမေးကို သူက ပြောရန် စောလွန်းနေသေးသည်ဟု ဖြေဆိုခဲ့ဖူးသည် ဆိုသော စကားပင် ဖြစ်သည်။ 

 

သို့သော် ယူကရိန်း စစ်ပွဲကြောင့် ဘူမိနိုင်ငံရေး နှင့် စီးပွားရေး အရွေ့သည် အနောက်မှ အရှေ့သို့ ဦးတည် လာနေသည် ဆိုသည်ကို ပြောရန် စောလွန်းသေးသည်ဟု ဆို၍ မရတော့ပေ။ တရုတ်၏ အလယ်ဗဟို တွင် ရပ်တည်နေမှုက အားလုံး နှင့် ပို၍ သက်ဆိုင်လာနေပြီး တည်ငြိမ်ရေး အတွက် ဒေါက်တိုင်ကြီး အဖြစ် အခိုင်အမာ ရပ်တည်သွားသင့်လှသည်။

 

(၂၀၂၂ ၊ မေလ ၁၄ ရက်နေ့ထုတ် အီကောနောမစ် မဂ္ဂဇင်းကြီး၏ ဖိတ်ခေါ် ကဏ္ဍအတွက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ အငြိမ်းစား ဗိုလ်မှူးကြီး၊ ဘီဂျင်းရှိ ‌ဆင်ဂွါ တက္ကသိုလ် နိုင်ငံတကာ လုံခြုံရေး နှင့် မဟာဗျူဟာ လေ့လာရေး ဌာန၏ အကြီးတန်း သုတေသီ ချုဘို ရေးသားသော "War in Ukraine will accelerate the geopolitical shift from West to East " ဆောင်းပါးကို ပြန်ဆိုသည်။)