NUG မှ အနောက်နိုင်ငံများထံ လက်နက် တောင်းပြီ

by Hla Soewai - May 18 2022

အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဦး‌ရည်မွန် မှ ရုရှား ကျူးကျော်မှုကို ခုခံ တွန်းလှန်နေသော ယူကရိန်း တပ်များကဲ့သို့ မိမိတို့၏ ပြည်သူကာကွယ်ရေး တပ်မတော်အားလည်း နိုင်ငံတကာ မှ လက်နက်များ ထောက်ပံ့‌ ပေးပါရန် တောင်းဆိုလိုက်ပြီ ဖြစ်သည်။

ယူကရိန်း ပြည်သူများကဲ့သို့ မြန်မာတို့သည်လည်း မိမိတို့၏ လွတ်လပ်ခွင့် နှင့် အသက်အိုးအိမ်အား ကာကွယ် နိုင်ရေး အတွက် တိုက်ပွဲဝင်နေကြခြင်း ဖြစ်၍ လက်နက်အင်အား အပြည့်အစုံရှိနေသည့် အကြမ်းဖက် စစ်တပ်အား ရင်ဆိုင်ဖို့ နိုင်ငံတကာ မှ ၎င်းတို့အား လောလောဆယ် တညီတညွတ်တည်း ဆန့်ကျင်နေယုံဖြင့် မလုံလောက်တော့ဟု ‌ဆိုသည်။

စိတ်ဓါတ်ရေးရာ အားပေးနေမှုကို ကျေးဇူးတင်သော်လည်း ယခုအခါ လက်နက် နှင့် ရံပုံငွေများ တောင့်တင်းအောင် ထောက်ပံ့ဖို့ လိုအပ်လာပြီ ဟု ရိုက်တာ သတင်းဌာနအား ပြောပြခဲ့ကြောင်း သိရသည်။

သို့မှသာ တော်လှန်ရေးကြီး အမြန်ဆုံး အဆုံးသတ်နိုင်မည် သာမက ပြည်သူတို့ ၏အသက်အိုးအိမ်ဆုံးရှုံးလာနေမှု များ နည်းသည်ထက် နည်းအောင် အလျင် အမြန် ကာကွယ်ပေးရာလည်း ကျမည် ဖြစ်သည်ဟု ဆိုသည်။

စစ်တပ်မှ အာဏာသိမ်းယူပြီးချိန်က စပြီး လူပေါင်း ၅၆၀,၀၀၀ ခန့် အိုးအိမ်များ စွန့်ခွာ ‌ထွက်ပြေး ပုန်းရှောင် နေကြရသည်ဟူသော ကုလသမဂ္ဂ က စာရင်း ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။

ဦးရည်မွန်၏ တောင်းဆိုချက်ကို လောလောဆယ်တွင် ရန်ကုန် ရှိ အမေရိကန် နှင့် အနောက်နိုင်ငံ သံရုံးများမှ တုန့်ပြန်မှု မရှိသေးဟု ရိုက်တာ သတင်းတွင် ဖေါ်ပြထားသည်။

ရိုက်တာ သတင်းက ဆက်လက် ဖေါ်ပြရာတွင် ဝါရှင်တန် တွင် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး၊ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး တို့နှင့် တွေ့ဆုံအပြီး ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်ဟု စောင်းပါးရိပ်ခြေ ပါရှိလာခဲ့သည်။

စစ်တပ်သည် ရှူံးမဲ မဲလာနေပြီး ဂျက်တိုက်လေယာဉ် များပါ အသုံးပြုပြီး တိုက်ခိုက်လာနေသည့် အတွက် သာမန် ဖြစ်ရိုးဖြစ်စဉ် ပြည်တွင်းစစ် အနေအထားမျိုး မဟုတ်တော့ပဲ စစ်ရေး အရှိန် မြင့်တက်လာနေပြီး ပြည်သူများ အသေအပျောက် နှင့် အပျက်အစီးများ များပြားလာနေပြီ ဖြစ်သည်။

ယခုအခါ အမေရိကန် သည် ထိုင်းဖက်မှ လူသားချင်းစာနာထောက်ထားသည့် အကူအညီများ အတွက် လုံခြုံစိတ်ချရသော စင်္ကြန်လမ်းတခု တည်ဆောက်နိုင်ရန် ထိုင်း အာဏာပိုင်များ နှင့် ဆွေးနွေးလျက် ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်၊ ဆိုလိုသည်က ထိုင်း လေကြောင်းပိုင်နက် ကို လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးနိင်ရန် အမေရိကန် လေယာဉ်များ အသုံးပြုခွင့် ရရေးပင် ဖြစ်သည်။

မင်းအောင်လှိုင် နှင့် အဖွဲ့သည်လည်း ခေါ်ယူထားသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ အရည်မရ အဖတ်မရ အဖွဲ့များသာ ရောက်လာဖို့ ရှိနေပြီး အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည်လည်း ပြည်သူ့ကာကွယ်ရေး တပ်များ နှင့် ပို၍ စည်းလုံးလာနေပြီ ဖြစ်သည်ကို ရိပ်စားမိလာကြသည်။ ထို့အတွက် ၎င်းတို့ ဖက်တွင် အချိန်များများစားစား မရှိတော့ပေ၊ လက်ရှိတွင် ပြည်သူ့ကာကွယ်ရေး တပ်များ အား ထိုထက် ပို၍ အလွန်အကျွံ အင်အားသုံးလာပါက နိုင်ငံတကာမှ မဖြစ်မနေ တုန့်ပြန်လာအောင် ဆွပေးသလို ဖြစ်လာနိုင်၍ အကျပ် ရိုက်နေပြီ ဖြစ်သည်။

သို့သော် ၎င်းတို့ အတွက် သေရေး ရှင်ရေး ဖြစ်လာပါက မဖြစ်မနေ အင်အားကုန် သုံးကာ အကြမ်းဖက်လာတော့မည် ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း မိမိတို့အား လက်နက်များ အမြန် ပံ့ပိုးပေးပါရန် NUG က တောင်းဆိုလာခြင်း ပင် ဖြစ်မည်။

ရခိုင် ပြည်နယ် အတွင်းတွင်လည်း စစ်ကောင်စီ ဖက်မှ အမျိုးမျိုး နှောက်ယှက်လာနေမှု ကြောင့် စစ်ရေး တင်းမာလာနေပြီး အချိန်မရွေး တိုက်ပွဲများ ပြန်လည် ဖြစ်ပေါ်လာနိုင်သည်ဟု AA မှ မေလ ၁၅ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်လာသည်။

စစ်တပ်သည် AA ဖက်မှ တုန့်ပြန်မလာမချင်း ရသလောက် ခလောက်ဆံသွားရန် ရည်ရွယ်ထားပုံရသည်။ တုန့်ပြန်လာမှသာ ဂျပန်ကြီးအား လွှတ်ပြီး အပစ်အခတ် ရပ်စဲရေး ပြန်စမည်၊ မေ့လောက်လျှင် ယခင် အတိုင်း ပြန်လုပ်ပြီး AA အား အကြောက်တရားဖြင့် လူထု ထောက်ခံမှု ကျဆင်းအောင် လုပ်ပြီး တဖြေးဖြေး အားပျော့သွားရန် ဆိုသည့် မဟာဗျုဟာ ချမှတ်ထားပုံ ရသည်။ လက်ရှိ အခြေအနေကို အစွမ်းဆုံအထိ အခွင့်ကောင်းယူသွားကြမည်သာ ဖြစ်သည်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီးသည်လည်း ကွာလာလမ်ပူ သိူ့ ပြန်ရောက်လျှင် ရောက်ခြင်း မြန်မာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အထူး သံတမန် ဆိုသည့် ဂျပန်ကြီး ဆာဆာကာဝါ နှင့် တွေ့ဆုံပြီး မြန်မာ အရေးအား ဖြေရှင်းရေးမှာ သက်ဆိုင်သူ အားလုံး ပါဝင်နိုင်ရန် အရေးပါမှု ကို အဓိကထား ‌ဆွေးနွေးခဲ့သည်ဟု မလေးရှား သတင်းဌာန Bernama က သတင်းထုတ်ပြန်ခဲ့သည်။

ထိုအထဲတွင် စစ်ဘေးရှောင် ပြည်သူများ အတွက် လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု အကူအညီ ပေးနိုင်ရေး အတွက် လုံခြုံစိတ်ချရမည့် စင်္ကြန်လမ်းတခု တည်ထောင်ရေးလည်း ပါဝင်နေသဖြင့် စစ်အစိုးရ အား နားချနိုင်ရန် ခေါ်ယူ တွေ့ဆုံခဲ့ခြင်းဟု ယူဆရပေသည်။

ယခုအခါ မြန်မာနိုင်ငံထဲ သို့ နိုင်ငံတကာမှ အကူအညီများ အမြန်ဆုံး ပေးနိုင်ရန် လွန်စွာ အရေးကြီးလာနေပြီ ဖြစ်၍ မလေးရှားမှ ဦးဆောင်ကာ တက်တက်ကြွကြွ လှုပ်ရှားလျက် ရှိနေသည်ကို တွေ့နေရသည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

ဓါတ်ပုံ - DVB