ဒေါ်ဇင်မာအောင် ၏ ဝါရှင်တန် ခရီးစဉ် အပေါ် စစ်ကောင်စီ စိုးရိမ်စပြုလာ

by Hla Soewai - May 19 2022

အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်၏ ဝါရှင်တန် ခရီးစဉ်သည် စစ်ကောင်စီ ထင်ထားသည်ထက် ပို၍ အောင်မြင်နေသဖြင့် ၎င်းတို့ အဖို့ စိုးရိမ်စ ပြုလာနေသည့် လက္ခဏာ တရပ်အဖြစ် ရန်ကုန်တွင် လုံခြုံရေး တင်းကျပ်ပြီး မြို့ပြ ‌ပြောက်ကျား တပ်ဖွဲ့များကို ပိုက်စိတ်တိုက် ရှာဖွေမှုများ ပြုလုပ်နေ သဖြင့် ရန်ကုန်သည် စစ်စခန်း တခုအလား ဖြစ်လာနေပြီဟု သတင်းများက ဆိုသည်။

 

ရန်ကုန် ရှိ သမိုင်းလမ်းဆုံတွင် စစ်ကောင်စီ ကင်းစခန်း ကို နေ့လည်ကြောင်တောင် တွင်ပင် မြို့ပြ ပြောက်ကျား တပ်ဖွဲ့က တိုက်ခိုက်လာပြီး နောက် ယခုလို လုံခြုံရေး တင်းကျပ်လာပုံရသည်။

 

စစ်ကိုင်း တိုင်း အတွင်းတွင်လည်း “နယ်မြေရှင်းလင်းရေး” ဆိုကာ စစ်ဆင်ရေးများ လုပ်လာနေသည်။

 

အကြမ်းဖက် စစ်တပ်သည် ၎င်းတို့အတွက် အချိန်များများစားစား မရှိတော့၊ အမေရိကန် မှ ပါဝင် ပတ်သက် လာမည်ကို စိုးရိမ်ကြောင့်ကြ ဖြစ်လာနေသည်။ ထို့အပြင် လက်ရှိ စစ်ကောင်စီ တပ်သားများ အကျအဆုံး များလာသည့် အတွက် တပ်တွင်းတွင် စိတ်ဓါတ်များ ကျဆင်းလာကာ ဖရိုဖရဲ ဖြစ်လာ၍ ယခုလို တိုးမြှင့် တိုက်ခိုက်လာခြင်းလည်း ဖြစ်သည်။

 

ပြည်သူ့ကာကွယ်ရေး တပ်များ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ မှ ထိုးစစ် ကြီးကြီးမားမား ဆင်နွှဲ လာမည်ဆိုလျှင် ၎င်းတို့၏ တပ်များက ကျားကုတ်ကျားခဲ ခုခံ ကြမည် လား ဆိုသည့်အပေါ် စစ်ကောင်စီအဖွဲ့ သည် သံသယ ရှိလာနေသည်။ ထိုသို့ ဖြစ်မလာအောင် လက်ဦးမှု ယူပြီး အညွန့်ချိုးထားမှ ဖြစ်မည်ဟု ဆုံးဖြတ်လာခြင်း ဖြစ်ပုံရသည်။

 

ဧရာဝတီ မှ စစ်တပ်၏ ဦးပိုင် ကုမ္ပဏီသည် အမြတ်ငွေ ခံစားခွင့်များကို စစ်မှုထမ်းများ အား ခွဲဝေ မပေးနိုင် သည်မှာ ခုနှစ်လ ခန့် ရှိလာနေပြီဟု တပ်တွင်း သတင်းများအား ကိုးကားပြီး ဖေါ်ပြခဲ့သည်။ ဧပြီလ အတွင်း နိုင်ငံခြားငွေများကို ဘဏ်တွင် အပ်နှံရမည်၊ စက်သုံးဆီများအားလည်း သတ်မှတ်ထားသည့် ဈေးနှုန်း နှင့်သာ ရောင်းချပေးရမည်ဟု အမိန့် ထုတ်ပြီးနောက် ဒေါ်လာများကို ဈေးကွက်သို့ ထုတ်ရောင်းမှု မရှိတော့။ ထိုအချိန်က စပြီး စက်သုံးဆီ တင်သွင်းမှုသည် ငါးပုံ နှစ်ပုံခန့် လျော့ကျသွားကာ ယခင်ကကဲ့သို့ လက်ကား ထုတ်ရောင်း ပေးနိုင်ခြင်း မရှိတော့ဘဲ ဆီဆိုင်များသည်လည်း ဆိုင်ဖွင့် နိုင်ရုံလောက်သာ အလုပ်ဖြစ်နေသည်ဟု ဧရာဝတီက ရေးသားလာခဲ့သည်။

 

သို့သော် စစ်တပ်ပိုင် မြန်မာ အလင်း သတင်းစာကမူ လစဉ်လို ဓါတ်ဆီ တန်ချိန် နှစ်သိန်း၊ ဒီဇယ် တန်ချိန် လေးသိန်း ကို စင်္ကာပူ မှ တင်သွင်းနေသည်ဟု ဆိုသည်။

 

စစ်တပ်သည် ဖိနှိပ် ပြလိုက်ရုံဖြင့် ငြိမ်ကျသွားမည် အထင်နှင့် ယခင် က အနေအထားများကို ကြည့်ပြီး အမြဲလို တွက်ဆခဲ့ကြသည်။ ထိုနည်း အတိုင်းလည်း ပြုကျင့် လာနေသည်မှာ အထင်အရှား ဖြစ်သည်။ သို့သော် ပိတ် ထားသော အဖုံးကို ယခုအချိန်ထိ ဖွင့် မပေးနိုင်၊ အတင်းအကျပ် ဖိထားနေရဆဲ ဖြစ်သည်။ ၎င်းတို့အား ထောက် ခံနေသည့် လက်ငါးချောင်းပင် မပြည့်သော နိုင်ငံများကလည်း နိုင်နိုး နိုင်နိုး နှင့် စောင့်ကြည့်နေကြသည်။ သူတို့အဖို့က မြင်းကို မလောင်းဘဲ ဂျော်ကီ အပေါ် ပုံလောင်းခဲ့သည့် အမှားကို ကျူးလွန်ခဲ့ကြပြီ ဖြစ်သည်။

 

ပြည်သူများကလည်း မိမိတို့ ၏ လူနေမှု အဆင့်အတန်း မြင့်မားရေး၊ လူချင်းတူတူ သူချင်းမျှမျှ နေထိုင်‌နိုင်အောင် မည်သို့မျှ လုပ်ပေးနိုင်စွမ်း ရှိမည် မဟုတ် ဆိုသည်ကို ရှင်းလင်းစွာ သိမြင်ထားကြပြီး ဖြစ်နေသည်။ မိမိတို့ အပေါ် ဖိနှိပ်လေ ပို၍ ရုန်းထွက်ရန် စိတ်အား ထက်သန်လာလေလေ ပင် ဖြစ်သည်။

 

အမေရိကန် အထက်လွှတ်တော် ၏ ရီပတ်ဘလီကင် လူနည်းစု ခေါင်းဆောင် မစ်ချ် မက်ကွန်နယ် ကိုယ်တိုင် ဒေါ်ဇင်မာအောင် အား လက်ခံ တွေ့ဆုံလာသည့် အထိ ခရီးစဉ်သည် အောင်မြင်မှုများ ရရှိလာခဲ့သည်။ အာဆီယံ-အမေရိကန် ထိပ်သီး ဆွေးနွေးပွဲ ပြုလုပ်နေစဉ် အတွင်း ဝါရှင်တန်မှ ဒေါ်ဇင်မာအောင်အား ဖိတ်ကြားခဲ့မှုသည် ထူးခြား လေး နက်သော အဓိပ္ပါယ်များ ပါရှိနေသည်။ ထို့အပြင် NUG မှ လည်း မိမိတို့အား လက်နက်များ ထောက်ပံ့ပေးရန် နိုင်ငံတကာသို့ လူသိရှင်ကြား တောင်းဆိုလာပြီ ဖြစ်သည်။ ထိုသိုတောင်းဆိုလာသည့် အတွက် NUG ကာကွယ်ရေး ဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင် ၏ မန္တလေး နေအိမ်အား ဗုံးဖြင့် တိုက်ခိုက်၍ မီးလောင် ပျက်စီးသွားခဲ့သည်ဟု သိရသည်။ ဤသည်ကပင် အကြမ်းဖက် စစ်တပ်အတွက် မည်မျှ တုန်လှုပ်ခြောက်ခြားသွားသည်ကို အတိအလင်း ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။

 

ဒေါ်ဇင်မာအောင် နှင့် လူကိုယ်တိုင် တွေ့ဆုံခဲ့သော မလေးရှား နိုင်ငံခြားရေး ဝန်ကြီးသည် အာဆီယံ၏ အချက် ငါးချက် ဖြင့် စစ်တပ်၏ ရက်စက်ကြမ်းကြုပ်သည့် လုပ်ရပ်များကို မည်သို့မျှ လျော့ပါး‌အောင် မလုပ်နိုင်မှန်း သိရှိလာ၍ အခြေအနေကို ပြောင်းလဲပြစ်နိုင်ရန် စတင်လှုပ်ရှားလာပြီ ဖြစ်သည်။

 

ထို့အတွက် မြန်မာ အရေးသည် ၎င်းတို့ လုပ်ချင်သလို ဆက်လုပ်နေ၍ မရတော့သည့်အပြင် နိုင်ငံတကာမှ အာရုံစိုက်လာမည့် အနေအထား အထိ ပြောင်းလဲ လာတော့မည် ဖြစ်သည်ကို သိလာကြသည်။

 

ယခုအခါ ဂျပန် ဥပဒေပြု အမတ် အချို့ သည် NUG ဖက်မှ ရပ်တည်လာပြီး ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ အား တရားဝင် အသိအမှတ် ပြုရန် တောင်းဆိုလာကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံစစ် မုချအောင်ရမည်!!!